ပညာရေးသည် လောကအလှ ဘဝအလှကို ပြင်ဆင်ခြယ်သပေးနိုင်သလို အဆိုးအကောင်း အကျိုးအကြောင်းကို ဆက်စပ် တွေးခေါ် စဉ်းစားပေးနိုင်သည်။ လူတဦးတယောက်ချင်းစီ၏ ဘဝလမ်းကြောင်း တိမ်းမစောင်းရေး ပြုပြင်ထိမ်းကျောင်း လမ်းညွှန်ပေးနိုင်သလို ဘဝ၏ အဆုံးအဖြတ်ကိုလည်း သုံးသပ်ပေးနိုင်သည်။
ထို့အပြင် မိသားစုတခု၌ ပညာတတ်သူဦးရေ/ပညာမတတ်သူဦးရေ မည်မျှဖြင့် ရပ်တည်နေခြင်းက ထိုမိသားစု၏ ဖွံ့ဖြိုးတိုးတက်မှု၊ ဂုဏ်သိက္ခာ အဆင့်အတန်းကို ဖော်ပြသလို နိုင်ငံတနိုင်ငံ၌လည်း ပညာတတ်သူဦးရေ/ပညာမတတ်သူဦးရေ မည်မျှဖြင့် ဦးဆောင်ဦးရွက်ပြု ရပ်တည်နေခြင်းက ထိုနိုင်ငံ၏ ဖွံဖြိုးတိုးတက်မှုနှင့် ဂုဏ်သိက္ခာ အဆင့်အတန်းကို ဖော်ပြသည်။ တနည်းပြောရလျှင် လူတဦးတယောက်ကအစ နိုင်ငံတနိုင်ငံထိ ရပ်တည်ရာ၌ ဖွံ့ဖြိုးတိုးတက်မှုနှင့် ဂုဏ်သိက္ခာ အဆင့်အတန်းကို ထိုနိုင်ငံ၏ ပညာရေးနှင့် တိုင်းတာ ဆုံးဖြတ်နိုင်သည်။ ထို့ကြောင့် ပညာရေးသည် လူတဦးတယောက်ချင်းကအစ မိသားစုတခု၊ လူမျိုးတစု၊ ကျေးရွာတရွာ၊ မြို့တမြို့၊ နိုင်ငံတနိုင်ငံထိ ရပ်တည်ရာ၌ အရေးပါ အရာရောက်သည့် အဓိက မဏ္ဍိုင်ဖြစ်သည်။
ဆိုရှယ်လစ် ပညာရေးဖြစ်စေ၊ ဈေးကွက်စီးပွားရေးကို ဦးတည်သော ပညာရေးဖြစ်စေ၊ မည်သို့သော ပညာရေးပင်ဖြစ်စေ နိုင်ငံရေးသဘောတရား မည်သို့ပြောင်းလဲစေကာမူ ပညာရေး သဘောတရားသည်ကား နိုင်ငံ တိုးတက် ပြောင်းလဲရေးအတွက် အရေးပါသည်။ ဖွံ့ဖြိုးတိုးတက်ဆဲ/ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများကို လေ့လာ သုံးသပ် ကြည့်မည် ဆိုပါကလည်း ထိုနိုင်ငံများ၏ ပညာရေးသည် ထင်သလောက် အပြီးပေါက် ခရီးရောက်နေ၍ပင် ဖြစ်လိမ့်မည်ကို ပြေးကြည့်စရာမလို တွေးကြည့်ရုံဖြင့် သိနိုင်သည်။
ဥပမာ -အမေရိကန်နိုင်ငံ မည်မျှထိ ဖွံ့ဖြိုးတိုးတက်နေပြီလဲဟု ကြည့်မည်ဆိုပါက အမေရိကန်နိုင်ငံ၏ ပညာရေး မည်မျှအဆင့်ထိ ခရီးရောက်နေသည်နှင့် ဆုံးဖြတ်ရမည် ဖြစ်သည်။ ဂျပန်နိုင်ငံ မည်မျှထိ ဖွံ့ဖြိုးတိုးတက်နေပြီလဲဟု မေးစရာမလို၊ ထိုနိုင်ငံ၏ ပညာရေး မည်မျှအဆင့်ထိ ခရီးရောက်နေသည်နှင့် ဆုံးဖြတ်ရမည်လည်း ဖြစ်သည်။ ပညာရေး တိုးတက်ကောင်းမွန် လမ်းမှန်ဖို့အရေး တိုးတက်ဆဲ ဖွံ့ဖြိုးဆဲ တိုးတက်ပြီး ဖွံ့ဖြိုးပြီး နိုင်ငံများမှ နည်းခံဖို့ လိုသည်။
ထို့ကြောင့်လည်း ဂျပန်နိုင်ငံ၏ ပညာရေးစနစ် ကောင်းမွန်ပုံကြောင့် ဂျပန်ပညာရေးကို အခြေခံ၍ သင်ရိုးသစ်များ ပြုပြင်ပြောင်းလဲ ရေးဆွဲခဲ့ကြရသည်။ အာရက္ခပြည် ပညာရေးအတွက်လည်း ဂျပန်နိုင်ငံ ပညာရေးစနစ်သည် နိုင်ငံ တိုးတက်ပြောင်းလဲရာတွင် အသင့်တော်ဆုံး ဖြစ်မည်ဟု ယူဆသည်။ ပညာရေးဟုဆိုရာဝယ် အခြေခံပညာရေးမှ အဆင်မြင့် ပညာရေးထိ။ တနည်းအားဖြင့် ပညာရေးနှင့် ဆက်နွယ် သက်ဆိုင်သည့် အကြောင်းအရာ အပေါင်းပါအားလုံး အကျုံးဝင်သည်။
အာရက္ခပြည်၏ ပညာရေးသည် ကြယ်မစုံ လမသာ အလင်းအားချို့တဲ့ရှာသည့် မှုန်ရီဝိုးတဝါး ဘဝများ၊ သံစဉ်မလှ စည်းဝါးမကျသည့် ခနော်ခနဲ့ ဘဝများကဲ့သို့ ဦးတည်ရာမဲ့ ဖြစ်နေသည်။ အလင်းရောင်မရှိ မှောင်တိတိထဲ လမ်းလျှောက်နေရသလို စမ်းတဝါးဝါး ဖြစ်နေသည်။
အကြောင်းမှာ ညီနောင်မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေး၌ အာရက္ခပြည်တွင်းစစ်သည် ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်မှ စသည်။ ထိုမှ အာရက္ခပြည်တွင်း မြို့သိမ်းတိုက်ပွဲများ ကျယ်ပြန့်လာပြီးနောက် အာရက္ခတပ်တော်သည် ၁ နှစ်အတွင်း ရက္ခိုင်မှ မြို့နယ်အများစုကို ရယူသိမ်းပိုက်လိုက်သည်။ ထိုအချိန်ကာလမှစ၍ နိုင်ငံရေးမတည်ငြိမ်မှုများနှင့် တည်ဆောက်ရေးကာလ၏ စိန်ခေါ်မှုတရပ်အဖြစ် ပညာရေးသည်လည်း စနစ်တခု၏အောက်မှာ ပိတ်မိနေခဲ့သည်။
ထို့နောက် အာရက္ခတပ်တော် အလုံးစုံ ထိမ်းချုပ်ထားသည့် မြို့နယ်များတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ကြိုးပမ်း အားထုတ်မှုဖြင့် တိုက်ပွဲလွန်ကာလ ပထမခြေလှမ်းအဖြစ် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် မှစ၍ ၂၀၂၄/၂၀၂၅ ပညာသင်နှစ် အခြေခံပညာ စာသင်ကျောင်းများ ဖွင့်လှစ် အကောင်ထည်ဖော် ဆောင်ရွက်နိုင်ခဲ့သည်။ ယခု ၂၀၂၅/၂၀၂၆ ပညာသင်နှစ် ပြီးဆုံးပြီးဖြစ်ရာ စာသင်နှစ်၏ ၂ နှစ်တာ ကာလတခု အောင်မြင် ကျော်ဖြတ်ပြီးလည်း ဖြစ်သည်။ သို့သော်လည်း လိုအပ်ချက် အားနည်းချက်များနှင့် လစ်ဟာမှုများ ရှိနေသည်ကြောင့် တချို့နေရာများတွင် ထင်သလောက် မပြီးမြောက်၊ လိုသလောက် ခရီးမရောက်နိုင် ဖြစ်နေသည်။
ယခုအချိန်တွင် အာရက္ခပြည်ထဲ၌ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက တိုင်းပြည် ပြန်လည်တည်ဆောက်ရေးကို အတိုင်းအတာတခုထိ ဖော်ဆောင်နေပြီဖြစ်သော်လည်း ပညာရေးဝန်ထမ်း လုပ်သက်ရှိ ဆရာ/မ အချို့မှာ မိသားစု စားဝတ်နေရေးကြောင့် တိုင်းပြည်တည်ဆောက်ရေး၌ မပါဝင်နိုင်ကြပေ။ လုပ်သက်ရှိ ဆရာ/မများ ဌာနအပြင် ရောက်သွားရခြင်းသည် အနာဂတ် ရတနာကလေးများစွာအပေါ် နစ်နာမှု ဖြစ်စေသည်ကြောင့် အနာဂတ်နိုင်ငံတည်ဆောက် ရပ်တည်ရေးအပေါ် အကျိုးသက်ရောက် လာနိုင်သည်။ နိုင်ငံ၏ ပညာရေးသည် စီးပွားရေး စားဝတ်နေရေး အကျပ်တည်းနှင့် သက်ဆိုင်သည်ကြောင့် အသေချာ ကိုင်တွယ်ဖြေရှင်းဖို့ လိုနေသည်။
“ စားဝတ်နေရေး အခက်ခဲကြောင့် တချို့ဆရာ/မတွေ ကျောင်းပုံမှန် မရောက်နိုင်ကြဘူး။ မိဘ စားဝတ်နေရေး အခက်ခဲကြောင့် သားသမီးတွေ ကျောင်းမထားနိုင်ကြဘူး။ ကျောင်းပြင်ပ ရောက်သွားကြတယ်။ အဓိကတော့ လစာကိစ္စကြောင့် ဖြစ်ပါတယ်။ ကလေးတွေဆီက ကောက်ယူရတာမျိုး မဟုတ်ပဲ အစိုးရအနေနဲ့ ပုံမှန်လစာတခု ပေးပြီး ဝန်ထမ်းတွေဘဝ ရပ်တည်ခွင့်ရရင်တော့ ဒါတွေ လျှော့ကျလာနိုင်ပါတယ်။ ဒီအတိုင်းသာ ဆက်သွားနေရရင်တော့ အနာဂတ်ပညာရေး ရင်လေးမိတယ်” ဟု လက်ရှိ အလယ်တန်း ကျောင်းအုပ်တဦးမှ ရင်ဖွင့်ပြသည်။
တဖက်မှာ စစ်ကောင်စီက နိုင်ငံတော်အာဏာ သိမ်းပြီးနောက်ပိုင်းတွင် နိုင်ငံတဝှမ်း၌ ကုန်ဈေးနှုန်း မြင့်တက်လာမှုကြောင့် အခြေခံလူတန်းစားများမှာ စားဝတ်နေရေး ကျပ်တည်းလာခဲ့ကြသည်။ ထိုအထဲ ပညာရေးဝန်ထမ်း အများပြား ပါဝင်ကြသည်။ ထို့နောက် အာရက္ခတပ်တော်သည် စစ်ကောင်စီ ထိမ်းချုပ်ထားသည့် ရက္ခိုင်မှ မြို့နယ်အများပြားကို သိမ်းပိုက်လိုက်သည်။ ထိုအချိန်မှစ၍ အာရက္ခပြည်ရှိ နိုင်ငံ့ဝန်ထမ်း အများစုမှာ အိုတိုမစ်တစ် လစာရပ်၊ အလုပ်ပြုတ် သွားကြသည်။ ကုန်ဈေးနှုန်း မြင့်တက်မှုနှင့် အလုပ်ပြုတ်ခြင်းတို့ ထပ်တူ ကျလာသည့်အခါ ကျောင်းဆရာဘဝမှသည် ကုန်သည်ဘဝသို့၊ ကျောင်းဆရာမဘဝမှသည် ငါးစိမ်းသည်မ ဟင်းသည်မ မုန့်သည်မ အစရှိသည့် ဘဝများစွာသို့ ပြောင်းလဲ တာဝန် ထမ်းလိုက်ကြရသည်များလည်း ရှိသည်။
“ ကျမ အရင်က အလယ်တန်းပြ ဆရာမ တယောက်ပါ။ အခုတော့ မိသားစု စားဝတ်နေရေးကြောင့် ဈေးမှာ မုန့်ရောင်းနေရပါတယ်။ သူများတွေလို တိုင်းပြည်တည်ဆောက်ရေး ပါဝင်ချင်တာပေါ့။ ဒါပေမယ့် ကလေးတွေရဲ့ ကျောင်းစရိတ်နဲ့ စားဝတ်နေရေးက ရှိသေးတော့ ဒီလိုပဲ ရုန်းကန်နေရတာပါ” ဟု ဝန်ထမ်းပြုတ် ဆရာမတဦးမှလည်း ရင်ဖွင့်ပြသည်။
နောက်ထပ် ဘူးသီးတောင်မြို့နယ်မှ ပညာရေးလုပ်သက် ၁၀ နှစ်ကျော်ရှိ အလယ်တန်းပြ ကျောင်းဆရာတဦး (လက်ရှိ အလုပ်ပြုတ်) မှ “ လစာက မဖုံလုံ ကုန်ဈေးနှုန်းက မြင့်တက်ကုန်တော့ ရတဲ့လစာက ကျနော်တို့ မိသားစုအဖို့ မုန့်စရိတ်တောင် မကာမိဘူး။ ဒါကြောင့် အပြင်အလုပ် မလုပ်ပဲ နေလို့မရဘူး။ အပြင်ဝင်ငွေ မရှိရင် မိသားစု ထမင်းငတ်ပြီး သေကုန်မှာပေါ့။ နေ့တိုင်း ကျောင်းတက်ရမယ်၊ နေ့တိုင်း မလာနိုင်ရင် ထွက်တဲ့။ ဒီတော့ လုပ်သက် ၁၀ နှစ်ကျော်ပေးဆပ်လာရတဲ့ ကျနော့်အဖို့ ရင်နာနာနဲ့ ထွက်လိုက်ရတယ်။ မိဘတွေ ဒုက္ခခံပြီး သင်ပေးလိုက်တဲ့ ပညာ၊ သဲထဲရေသွန်သလို ဖြစ်ရတော့ အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။ ဒါပေမယ့် ဘယ်တတ်နိုင်မလဲ” ဟု ရင်ဖွင့်ပြန်သည်။
သည်လိုဖြင့် ပညာရေးလုပ်သက်ရှိ ကျွမ်းကျင်ဆရာ/မအချို့ အပြင်လောကထဲ ရောက်ရှိ သွားကြရသည်။ ဌာနတွင်း ပညာရှင် လုပ်သက်ကြီး ဆရာ/မအများစု ဆုံးရှုံးရခြင်းသည်ကား ကောင်းသည့် လက္ခဏာရပ်မဟုတ်။ သူတို့ထံမှတဆင့် တတ်သိပညာရပ်များကို အသစ်ခန့်နှင့် လုပ်သက်နည်း ဆရာ/မများအား သင်ယူပို့ချခြင်းဖြင့် နည်းခံရန် လိုသေးသည်။ ထိုမှ ပညာဝမ်းစာ ထည့်သမျှ အပြည့်ဝ ကျန်နေခဲ့မည်လည်း ဖြစ်သည်။ ထို့ကြောင့် တချို့ တင်းထားသည့် အရာများကို ဖြေလျှော့သင့်သလို ပညာရေး ဝန်ထမ်းအများစု၏ စားဝတ်နေရေး အတော်အသင့် ကြည့်ရှုဖို့ လိုလာသည်။
စားဝတ်နေရေး မပြေလည်မှုများကြား ဘဝအဖုံဖုံ နည်းမျိုးစုံဖြင့် ရုန်းကန်နေကြရသော ဆေးရောင်စုံ နိုင်ငံရေး ကန့်လန့်ကာပေါ်က ပညာရေးဝန်ထမ်း ဆရာ/မများ၏ ဘဝသည်လည်း ကစဉ့်ကလျား ဖြစ်ကြရသည်။ ပေးဆပ်ခဲ့ရသော ပညာရေး လုပ်သက်များကြား စီးပွားရေးနယ်ပယ်ထဲ ရုတ်တရက် ခုန်ဆင်းလိုက်ရမည်ဟု အိပ်မက်ပင် မက်ဖူးကြမည် မဟုတ်ပေ။ ဝန်ထမ်းဘဝဖြင့် ကျင်လည်ခဲ့ကြရသည်ဖြစ်၍ အခြားအလုပ်အကိုင်များ မလုပ်တတ် မကိုင်တတ် ဖြစ်ကြရသည်။ မိသားစု စားဝတ်နေရေးကြောင့် ရုတ်တရက် စီးပွားရေးနယ်ပယ်ထဲ ခြေစုံပစ် ဝင်လိုက်ကြရသည်ကြောင့် တခါတခါ ပြိုလဲမတတ် ခံစားကြရသည်ဟုဆိုသည်။ သို့သော်လည်း ဘဝလမ်းကြောင်း ထိမ်းကျောင်းပေးနိုင်စွမ်းသည့် ပညာရေး ခံယူချက်များမှ အသိအမြင် ဗဟုသုတများကြောင့် အကြိမ်ကြိမ် ကြိတ်ခံ ကြိုးစား ရုန်းကန် လှုပ်ရှားနေရသည့် သဘောမှာ ရှိကြသည်။
ထိုသို့ ဘဝ၏ စိန်ခေါ်မှုများကြား ပညာရေးမဏ္ဍိုင်သာ မခိုင်မြဲခဲ့လျှင် ယိုင်လဲရမည်လည်း ဖြစ်သည်။ ဗိုလ်ချုပ်ကအစ ပညာရှင်အများ၊ တခြား အရာရှိများစွာတို့သည်လည်း ပညာရေးဝန်ထမ်း ဆရာ/မများမှ အသေချာ ရိုက်ထည့်လိုက်သော ပညာရေး ပန္နက်ကြောင့် ထိုနေရာသို့ ရောက်ရှိသွားကြခြင်း ဖြစ်ပင်ဖြစ်သည်ကို ငြင်းဆိုနိုင်ဖွယ် မရှိချေ။ ထို့ကြောင့် နိုင်ငံတည်ဆောက်ရေးတွင် ဦးဆောင်ဦးရွက် ပြုနေကြသည့် အရာရှိ ပညာရှင်များစွာတို့ကို မွေးထုတ်ပေးနိုင်သော၊ တနည်းအားဖြင့် ဝါသနာဟူသော အခြေခံအုတ်မြစ်နှင့် ပညာရေးပန္နက်ကို ရိုက်ထည့်တတ်ကြသော ပညာရွာ၏ အခရာ အကျဆုံးဖြစ်သည့် ဆရာ/မများကိုလည်း အလေးထား လေးစားကြဖို့ လိုသည်။ ထို့အပြင် ထိုဆရာ/မများ ဂုဏ်သိက္ခာရှိရှိ နေထိုင် သွားလာနိုင်ဖို့လည်း လိုသေးသည်ဟု ပညာရေးအသိုင်းဝိုင်းမှ ဆရာ/မအများစု ပြောနေကြသည်။
” ကျောင်းဆရာ/မဆိုရင် လူတွေ ဂရုမစိုက်ကြဘူး၊ အလေးမထား၊ မလေးစားကြဘူး။ မျက်နှာ ငယ်ရတယ်။ ဒါကြောင့် ကျောင်းဆရာဖြစ်ရတာ တခါတခါ ကိုယ့်ကိုကိုယ် သိမ်ငယ်စိတ်တွေ ဖြစ်ရတယ်။ ဒါတွေဟာ ခေတ်အဆက်ဆက် အုပ်ချုပ်သူ အစိုးရက ဂုဏ်သိက္ခာ ပြည့်ပြည့်ဝဝ မဖြည့်ပေးနိုင်ခဲ့လို့ ဖြစ်ပါတယ်။ ပညာရေးဝန်ထမ်းတွေဟာ လူပုံအလယ် ရင်ကော့ ခေါင်းမော့ပြီး ထည်ဝါဝင့်ကြွားစွာ ဂုဏ်သိက္ခာရှိရှိ သွားလာနိုင်ရမယ်။ ပတ်ဝန်းကျင်အလယ် ဂုဏ်သိက္ခာရှိရှိ ရပ်တည် နေနိုင်ရမယ်။ အခုက ပိုပြီး ဆိုးလာသလို ခံစားရတယ်။ စစ်ကောင်စီအစိုးရ လက်ထက်တုန်းကတောင် ငါက ဘယ်ကျောင်းက ကျောင်းဆရာ၊ ငါက ဘယ်ကျောင်းက ကျောင်းအုပ်၊ ငါက ပညာရေးဌာနက ဘယ်သူလို့ ပြောလိုက်ရင် ဟာ ဟုတ်ကဲ့ သွားပါဆရာလို့ တချို့စစ်ဆေးရေးဂိတ်တွေမှာ တရိုတသေ ဆက်ဆံတာ ခံရသေးတယ်။ အခုက အဲလိုတောင် ပြောမထွက်တော့တဲ့ အခြေနေပါဆရာ” ဟု မူလတန်းကျောင်းအုပ်ဆရာကြီးတဦးမှလည်း ရင်ဖွင့် ပြောပြသည်။
အထက်ပါကျောင်းအုပ် ရင်ဖွင့်သည်ကို မူလတန်းပြဆရာတဦးမှ “ အဓိကတော့ ယူနီဖောင်းမပါလို့ ထင်ပါတယ်။ ယူနီဖောင်းမပါတော့ ဘယ်သူဘယ်ဝါ ဘယ်ဌာနကဆိုတာ မှန်းရ ခက်တယ်လေ။ တချို့ကျပြန်တော့ သိသိရက် အားမနာ ဆက်ဆံတာတွေလည်း ရှိမှာပေါ့။ ကျနော့်အထင် ယူနီဖောင်း ဝတ်ပြီးသာ သွားလာခွင့်ရရင် ဒါတွေ လျှော့ကျလာနိုင်ပါတယ်” ဟု သုံးသပ်ပြောဆို ထောက်ပြသည်။
အထက်ပါဆရာ ထောက်ပြသည်မှာ မှန်နေသော်လည်း နိုင်ငံရေး မတည်ငြိမ်မှုများနှင့် တည်ဆောက်ရေး ကြားကာလ ဖြစ်နေ၍ အကြောင်းအမျိုးမျိုးကြောင့် မပြည့်စုံခြင်းများစွာဖြင့် လိုအပ်ချက်များ ရှိနေသေးသည်။ လစ်ဟာမှုများ ဖြစ်နေသည်။ သို့သော် ထိုလစ်ဟာမှု လိုအပ်ချက်များကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေဖြင့် အခွင့်ခါသင့်သလို အရေးတယူ ဂရုပြု ဦးစားပေး ဖြည့်စွက် လုပ်ဆောင်နိုင်ဖို့ ပညာရေးဝန်ထမ်း ဆရာ/မများ မျှော်လင့်နေကြသည်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပညာရေး လုပ်ဆောင်စွမ်းရည်များကို မျှော်လင့်တကြီး အားကိုးနေကြသည်။
တဆက်တည်းမှာပင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ပညာရေး ဒုတိယခြေလှမ်းအဖြစ် ယခုနှစ် တက်လှမ်းရန် ကြိုးစားနေသည်ကို မြင်ရသည်။ လာမည့် ၂၀၂၆/၂၀၂၇ ပညာသင်နှစ်အတွင်း တက္ကသိုလ်တက်ရောက် သင်ကြားနိုင်ကြရန် အာရက္ခအမျိုးသားပညာရေးဌာနမှ အဆင့်မြင့်ပညာရေးတက္ကသိုလ် အဆင့် အာရက္ခအမျိုးသားတက္ကသိုလ် ဖွင့်လှစ်သင်ကြားမည်ဖြစ်၍ လျှောက်လွှာများ ခေါ်ယူနေပြီ ဖြစ်သည်။ ထို့ကြောင့် ပညာရေးတပိုင်းတစ ဟိုမရောက် သည်မရောက်ဖြင့် ဘဝကို စမ်းတဝါးဝါး လျှောက်နေရသူများ ဝမ်းသာနေကြသည်။ သို့သော်လည်း လျှောက်လွှာ ခေါ်ယူရာတွင် နောက်ဆုံးနှစ် တက်ရောက်မည့် သူများသာ ပါဝင်ပြီး သက်ဆိုင်ရာ အထူးပြု ဘာသာရပ်များအလိုက် ပထမနှစ်၊ ဒုတိယနှစ်နှင့် တတိယနှစ် အပါဝင် ဥပဒေ-စတုတ္ထနှစ် တက်မည့်သူများ၏ အခွင့်ရေး မပါရှိပေ။
“ အဆင့်မြင့်ပညာရပ်တခု သင်ယူခွင့်ရတာဟာ ပိုကောင်းတဲ့ အနာဂတ်တခုကို ဖန်တီးဖို့ လက်ဆောင်ပေးတာနဲ့ တူပါတယ်။ ကျောင်း တပိုင်းတစ ဖြစ်နေတဲ့ လူငယ်တွေအတွက် ပညာရေးလမ်းစ ပြန်ဖွင့်ပေးနိုင်တဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ ဘာသာရပ်ရဲ့ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်နဲ့ ဥပဒေ စတုတ္ထနှစ် တက်မယ့်သူတွေ မပါတော့ စိတ်မကောင်း ဖြစ်ရပါတယ်” ဟု မြန်မာစာ ဒုတိယနှစ် ကျောင်းသားတဦးမှ ပြောသည်။
မည်သို့ပင်ဆိုစေ ပညာရေးခြေလှမ်း တဆင့်ပြီးတဆင့် တလှမ်းပြီးတလှမ်း လှမ်းလာနိုင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ လုပ်နိုင်စွမ်းရည်ကို အသိမှတ် ပြုရမည်။ ပညာရေးလမ်းစ ပျောက်နေသည့် အနာဂတ်လူငယ်များအဖို့ ပညာရေးအခွင့်လမ်း ရရှိလာကြသည်။ ပညာရေးရောင်နီ ဖျော့ဖျော့တော့မှသည် အလင်းရောင် တဖြည်းဖြည်း တောက်ပလာသည်ကို မြင်ရ၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရကို ကျေးဇူးတင်နေမိသည်။
အချုပ်အားဖြင့် ဆိုရသော် ပညာရေးသည် လူတဦးတယောက်ကအစ လူ့လောက အသိုက်အဝန်းကြီး တခုလုံး ဘဝရပ်တည်ရေးအတွက် အားကိုးမှီခိုရာ အထောက်အကူ ဖြစ်သလို နိုင်ငံတနိုင်ငံ၏ တည်ဆောက်ရပ်တည်ရေး ဖွံဖြိုးတိုးတက်မှုတွင်လည်း အဓိက ကျသည်။ ဆိုလိုသည်မှာ ပညာရေး အားနည်းလျှင် အသိအမြင် ဗဟုသုတ နည်းမည်။ အသိအမြင် ဗဟုသုတ နည်းပါးမှုသည် စီးပွားရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို အနှောက်ယှက် ဖြစ်စေမည်။ တနည်းအားဖြင့် ပညာရေး အားနည်းမှုသည် စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အတွေးအခေါ် နည်းပါးမှုအပေါ် သက်ရောက်နိုင်သည်ကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်သွားစေနိုင်သည်။ ပညာရေးကောင်းမွန်ပါမှ နိုင်ငံ၏ စီးပွားရေး လူမှုရေး အစရှိသည်တို့ ဖွံ့ဖြိုးတိုးတက်လာနိုင်ပြီး ဂုဏ်သိက္ခာ ပြည့်ဝသော နိုင်ငံအဖြစ် ကမ္ဘာ့အလယ် မညှိုးငယ်သော မျက်နှာဖြင့် ရပ်တည်နိုင်မည်လည်း ဖြစ်ပေသည်။ လင်းလက်တောက်ပြောင် ပြည်ဂုဏ်ဆောင်သော အာရက္ခပြည် အနာဂတ်ပညာရေးကို မျှော်လင့်ယင်း ကောင်းမွန်ပြည့်စုံသော အနာဂတ်ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဂုဏ်သိက္ခာပြည့်ဝသည့် အာရက္ခနိုင်ငံတော်ကြီးကို တည်ဆောက်နိုင်ပါစေဟု ဆန္ဒပြုပါသည်။
ခိုင်မြတ်လင်း (ဘူးသီးတောင်)
