ArticelsLife StylePolitic

အာရက္ခအားမာန် ရဲဘော် ကျော်ဟန် အပိုင်း ၃၈

ဂရိသင်္ဘောအိုနဲ့အတူ မျောပါသွားတဲ့ ကိုရီးယားသွား အိမ်မက် (ပထမပိုင်း)

ဌေးဝင်း

ငါဟာ နိုင်ငံရေးကိစ္စ တော်လှန်ရေးကိစ္စတွေမှာ ကိုယ်နိုင်သလောက် အစွမ်းကုန် ပါဝင်ပတ်သက် ကူညီ လုပ်ဆောင်ပေးရင်း ထိုင်းမှာ တစ်နှစ်ကနေ နှစ်နှစ် နီးပါး ရှိလာခဲ့ပြီ။ ငါ့ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ တောင်ကိုရီးယားသွားမဲ့ အစီအစဉ်ကိုလည်း မေ့ထားလို့ မရဘူး။ ဒါကလည်း ငါ့မိသားစုကို ငါကတိပြုထားတဲ့ ကိစ္စ။ ငါ့အတွက် နိုင်ငံရေး တော်လှန်ရေးက အရေးကြီးဆုံး ဦးစားပေးဆိုပေမဲ့ အချိန်ကာလတစ်ခုပေးပြီး မိသားစုအရေးအတွက် ကူမယ်လို့ ကတိကဝတ်နဲ့ ထွက်လာတာ ဖြစ်တဲ့အတွက် မိသားစုအရေးကိုလည်း အလေးထားရတာဘဲ မဟုတ်လား။

ဒါကြောင့် ငါဟာ ဘန်ကောက်ရောက်တာနဲ့ AASYC ရုံးကနေပြီး ပွဲစား ရောဘတ်စံရွှေနဲ့ အဆက်အသွယ်လုပ်ကာ သူ့အိမ်ကို သွားတွေ့ပြီး မေးကြည့်တော့ အခြေအနေက မထူး။ သူက အကြံသစ်တစ်ခု ပေးတာက

“ခု လက်ရှိ အခြေအနေက ကိုးရီးယားလိုင်းက တအား ကြပ်နေတယ်။ တစ်ခု ရှိတာကတော့ သင်္ဘောတက်ပြီးတော့ တောင်ကိုရီးယားကိုရောက်ရင် သင်္ဘောပေါ်က ခုန်ချတဲ့ ပုံစံမျိုးနဲ့ သွားရင်တော့ ဖြစ်တယ်။ မင်း.. အဲလို သွားမလား… ကျော်ဟန်”

လို့ မေးလာတော့

“ရတယ်.. ကိုစံရွှေ။ ဘယ်ကဘဲ ခုန်ချ ခုန်ချ။ ငါ သွားချင်တဲ့နေရာကို ရောက်ဘို့ဘဲ အရေးကြီးတယ်။ ရည်မှန်ထားတဲ့ နေရာကို ရောက်ရင်.. ရပြီ”

လို့ ပြောလိုက်တဲ့အခါ သူက

“ဒီလိုဆိုရင် မင်း ပထမဆုံး သင်္ဘောသားကိုင်တဲ့ စာအုပ် CDC အညိုရောင်စာအုပ်နဲ့ တခြား သင်္ဘောသား လက်မှတ်တို့ စာရွက်စာတမ်းတို့ အတု လုပ်ရမယ်”

လို့ ဆိုလို့ ဘန်ကပိမှာရှိတဲ့ မြန်မာ အတုဝိဇ္ဇာတွေဆီမှာ သွားလုပ်တော့ CDC အညိုရောင် စာအုပ်တစ်အုပ်က ၂၅၀၀ ဘတ်။ အပြာရောင်တစ်အုပ်က ၈၀၀ ဘတ်။ စာအုပ်မှာ သင်္ဘောအတက်အဆင်းလုပ်တဲ့ တုံးထုတာနဲ့ တခြား လက်မှတ်တွေ လုပ်လိုက်တာ အပါအဝင် စုစုပေါင်း ဘတ် ၃၃၀၀ ကုန်သွားတယ်။ အဲဒါလုပ်ပြီးတော့ ပြီးပြီလားဆိုရင် မပြီးသေးဘူး။ သင်္ဘောတက်ဖို့ ပွဲစားခက ပေးရအုန်းမယ်တဲ့။ ကိုယ့်မှာပါလာတဲ့ ငွေတွေထဲကလည်း ဟိုလူ့ချေး ဒီလူကိုပေးနဲ့ လက်ထဲမှာ ဒေါ်လာက ၁၀၀၀ လောက်ဘဲ ကျန်တော့တယ်။ ဒါကြောင့် အကို့ကို ထပ် အပူကပ်လိုက်တော့ သူက ဒေါ်လာ ၁၀၀၀ ထပ်ပို့ပေးလာတယ်။

ဒီလိုနဲ့ စစ်တွေ အထက (၃) က ကျောင်းနေဖက် သူငယ်ချင်း သင်္ဘောသား ညီညီက ခုလို ပြောလာတယ်။

“ကျနော် တစ်ခုပြောမယ် ကိုကျော်ဟန်။ ခု ကိုစံရွှေ အကို့အတွက် စီစဉ်ပေးနေတဲ့ သင်္ဘောကို တက်ဖို့ စောင့်ရင်းနဲ့ အတွေ့အကြုံလည်းရအောင် ကြားပေါက်အနေနဲ့ ကျနော်နဲ့အတူတူ လိုက်တက်ကြည့်ပါလား”

“ဘယ်မှာ တက်ရမလဲ.. ရမယ်ဆိုရင် တက်မယ်လေ”

“အလုပ်ကတော့ စင်္ကာပူကနေ အိန္ဒိယကို ဒလီဗာရီ သွားပို့ရမယ်။ သင်္ဘော အဟောင်းတစီး ပို့ဖို့ လူလိုနေတယ်။ ကိုကျော်ဟန်မှာက စာရွက်စာတမ်းတွေ လုပ်ပြီးသားနဲ့ အဆင်အသင့် ရှိနေတယ်ဆိုတော့ လိုက်ပါလား အသွားအပြန် (၁၅) ရက် (၂၀) လောက်ဘဲ ကြာမယ်။ ကျနော်လည်း သွားမယ်”

လို့ ပြောလာတော့ ငါက

“ကောင်းတာပေါ့။ စင်္ကာပူကိုလည်း ရောက်ဖူးမယ်။ သင်္ဘောစီးပြီး အိန္ဒိယကိုလည်း ရောက်ဖူးမယ်။ ငွေလည်း ရမယ်ဆိုတော့ လိုက်မယ်”

လို့ ပြောပြီး စင်္ကာပူကို လိုက်သွားတယ်။ စင်္ကာပူမှာ (၃) ရက်လောက် နေရတယ်။ အဲဒီရက်တွေမှာ ငါဟာ အသိမိတ်ဆွေတွေရဲ့ သင်္ဘောတွေကို သွားလည်ပြီး လေ့လာဖြစ်တယ်။ (၄) ရက်မြောက်နေ့မှာ ငါတို့ သင်္ဘောသားတွေစုပြီး ဖယ်ရီဘုတ်တစ်စီးနဲ့ စင်္ကာပူမှာ ကျောက်ချ ရပ်ထားတဲ့ သင်္ဘောကို ရောက်သွားတယ်။ သင်္ဘောက ဂရိနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ သင်္ဘော။ အတော်ကြီးတယ်။ ဖယ်ရီဘုတ်ကနေ လှေကားနဲ့ သင်္ဘောကို တက်လာတာတေင် ခြေတုန် လက်တုန်ဘဲ။ သင်္ဘောပေါ်ရောက်တော့ ချက်ချင်း မထွက်သေးဘဲ ငါတို့ဟာ စင်္ကာပူမြစ်ထဲမှာ (၂) ရက်လောက် နေရသေးတယ်။

အဲဒီအချိန်မှာ ပတ်ဝန်းကျင်ကို သတိထားပြီး လေ့လာကြည့်မိတော့ စင်္ကာပူ ရေကြောင်းဌာနက မော်တော်ဘုတ်တွေ နံနက်တစ်ချိန် ညနေတစ်ချိန် ကင်းလှည့်တာကို မြင်ရတယ်။ ဘော်ဒါတွေကို မေးကြည့်တဲ့အခါ သူတို့ ပြောပြတာက ဒီသင်္ဘောတွေက စင်္ကာပူရေပြင်ရဲ့ သန့်ရှင်းရေးကို အဓိက စောင့်ကြည့်တာလို့ သိရတယ်။ သင်္ဘောပေါ်ကနေ အမှိုက်တစ်စ ပစ်ချလို့ မရဘူး။ ရေနံ ဓါတ်ဆီစက်တစ်စက် ကျလို့ မရဘူး။ အမှိုက်ပစ်ချရင် ဆီကျရင် အဲဒီ အမှိုက်ပစ်တဲ့ ဆီကျတဲ့ သင်္ဘောကို အရေးယူတယ်။ ဒဏ်ရိုက်တယ်။ အဲဒါကြောင့်ဘဲ မြစ်ပြင်တစ်ခုလုံးမှာ ဘာအမှိုက်တစ်စကိုမှ မတွေ့ရ။ သိပ် သန့်ရှင်းတယ်။ စင်္ကာပူဟာ မြို့ပေါ်မှာ သာ သန့်ရှင်းတာ မဟုတ်ဘဲ ရေပြင်မှာလည်း သန့်ရှင်းနေတာဟာ အရမ်း အားကျစရာကောင်းတဲ့ အုပ်ချုပ်ရေး စနစ်တစ်ခုဘဲ။ နောက်တစ်ခု ရှိသေးတယ်။ ညဘက်များဆိုရင် စင်္ကာပူရေပြင်မှာ ရပ်နားထားကြတဲ့ မြောက်များစွာသော သင်္ဘောတွေက ထွန်းထားတဲ့ မီးရောင်စုံဟာ ငါ့အထင်မှာတော့ စင်္ကာပူမြို့ကြီးထက် တောင် ပိုလှနေသလားလို့။ ရေပြင်ကို အကျိုးရှိရှိ အသုံးချ စီးပွါးရှာနိုင်တဲ့ စင်္ကာပူအစိုးရရဲ့ အမြော်အမြင်နဲ့ အရည်အချင်းတွေပေါ့လေ။ သင်္ဘောမှာ (၂) ညအိပ်ပြီး နောက်တစ်နေ့ နံနက် (၉) နာရီလောက်မှာ ဒီဂရိသင်္ဘောကြီးကို စီးပြီး အိန္ဒိယကို ထွက်လာလိုက်တာ လမ်းမှာ မလေးရှားနိုင်ငံ ရေပိုင်နက်ထဲမှာ ကမ်းလွန်ရေနံတူးစင်တွေကိုလည်း တော်တော် တွေ့ခဲ့ရတယ်။

ငါတို့က နံနက်ပိုင်းတစ်ချိန် နေ့လယ်ပိုင်းတစ်ချိန် သင်္ဘောဝမ်းခေါင်းထဲဆင်းပြီး သန့်ရှင်းရေး လုပ်ရတယ်။ ငါနဲ့ အခန်းဖော်ကတော့ နိုင်နိုင်ဆိုတဲ့ လူငယ်ဖြစ်တယ်။ သူ့အဖေက မြောက်ဦးသား။ သူတို့မိသားစုက စင်္ကာပူမှာ နေကြတယ်။ သူလည်းဘဲ ငါ့လိုဘဲ။ အတွေ့အကြုံရအောင် လိုက်လာတာ ဖြစ်တယ်။ လမ်းခရီးမှာ ဆယ်ရက်ကျော်ကျော်လောက် ကြာတယ် ထင်တယ်။

သင်္ဘောပေါ်မှာ မနက်စာရော ညနေစာပါ သိုးသားနဲ့ ဝက်သားဘဲ စားနေရတော့ စားရတာလည်း တစ်ပတ် ဆယ်ရက်လောက် ကြာလာတဲ့အခါ တော်တော်လည်း အီလာပြီ။ ရက်အတော်ကြာ ကမ်းမမြင် လမ်းမမြင် ပင်လယ်သမုဒ္ဒရာကြီးကို ဖြတ်ပြီး ခရီးသွားဖူးတာ ဘဝမှာ ဒါဟာ ပထမဆုံးအကြိမ်ဘဲ။ လမ်းမှာ မုန်တိုင်းမိလို့ အတော် ခံလိုက်ရသေးတယ်။ သင်္ဘောက ကြီးလို့သာ တော်သေးတာပေါ့။

အိန္ဒိယပိုင်နက်ထဲကို ဝင်လာတယ်ဆိုရင်ဘဲ မနီးမဝေးမှာ ရေငုပ်သင်္ဘောတစ်စီးကိုမြင်တော့ ငါတို့ စုပြီး လှမ်းကြည့်ကြတယ်။ အတွေ့အကြုံရှိသူတွေ ပြောပြတာကတော့ အိန္ဒိယရေပိုင်နက်ကို ဝင်ရောက်လာတဲ့ဟာကို စောင့်ကြည့်တဲ့ ရေငုပ်သင်္ဘောလို့ ပြောတာကြောင့် ငါတို့ အိန္ဒိယကို ရောက်ပြီလို့ သိလိုက်ရတယ်။

ငါတို့သင်္ဘော အိန္ဒိယနိုင်ငံ ဘုံဘေမြို့နားက မြစ်တစ်နေရာကို အရောက်မှာ အိန္ဒိယက ပိုင်လော့အဖွဲ့တွေ မော်တော်ဘုတ်ငယ်တစ်စီးနဲ့ လိုက်လာပြီး အချက်ပြတော့ အဲဒီမှာ စက်အရှိန် လျှော့ချလိုက်တယ်။ သူတို့က သင်္ဘောပေါ်ကို တက်လာပြီး ငါတို့သင်္ဘာက အရာရှိတွေနဲ့ တွေ့ပြီး စကားပြောကြတယ်။ ပြီးတော့ ငါတို့ သင်္ဘော ဆက်မောင်းလာကာ မြစ်လယ်တစ်နေရာမှာ သင်္ဘောကို စက်ရပ်ပြီး ကျောက်ချထားလိုက်တယ်။ အဲဒီ ကျောက်ချတဲ့နေရာကို အိန္ဒိယကာစတန်တွေ ရောက်ရှိလာကြတယ်။ သင်္ဘောပေါ်မှာ တစ်ခန်းဝင် တစ်ခန်းထွက် ရှာဖွေရေး လုပ်ပြီးတဲ့နောက် သင်္ဘောအရာရှိတွေနဲ့ စကားပြောပြီး ပြန်သွားကြတယ်။

ငါတို့ အဲဒီ ဘုံဘေမှာဘဲ သင်္ဘောပေါ်မှာ (၃) ရက် နေခဲ့ရတယ်။ သင်္ဘောပေါ်မှာ ရှိနေတဲ့အချိန်မှာလည်း နံနက်နဲ့ ညနေပိုင်းတွေမှာ ငါတို့သင်္ဘော အနီးကဘဲ ဖြတ်သွားကြတဲ့ ရေငုပ်သင်္ဘောတွေကို အနီးအကပ် မြင်တွေ့ခွင့် ရခဲ့တယ်။ (၄) ရက်မြောက်တဲ့နေ့မှာဘဲ ငါတို့ဟာ မော်တော်ဘုတ်ငယ်တစ်စီးနဲ့ ဆိပ်ကမ်းကိုတက်ပြီး ဟော်တယ်မှာ တည်းကြတယ်။ အဲဒီမှာ တစ်ညအိပ်ကာ နောက်နေ့မှာ ပြန်ကြတော့ တချို့က စင်္ကာပူကို ပြန်သွားမဲ့လူ ပါသလို ငါ့လို ထိုင်းကို ပြန်မဲ့သူလည်း ပါကြတယ်။ ကိုယ့်ခရီးစဉ်နဲ့ကိုယ် လေယာဉ်လက်မှတ်မှာပြီး ပြန်လာခဲ့ကြတယ်။ စင်္ကာပူကို ပြန်သွားတဲ့ မြန်မာအုပ်စုကို စင်္ကာပူ လူဝင်မှု ကြီးကြပ်ရေးက အဝင်မခံလို့ မြန်မာပြည်ကို ပြန်ပို့တာ ခံရကြတယ်။ သူတို့တွေထဲက တချို့ဟာ သင်္ဘောသားအတုတွေအဖြစ်နဲ့ အဖမ်းခံကြရတယ်။ ငါတို့ ထိုင်းကို ပြန်လာတဲ့ အုပ်စုကတော့ ကံကောင်းတယ်လို့ ပြောရမယ်။ ထိုင်းကို လျှောလျှောရှူရှူ ဝင်လို့ ရလိုက်တယ်။

သင်္ဘောသား ခဏလုပ်လိုက်တော့ ငါလည်း သင်္ဘောသားလိုလို ဘာလိုလိုနဲ့ ဖြစ်သွားတာပေါ့။ ပြီးတော့ အဲဒီအချိန်က မှောင်ခိုသင်္ဘောကလည်း ခေတ်စားတဲ့ ကာလလေ။ ဘာဘဲဖြစ်ဖြစ် မှောင်ခိုသင်္ဘောရရင်လည်း တက်မယ်ဆိုပြီး သင်္ဘောတက်ရဖို့အရေး တော်တော် ရုန်းကန်လိုက်သေးတယ်။ ဒါပေမဲ့ အချိန်က တရွေ့ရွေ့ ကုန်လာသလို လက်ထဲက ငွေကလည်း တတိတိနဲ့ ကုန်ကုန်လာတယ်။ ဟူး.. မလွယ်။ ဟိုနေ့ တက်ရနိုးနိုး.. ဒီနေ့ တက်ရနိုးနိုးနဲ့ စောင့်နေတာ ဘာမှလဲ မထူးလာတာနဲ့ ဆုံးဖြတ်ချက် အသစ်ကို ချလိုက်ရတယ်။ ဒီလို လုပ်နေလို့တော့ မဖြစ်ဘူး။ ဘန်ကောက်မှာဘဲ ကြုံရာ လုပ်တော့မယ်။ ဒါဟာ ငါ ကိုရီးယားကိုသွားပြီး အလုပ်လုပ်မယ်လို့ ရည်ရွယ်ပြီး ထွက်လာတဲ့ အိမ်မက်ကို အဆုံးသတ်လိုက်တာလည်း ဖြစ်တယ်။

အလုပ်စပြီး လိုက်ရှာတော့ ပထမဆုံးရတဲ့အလုပ်က ပန်းရံ။ ခက်တာက ဒီအလုပ်ကလည်း ပုံမှန် လုပ်ရတာ မဟုတ်ဘူး။ လုပ်ရတာက တစ်ရက်။ နားရတာကနှစ်ရက်ဆိုတော့ ရတာနဲ့ စားတာက ကွက်တိ။ အလုပ်ကလည်း တော်တော် ပင်ပင်ပန်းပန်း လုပ်ရတာ။ ဒါကြောင့် နောက်အလုပ်တစ်ခု နှစ်ခု ထပ်ပြောင်းလိုက်ရသေးတယ်။

ဒီလို ဖြစ်နေချိန်မှာ ရက္ခိုင်မိတ်ဆွေတစ်ယောက်ဖြစ်တဲ့ ခိုင်ကောင်းစံရဲ့ အဆက်အသွယ်နဲ့ အလုပ်တစ်ခု ချိတ်မိတယ်။ သူနဲ့ငါက ရက္ခိုင်ကျောင်းသားလူငယ်များညီလာခံ ဖြစ်မြောက်ရေးကာလမှာ သိကျွမ်း ခင်မင်ခဲ့တာ ဖြစ်တယ်။ ညီလာခံဖြစ်မြောက်ရေး စီစဉ်ရာမှာ ဆုံနေကျဖြစ်တဲ့ ကိုထွန်းကြိုင် (ခ) ဓညလင်း ကိုသန်းထွန်းတို့ အခန်းတွေမှာ သူနဲ့ငါ စတင် ဆုံတွေ့ကြတယ်။ ကိုထွန်းကြိုင်နဲ့ ကိုထွန်းသန်းတို့ နေကြတာက ဘန်ကောက်မြို့ ဘန့်ကပိ လတ်ဖရောက်လမ်း ဆွိုင် (၁၀၁/၁) The Mall ကုန်တိုက်နားမှာ။ ခိုင်ကောင်းစံဟာလည်း ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (Arakan Liberation Party) KNU နယ်မြေ တပ်မ ဟာ (၆) ကော်မူးရာ အထူးတပ်ရင်း (၁၀၁) စခန်းမှာနေခဲ့တဲ့ တော်လှန်ရေးစစ်သည် တစ်ယောက်ဘဲ။

သူ့ရဲ့ အဆက်အသွယ်နဲ့ သူလုပ်နေတဲ့ ဂျပန်ကုမ္ပဏီနဲ့ ထိုင်းကုမ္ပဏီ ဖက်စပ်ဖွင့်ထားတဲ့ စက်ရုံတစ်ခုမှာ အလုပ် ဝင်လုပ်ဖြစ်တယ်။ နေရာကတော့ ဘန်ကောက်မြို့ မြောက်ဘက်မှာရှိတဲ့ ပထုန်ဌါနီခရိုင်မှာ။ ဒွန်မောင်းလေယဉ်ကွင်း ရှိတဲ့ဘက်မှာလေ။ ငါ အလုပ်မဝင်ခင် ငါ အလုပ်လိုက်လုပ်မယ်ဆိုတော့ ခိုင်ကောင်းစံက တအံ့တဩနဲ့ ခုလို ပြောခဲ့သေးတယ်။

“မလုပ်ပါနဲ့ ကိုကျော်ဟန်ရေ။ ဘောစိ.. သင်္ဘောသားလုပ်မဲ့သူက ဘာလို့ အလုပ် လိုက်လုပ်မှာလဲ”

လို့ ဆိုလို့ ငါက

“စားပြီး သောက်ပြီး တစ်လ ဒေါ်လာ (၂၀၀ ) လောက် ရနေလည်း နည်းလား ကိုခိုင်ကောင်းစံ။ ရှိတာကို ထိုင်စားနေမဲ့အစား အလုပ်တစ်ခုခု ဝင်လုပ်တာ ပိုမကောင်းဘူးလား။ အလကား နေမဲ့အစား။ ဘာဘဲ လုပ်ရလုပ်ရ အလုပ်ဟူသမျှ ဂုဏ်ရှိတာဘဲလေ”

လို့ ရီရီမောမောနဲ့ ပြန်ဖြေလိုက်တယ်။ အဲဒီစက်ရုံမှာလုပ်တဲ့ ထိုင်းအလုပ်သမားတွေက အနိမ့်ဆုံး ထိုင်းအခြေခံပညာ အထက်တန်းအဆင့် (၁၂) တန်းအောင်ကနေ ဘွဲ့ရတွေကိုသာ အလုပ်ခန့်တဲ့ စက်ရုံဖြစ်တယ်။ အဲဒီစက်ရုံက Shark, Sponsor, Spirit, Pepsi, Coca Cola အချိုရည်ဘူးခွံတွေနဲ့ ပုလင်းဖုံးတွေ ထုတ်လုပ်တာ။ အလုပ်သမား ၆၀၀ လောက် ရှိတယ်။ အဲဒီ အလုပ်သမားတွေက (၈) နာရီတစ်ကြိမ် လူလဲကြတယ်။

အဒီမှာ ဝင်လုပ်တယ်ဆိုလို့ အထင်တော့ မကြီးလိုက်ပါနဲ့။ ငါတို့ လုပ်ရတဲ့အလုပ်က အဲဒီ အလုပ်သမားတွေ ထမင်းစားတဲ့ (Canteen) မှာ နံနက်စာနဲ့ ညနေစာ ထမင်းကျွေးဖို့ ကန်ထရိုက်ယူထားတဲ့ အလုပ်ရှင်ဆီမှာ သွားလုပ်တာ။ အလုပ်ကတော့ ဆေးကျောင်းသား (ပဂေးဆံ) ပန်းကန်ဆေးတဲ့ အလုပ်ပေါ့။ အလုပ်က အချိန်များပေမယ့် အရင်လုပ်ခဲ့တဲ့ အင်ဂျင်နီယာ (ပန်းရံ) အလုပ်လိုတော့ မပင်ပန်းဘူးပေါ့။ မနက်စောစော လေးနာရီခွဲမှာ အိပ်ရာထ။ မျက်နှစ်သစ်။ ရေချိုးပြီး အိပ်ခန်းကနေ အလုပ်ကို သူဌေးမနဲ့ အတူတူ သွားကြတယ်။ ည ရှစ်နာရီမှ အိပ်ခန်းကို ပြန်ရောက်ကြတယ်။

အလုပ်ဆိုတာကတော့ ဘာလုပ်လုပ် ပင်ပန်းကြတာပါဘဲလေ။ အလုပ်ဟူသမျှ ဂုဏ်ရှိကြတာဘဲဆိုပြီး မာန်မာနတွေကို ခဝါချကာ လုပ်ခဲ့ကြတာပေါ့။ ဒါပေမဲ့ ဒီအလုပ်က တစ်ပတ်မှာ စနေနေ့ဆိုရင် နေ့တဝက် နားရတယ်။ တနင်္ဂနွေနေ့ဆိုရင် တနေ့ကုန် နားရတယ်။ အစိုးရ ရုံးပိတ်ရက်တွေလည်း အလုပ်ပိတ်တယ်။ လစာက (၃၇၀၀) ဘတ်။ တစ်လပိတ်ရက် (၈) ရက်အတွက် ဘတ် (၈၀၀) စုစုပေါင်း (၄၅၀၀) ဘတ် ရကြတယ်။ နေဖို့နေရာနဲ့ မနက်စာ ညနေစာ အပြီး တစ်လကို ဘတ် (၄၅၀၀) ဆိုတော့ မဆိုးဘူး။ အဲဒီတုန်းက ဒေါ်လာ ၁၀၀ ကို ထိုင်းဘတ်ငွေ ၂၅၀၀ သာ ရှိတာ။

စက်ရုံအလုပ်သမား (၆၀၀) လောက် စားထားတဲ့ ပန်းကန်ခွက်တွေကို ဆေးရတာ။ တစ်ဖြတ်စားပြီး နောက်တစ်ဖြတ် လာစားကြတာမို့လို့ လက်က ဆိုင်းတီးသလောက် မြန်မြန်လုပ်နိုင်မှ လိုက်မှီတယ်။ မနက် ဆယ်နာရီခွဲလောက်ကနေ နေ့လည် တစ်နာရီခွဲလောက်ထိက အလုပ်သမားတွေ ထမင်းစားကြတာ။ ဘုရားပွဲမှာ စတုဒီသာ ကျွေးသလိုပါဘဲ။ အလုပ်သမားတွေက ကိုယ့်ထမင်းပန်းကန် ဟင်းပန်းကန်တွေကို ကိုယ်တိုင်ယူကြပြီး စားကြတယ်။ သူတို့ စားပြီးတဲ့ ပန်းကန် ခွက်ယောက်တွေကို ငါတို့ဆီ လာပို့ကြတယ်။ အလုပ်တော့ နည်းနည်း ပင်ပန်းတယ်။ ပန်းကန်ဆေးတဲ့နေရာမှာ ပန်းကန်ဆေးတဲ့ စက်တစ်လုံး ရှိတယ်။ ၁ မိနစ်မှာ ပန်းကန် ဇွန်း အချပ် (၁၀၀) လောက် ပြီးတယ်။ ငါတို့ကတော့ အကြမ်းဆေးကြောပြီး စက်ပေါ် ထည့်ပေးရတာပေါ့။

လူ့ဘဝဆိုတာ အဆိုးထဲမှာ အကောင်းကိုရှာ ဆိုတာမျိုး မဟုတ်လား။ ဒီမှာက စိတ်အပန်းပြေစရာ မျက်စိအစာကျွေးစရာ ထိုင်းမ အချောအလှလေးတွေရဲ့ မျက်နှာလေးတွေကို မြင်တွေ့နေရတော့ အရင်လုပ်ခဲ့တဲ့ အလုပ်တွေနဲ့ဆို လူ့ပြည်နဲ့ နတ်ပြည်လိုဘဲ။

ဒီ အလုပ်သမားတွေကြားထဲမှာ ငါတို့ရက္ခိုင်က လေးယောက်ထဲဘဲ ရှိတာ။ ဒါပေမဲ့ အဲဒီလေးယောက်ထဲမှာ ငါနဲ့ ကိုခိုင်ကောင်းစံက ခန့်ချောတွေဆိုတော့ တချို့ ထိုင်းမလေးတွေက မျက်စပစ်တာကို မကြာမကြာ တွေ့နေရတော့ ကိုယ်က စရမှာလား သူတို့ စတာကို ထိုင်စောင့်ရမှာလားပေါ့။ တမျှော်မျှော် တပျော်ပျော်နဲ့။ ငါက နေ့တိုင်း ဒိုက်ထိုးတာတို့ ကစားတာတို့ လုပ်တော့ ဘော်ဒီက လှတယ်လေ။ ခိုင်ကောင်းစံကလည်း လူရည်သန့်။ ငါတို့ကလည်း လူပျိုဆိုတော့ ဘယ် အညံ့ခံမလဲ။ အပျိုက အထာပေးပြီဆိုမှတော့ တတ်သမျှ အင်္ဂလိပ်စကားတွေနဲ့ မှုတ်တာပေါ့။ ထိုင်းမလေးတွေကလည်း အင်္ဂလိပ်လို ပြန်ပြောနဲ့ ပျော်စရာ။ ဒီလိုဆိုတော့ အမောတွေ ဘာတွေ ပြေလို့။ အလုပ်လဲ သိပ် မပင်ပန်းသလိုပါဘဲလားလေ။

သူတို့က ငါတို့ကို ဘယ်ကလဲလို့မေးရင် ငါတို့က အာရကန် (ရက္ခိုင်) ကလို့ ဖြေတယ်။ ဘယ်နားမှာ ရှိလဲလို့ မေးရင် အိန္ဒိယနားမှာလို့ ဖြေကြတယ်။ အဲဒီကတည်းက ငါတို့က ဗမာလူမျိုးလို့ မခံကြဘူး။ ဗမာဆိုရင် ထိုင်းတွေက (ဖမာ့) မြန်မာဆိုပြီး အထင်သေးကြတာလေ။ တချို့ ထိုင်းယောက်ကျား (ဘဲ) တွေက ရိပ်မိတော့ မနာလိုတဲ့မျက်နှာနဲ့ ကြည့်တဲ့သူကြည့်။ ပန်းကန်တွေကို အသံအကျယ်ကြီးမြည်အောင် အနားက ပန်းကန်တွေ စုထားတဲ့နေရာမှာ လာပစ်ချသူကချနဲ့။

ငါတို့နှစ်ယောက်ကလဲ တတ်သလောက် မှတ်သလောက် အင်္ဂလိပ်လို ပြန်မှုတ်ရင်းနဲ့ ဘာလိုလို မထိခလုတ် ထိခလုတ် ဇာတ်လမ်းကလေးတွေကလည်း ရှိဘူးတယ်။

“အော်..သောင်မတင် ရေမကျ ငါတို့ ဖမာ့ ဖြစ်ရတဲ့ဘဝလည်း မလွယ်ပါလား”

ဆိုပြီး ငါတို့ရက္ခိုင်နှစ်ယောက်ဟာ တီးတိုး ပြောဖြစ်ကြတယ်။ ခိုင်ကောင်းစံကလည်း ရက္ခိုင်လက်နက်ကိုင်ထဲက ထွက်လာစဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် အားပေး နှစ်သိမ့်ပြီး စိတ်ဖြေကြတာပေါ့။

Related posts

ဘူးသီးတောင် မောင်တောက ပြည်သူ ၅၀၀၀ ကို HDCO က လူသားချင်းစာနာ အကူအညီပေး

Rakhita Times

“သူပုန်ဖြူအဖွဲ့”မှ ကဗျာစာအုပ်နဲ့‌‌ ငွေသားများ ထပ်မံပေးပို့

Rakhita Times

ဦးမြင့်ဆွေ တကယ် ဆုံးပြီ

Rakhita Times

Leave a Comment