အာရက္ခတိုင်းမ်စ် (၁၁ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ စက်သုံးဆီ တစ်လီတာကို နှစ်သောင်းကျပ်နီးပါးအထိ ပေါက်ဈေးရှိနေတယ်လို့ စစ်တွေဒေသခံတွေထံက သိရပါတယ်။
အစိုးရဝန်ထမ်းတွေကိုတော့ ဆိုင်ကယ်လိုင်စင်ကဒ်ပြားရှိပါက တစ်ပတ်ကို ၂ လီတာစီနဲ့ ၁ လီတာကို ၆၀၀၀ နှုန်းနဲ့ ထုတ်ပေးနေတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“စက်သုံးဆီက အရင်တုန်းက ဝန်ထမ်းတိုင်း ဝန်ထမ်းတိုင်းကို တစ်ပတ်မှာ ဝန်ထမ်းကဒ်နဲ့ ကိုယ့်ဆိုင်ကယ်ကိုယ် သူတို့ ကဒ်ပြားပေးပါတယ်။ တစ်ပတ် ၂ လီတာပေးတယ်။ ကျော်ဇင်ဆိုင်မှာ သွားပြီး ထုတ်ရတယ်။ အဲဒီ ကျော်ဇင်ဆိုင်မှာ သွားထုတ်တာမှာ ၁ လီတာကို ၆ ထောင်။ ကျောင်းဆရာမတွေ၊ ဝန်ထမ်းတွေက ပြန်ရောင်းကြတာ ဆိုရင် အဲဒီနားမှာပဲ အဲဒီ ဆီဆိုင်ရှေ့မှာပဲ ဝယ်တာက ၁ လီတာကို အမြတ် ၃၅၀၀ ပေးတယ်ဆိုရင် ၉၅၀၀ ကျပါဖို့။ ၁ လီတာဝယ်ဖို့ ၉၅၀၀ ပေးလိုက်တယ်ဆိုရင် ရောင်းတဲ့သူက ၃၅၀၀ မြတ်တယ်။ အဲဒါ လွန်ခဲ့တဲ့လက။ အခု ဒီလမှာ အဲဒါတွေကို မပေးတော့ဘူး။ ဆိုင်ကယ်လိုင်စင် ရှိတဲ့သူတွေကို တန်းစီစနစ်နဲ့တန်းစီ။ အဲဒီ ဆီထုတ်ကဒ်နဲ့ ညဉ့် ၂ နာရီလောက်ကတည်းကစလို့ တန်းစီတယ်။ တန်းစီတယ်ဆိုတာမှာ တခါတလေ နောက်ကျသွားရင် ဟိုးအဝေးကြီးမှာနေလို့ တန်းစီရတယ်။ အခု အပြင်ဈေးပေါက်ဈေးက ၁ လီတာကို တစ်သောင်း ရှစ်ထောင်၊ ခုနှစ်ထောင်။ နှစ်သောင်းနီးပါး ပြန်ဖြစ်လာတယ်ပေါ့” လို့ သူက ပြောပါတယ်။
ရက္ခိုင်မှာ တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက စစ်တွေမြို့မှာ စစ်တပ်က စက်သုံးဆီ လုံလုံ လောက်လောက် တင်သွင်းဖြန့်ဖြူးပေးနိုင်တာ မရှိတဲ့အတွက် စက်သုံးဆီ အရောင်းဆိုင်ကြီးတွေ ပိတ်ထားခဲ့ရပြီး လမ်းဘေးဆိုင်တွေမှာ ရောင်းချတာ ပိုများလာနေတာပါ။
အခုလို ဓာတ်ဆီဈေး အဆမတန် မြင့်တက်လာနေတဲ့အတွက် စစ်တွေဒေသခံတွေဟာ ကုန်ဈေးနှုန်းတွေနဲ့ ဆီဈေးမြင့်တက်မှုဒဏ်တွေကြားမှာ သွားလာရေးအတွက် စက်ဘီးနဲ့ ဆိုက်ကားတို့လို အနှေးယာဉ်တွေကိုပဲ မှီခို အားထားလာနေရတာပါ။
စက်သုံးဆီဈေး အခုလို မြင့်တက်ပေမယ့်လည်း လိုသလောက် ဝယ်လို့မရဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်
“မရပါ။ လိုသလောက် မရပါ။ ၁ ပတ်ကို ၂ လီတာဆို ၂ လီတာပဲ ရပါတယ်။ သတ်မှတ်ထားမှာဖို့မလား ယာဉ်အမျိုးအစားပေါ် မူတည်လို့ ဘေးတွဲဆို ဘယ်လောက်၊ နှစ်ဘီးဆို ဘယ်လောက်၊ ကားဆို ဘယ်လောက်၊ ဘယ်လိုကားဆို ဘယ်လောက် တခုတော့ သူတို့မှာ သတ်မှတ်ချက်ရှိမှာပေါ့” လို့ သူက ပြောပါတယ်။
လက်ရှိ စစ်တွေမြို့နယ်မှာလည်း စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ အကြား လက်နက်ကြီးတွေ အပြန်အလှန် ပစ်ခတ်တာတွေ ရှိနေပြီး စစ်ရေး တင်းမာနေဆဲ ဖြစ်ပါတယ်။
ရက္ခိုင်မှာ စစ်တပ်ရဲ့ လမ်းခရီး ပိတ်ဆို့ထားတာကြောင့် စက်သုံးဆီအပါအဝင် အခြေခံ စားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေပြီး ဒေသခံတွေရဲ့ လူမှုဘဝရပ်တည်ရေး အများကြီး ခက်ခဲနေပါတယ်။
