မင်းသုတ
သုံးရက်အကြာမှာတော့ ဘုရားသခင်က “လေဝုန်သုန်သုန်” မှတဆင့် မန်နရိတ်ကို ကောင်းချီးပေးခဲ့ပါတယ်။ အဲ့ဒါကတော့ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါတယ်။ ဘုရင်ကြီးကို ဘုရားမှာ အလုပ် လုပ်နေတဲ့ ဗုဒ္ဓဘာသာဝင် ကျွန်တွေကို နည်းနည်း ခွဲပေးစေချင်တယ်လို့ အသနားခံ သဘောထား ပြည့်ဝပြီးတော့ သင့်ကို အင်မတန်မှ ချစ်ခင်လွန်းလှတဲ့ ဘုရင်ကြီးက “ရပါတယ်” လို့ ပြောမှာ မလွဲပါဘူး။ သူ ခွဲပေးတဲ့အခါမှာ ကျွန်တွေရဲ့ နေရာမှာ ကိုယ် လိုချင်တဲ့ ခရစ်ယာန်ကျွန်တွေရဲ့ နာမည်ကို ဖြည့်ပြီး တိုးလိုက်လို့ရှိရင် ရပြီပေါ့။ ဘုရင်ကြီး အဲ့ဒီအထိ အသေးစိတ်ကို စစ်နိုင်မှာ မဟုတ်တဲ့အတွက် သင်ဟာ သင်လိုချင်တဲ့သူအားလုံးကို ရနိုင်ပါတယ်။
မန်နရိတ်ဟာ ချက်ချင်းဆိုသလိုပဲ ဘုရင်ကြီးကို ဝင်ရောက် ဖူးမြော်ခွင့် တောင်းပြီးတော့ မိဖုရားကြီး ပြောပြထားတဲ့အတိုင်း ဘုရင်ကြီးထံမှာ အသနားခံလိုက်တော့ အောင်မြင်ခဲ့ပါတယ်။ ဒီလိုမျိုး မန်နရိတ်ဟာ ခရစ်ယာန်ဘာသာဝင်တွေကို တစ်နေရာတည်းမှာ စုပြီးတော့ နေထိုင်နိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ရက္ခိုင်ဘုရင်ကြီးဟာလည်း ဘာသာရေး မခွဲခြားဘဲ သဘောထား ကြီးကြခဲ့ပါတယ်။ မန်နရိတ်က လေဝုန်သုန်သုန်ရဲ့ အကူအညီကို အင်မတန်မှ ကျေးဇူးတင်နေမယ်ဆိုတာ ပြောစရာကို မလိုတော့ပါဘူး။
သူ့ရဲ့ စာထဲမှာ ကျနော်က ဆက်ပြီးတော့ မန်နရိတ် ရေးသားတာမဟုတ်ဘဲနဲ့ ဂျပန်သံအမတ်ကြီးက သူ့ရဲ့ ထင်မြင်ချက်၊ ရေးသားချက်တွေ ပါလာတော့မှာ ဖြစ်ပါတယ်။ ဒီ “လေဝုန်သုန်သုန်” လို့ ခေါ်တဲ့ သံအမတ်ကြီးဟာ ဘယ်နေရာက ဘယ်သူများ ဖြစ်နိုင်မလဲ။ ပြီးတော့ သူက သူ့ရဲ့ အောက်မှာ အလုပ် လုပ်နေကြတဲ့ ဂျပန်လူမျိုးစု တစ်စု ဂျပန်ကနေ ဝေးလံလှတဲ့ ရက္ခိုင်ပြည် (ရက္ခိုင်ဘုရင့်နိုင်ငံတော်) သို့ ဘယ်လိုများ ရောက်လာခဲ့ကြတာပါလဲ။ မန်နရိတ်ရဲ့ ခရီးသွား မှတ်တမ်းမှာတော့ ဒီအကြောင်းအရာတွေကို တစ်ကြောင်းတစ်ပါဒမျှ ဖော်ပြ မထားခဲ့ပါဘူး။ “လေဝုန်သုန်သုန်” ရဲ့ “လေဝုန်” ဆိုတာကတော့ ကတ်သလစ်ဘာသာဝင်တွေရဲ့ ခရစ်ယာန်အမည် ဖြစ်တယ်ဆိုတာကို သေသေချာချာ သိနိုင်ပြီးတော့ “ဒိုနို” ဆိုတာကတော့ ဂျပန်တွေရဲ့ နာမည်ကို ခေါ်တဲ့အခါမှာ ယဉ်ကျေးတဲ့ အသုံးအနှုန်း ဖြစ်မလားလို့ ယူဆရပါတယ်။
ဂျပန်နာမည်လို့ ကျိန်းသေပေါက်တော့ ပြောလို့ မရပါဘူး။ သို့သော် ကျင့်ဝတ် လိုက်နာရိုသေမှု ဂုဏ်သိက္ခာကို အလေးထားတတ်လွန်းတဲ့ လူပုဂ္ဂိုလ်ဖြစ်ခြင်း၊ ပြီးတော့တစ်ခါ လက်နက်ကို ကိုင်တွယ် တတ်ကျွမ်းမှုကို လိုအပ်တဲ့ ဘုရင့်သက်တော်စောင့် တပ်မှူးနေရာကို ယူခဲ့တယ်ဆိုတာကို သံသယတောင် ဖြစ်နေစရာ မလိုပါဘူး။ သူဟာ ခရစ်ယာန် ဆာမူရိုင်း ဖြစ်တယ်ဆိုလို့ရှိရင် သူက (၁၆၃၀) ပြည့်နှစ်မှာ မန်နရိတ်နဲ့ တွေ့ပြီးတော့ ရှေ့မှာလည်း ရေးသားခဲ့တဲ့အတိုင်း မန်နရိတ်ကို လွန်ခဲ့တဲ့ (၇) နှစ်တာ ကာလမှာ ဘယ်ဘုန်းတော်ကြီးကမှ ကြွမလာခဲ့လို့ ပြောနေခဲ့ခြင်းက ထောက်ဆမယ်ဆိုရင် (၇) နှစ်ခန့်အထက် ရက္ခိုင်ဘုရင့်နိုင်ငံတော်မှာ ရှိနေခဲ့တယ်လို့ ဆိုလိုခြင်း ဖြစ်လာပါမယ်။ တစ်ဖက် ဂျပန်မှာဆိုရင်ဖြင့် (၁၆၀၀) ပြည့်နှစ်ဆိုတာဟာ စစ်ပွဲရဲ့ နောက်မှာ ပူသူဂါဝါအစိုးရရဲ့ ခရစ်ယာန် ဘာသာဝင်တွေကို ဖိနှိပ် နှိမ်နင်းရင်းက တဖြည်းဖြည်း ပြင်းထန်လာပြီးတော့ ယုံကြည် ကိုးကွယ်သူတွေကို သေဒဏ်ပေးလိုက်၊ နိုင်ငံခြားသို့ ပြည်နှင်ဒဏ်ပေးလိုက် စသည်တို့ကို မကြာခဏ ဆိုသလို လုပ်ဆောင်နေခဲ့ကြတာမို့လို့ သူတို့တွေဟာ ဒီလိုမျိုး ဖိနှိပ်မှုတွေက ပြေးပြီးတော့ နိုင်ငံခြားတွေကို တိတ်တဆိတ် ထွက်ပြေးလာကြတာမျိုးလား။
သို့တည်းမဟုတ် နိုင်ငံခြားသို့ ပြည်နှင်ဒဏ် ပေးခဲ့တဲ့သူတွေလား။ တစ်ခုခုတော့ ဖြစ်ပါလိမ့်မယ်။ ဘာပဲပြောပြော အဲ့ဒီခေတ်အခါကတော့ ပေါ်တူဂီသင်္ဘောရဲ့အကူအညီနဲ့ ဂျပန်ကနေ ထွက်လာပြီးတော့ ရက္ခိုင်ဘုရင့်နိုင်ငံတော်သို့ ဝင်ရောက်ခဲ့တယ် ဆိုတာကတော့ ဒီနိုင်ငံဟာ ဗုဒ္ဓဘာသာဝင် နိုင်ငံဖြစ်တယ်ဆိုခြင်းကနေ မှန်းဆကြည့်မယ်ဆိုရင် ဒါက တိုက်ဆိုင်မှုတစ်ခုပဲ ဖြစ်မှာပါလို့ ယူဆရပါတယ်။ ဥပမာ- သူတို့ စီးလာတဲ့လှေဟာ ရက္ခိုင်ကမ်းရိုးတမ်းမှာ သောင်တင်ပြီး နိုင်ငံခြားသားတွေဆိုပြီးတော့ မြို့တော်မြောက်ဦးကို အပို့ခံရပြီး သဘောမတူပေမယ့်လို့ ယုံကြည်အားကိုးဖို့ ကောင်းလှတဲ့ အသွင်အပြင်တွေကြောင့် ဘုရင်ကြီးက သဘောကျ နှစ်ခြိုက် ယုံကြည်သွားပြီး သက်တော်စောင့်တပ်မှူးအဖြစ် ခန့်အပ်လိုက်တယ်လို့ ဆိုတဲ့ အတွေးဟာလည်း မှန်ကန်မယ်လို့ ထင်ပါတယ်။
ရှေ့မှာလည်း ရေးသားခဲ့ပြီး ဖြစ်ပေမယ့်လို့ “ဗန်မာဏိတာ” ဟာ ဒီ ဂျပန်လူမျိုးတွေက ဘုရင်ကြီးထံမှာ ပြည့်ပြည့်ဝဝကို ယုံကြည် အားကိုးခံရပါတယ်လို့ ရေးသားထားပါတယ်။ ပြီးတော့ ကျနော့်ရဲ့ အတွေးတစ်စလို့ ဖြစ်ပေမယ့်လည်း လေဝုန်သုန်သုန်ဟာ မန်နရိတ်နဲ့ ပေါ်တူဂီလူမျိုး အခက်အခဲမရှိ ပြောဆိုပုံတွေကို ထောက်ဆမယ်ဆိုရင် သူဟာ ပေါ်တူဂီစကားကို အင်မတန် တတ်ကျွမ်းတဲ့သူဆိုပြီး ဆုံးဖြတ်လို့ ရပြီးတော့ အဲ့လိုမျိုးဆိုရင် သူဟာ ဂျပန်နိုင်ငံ “ခူးချူး” ရဲ့ ခရစ်ယာန်ဘာသာဝင် ဆာမူရိုင်းအိမ်မှာ မွေးဖွားလာပြီး ငယ်ငယ်ကတည်းက ခရစ်ယာန်ဘုန်းတော်ကြီးတွေထံမှာ ပေါ်တူဂီစကားကို သင်ယူခဲ့တယ်ဆိုပြီး စဉ်းစားလို့လည်း ရနိုင်ပါတယ်။ မန်နရိတ်ရဲ့ ရေးသား ဖော်ပြချက်အရဆိုရင် အဲ့ဒီအချိန်တုန်းက မြောက်ဦးမြို့တော်မှာ ဂျပန်လူမျိုးတွေ နေထိုင်တဲ့ရပ်ကွက်၊ ပေါ်တူဂီလူမျိုးတွေ နေထိုင်တဲ့ရပ်ကွက်၊ ပြီးတော့တစ်ခါ အင်္ဂလိပ်၊ ပြင်သစ်နဲ့ နယ်သာလန်လူမျိုးတွေ နေထိုင်တဲ့ရပ်ကွက်လို့ ငါးခုသော နိုင်ငံခြားသားရပ်ကွက်က ရှိနေတယ်လို့ ဆိုပါတယ်။
ဂျပန်လူမျိုးတွေရဲ့ အရေအတွက်နဲ့ ပတ်သက်လို့ကတော့ မန်နရိတ်ဟာ မိသားစုတွေ အပါအဝင် များစွာသော ဂျပန်လူမျိုးလို့ဆိုရင် တော်တော့်ကို များတဲ့ ဂျပန်လူမျိုးတွေ နေထိုင်ခဲ့ကြတယ်ဆိုတာ မလွဲပါဘူး။ တစ်လက်စတည်း ပြောရမယ်ဆိုရင် ခရစ်ယာန်ဘုရားကျောင်းဟာ ဘုရင်ကြီးထံက ဆောက်လုပ်ခွင့်ကို ရရှိပြီးတော့ ဂျပန်လူမျိုးတွေနဲ့ ကိုယ်တိုင်ပဲ တည်ဆောက်ခဲ့ပြီးတော့ (၁၆၃၀) ပြည့်နှစ်၊ အောက်တိုဘာလမှာ ပြီးမြောက်ပြီးတော့ အဲ့ဒီ ဘုရားကျောင်းဖွင့်ပွဲအခမ်းအနားကိုတော့ (၂၀) ရက်နေ့မှာ ကျင်းပခဲ့ပါတယ်။ ဘုရားကျောင်းရဲ့ အတွင်းအပြင်မှာတော့ ဂျပန်လူမျိုးတွေကိုယ်တိုင် လုပ်ထားတဲ့ ပိုးသားပန်းတွေကို တပ်ဆင်ထားပါတယ်။ “မဏိကေ” ကတော့ ဂျပန်လူမျိုးတွေဟာ အလှအပရေးရာနဲ့ ပတ်သက်ပြီးတော့ အင်မတန်မှ အနု စိပ်လွန်းလှပါတယ်။
အဲ့ဒါကို ဖော်ပြနိုင်တဲ့ အင်အားဟာလည်း အင်မတန်မှကို သာလွန်နေတယ်ဆိုပြီးတော့ ချီးမွမ်း ရေးသားထားတာကို သိရ၊ တွေ့ရပါတယ်။ လေဝုန်သုန်သုန်တို့ရဲ့နောက်ပိုင်း အဖြစ်အပျက်လေးတွေကိုတော့ နောက် ငါးနှစ်အကြာ (၁၆၃၀) ပြည့်နှစ်မှာ နောက်ကျပြီးတော့မှ ပြုလုပ် ကျင်းပခဲ့တဲ့ သီရိသုဓမ္မရာဇာဘုရင်ကြီးရဲ့နန်းတက်ပွဲ အခမ်းအနားမှာ ဂျပန်လူမျိုး အနည်းငယ်တောင်မှ တက်ရောက်ခဲ့တယ်ဆိုပြီးတော့ (၁၉၂၅) ခုနှစ်မှာ ထုတ်ဝေထားတဲ့ အင်္ဂလိပ်စာရေးဆရာကြီး ဂျီတိအီးဟာ့ဝိရဲ့ History Of Burma ဆိုတဲ့ စာအုပ်မှာ ရေးသား ဖော်ပြထားတာကို တွေ့ရပါတယ်။ ဒီ ဂျပန်လူမျိုးဆိုတာဟာ လေဝုန်သုန်သုန် ဖြစ်နိုင်ခြေ ရှိပါတယ်။
မှတ်တမ်းတွေအရ ဆိုလို့ရှိရင်လည်း မန်နရိတ်ဟာ မြောက်ဦးမြို့သို့ နောက်တစ်ဖန် လာရောက်ပြီးတော့ ဒီ (နန်းတက်ပွဲ) အခမ်းအနားသို့ တက်ရောက်ခဲ့တဲ့ပုံပါပဲ။ သို့သော်ငြားလည်း ဒီ သီရိသုဓမ္မဘုရင်ကြီးဟာ သူ့ရဲ့ မိဖုရားနဲ့ အင်မတန်မှကို ရင်းနှီးတဲ့ ပုရောဟိတ်ကြီးလည်းဖြစ်၊ နန်းရင်းဝန်ကြီးလည်းဖြစ်သူရဲ့ ကျိန်စာတိုက်မှုတွေကြောင့် ရုတ်တရက်ဆိုသလို သေဆုံးသွားပြီးတော့ အဲ့ဒီ နန်းရင်းဝန်ကြီးကပဲ ဘုရင့်နေရာကို ဆက်ခံလာပါတယ်။ သူကတော့ နရပတိမင်းပဲ ဖြစ်ပါတယ်။ ဘုရင်အသစ်ဟာ ဘုရင်အဟောင်းရဲ့ ဆွေမျိုးဉာတိ မှန်သမျှတွေကို အကုန်လုံး သုတ်သင် ရှင်းလင်းပစ်တယ်လို့ ရှေ့မှာ ဖော်ပြခဲ့တဲ့ “ဟာဘူယံ” စာအုပ်မှာ ရေးသား ဖော်ပြထားပါတယ်။ ဒီလိုမျိုးဆိုရင် လေဝုန်သုန်သုန်တို့တစ်တွေဟာ ဒီ အဖြစ်အပျက်ကို ဘယ်လိုများ တုံ့ပြန်ခဲ့ကြသလဲဆိုတာဟာ အင်မတန်မှစိတ်ဝင်စားဖို့ ကောင်းလှတဲ့ အချက် ဖြစ်ပါတယ်။
ဘာသာမတူပေမယ့် ကိုယ့်အပေါ်မှာ ယုံကြည် ကိုးစားလှတဲ့အတွက် သီရိသုဓမ္မဘုရင်ကြီးကို သစ္စာခံယူထားတဲ့ လေဝုန်သုန်သုန်တို့တွေဟာ လက်နက်စွဲကိုင်ပြီးတော့ တိုက်ခိုက်တော်လှန်ရင်း မယှဉ်ပြိုင်နိုင်တဲ့ နောက်ဆုံးမှာ သေဆုံးခဲ့ကြတယ်လို့ စဉ်းစားတာဟာလည်း မမှားနိုင်လောက်ပါဘူး။ ပြီးတော့တစ်ခါ ဂျပန်လူမျိုးတွေရဲ့ လူနေရပ်ကွက်နဲ့အတူ ဘုရားကျောင်းဟာလည်း မီးရှို့ခံရတယ်လို့ ထည့်သွင်း စဉ်းစားခြင်းဟာလည်း ဖြစ်သင့်တယ်လို့ ထင်ပါတယ်။ အဲ့ဒီအချိန်တုန်းက မြောက်ဦးမြို့ကြီးဟာ အခုခေတ်မှာဆိုရင်ဖြင့် “မြို့ဟောင်း” ဆိုတဲ့ အမည်နဲ့ အခေါ်ခံရပြီး မြို့နယ်ရုံးစိုက်ရာအဖြစ်သို့ ကျဆင်းနေပေမယ့် ရက္ခိုင်မင်းဆက်တွေရဲ့ သမိုင်းဝင်နေရာတွေ အများအပြားကို ရှိနေပါတယ်။ ကျနော်နဲ့ အင်မတန်မှကို ရင်းနှီးတဲ့ ရက္ခိုင်လူမျိုးတစ်ယောက်ဖြစ်တဲ့ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးသာကျော် အခုဆိုရင်တော့ဖြင့် အင်္ဂလန်သံအမတ်ကြီးကို လေဝုန်သုန်သုန်တို့ရဲ့ အကြောင်းကို ပြောပြပြီးတော့ ခင်ဗျားရဲ့ ခန္ဓာကိုယ်ထဲမှာ အဲ့ဒီဂျပန်လူမျိုးတွေရဲ့ သွေးတွေက ပါနေမလားပဲနော်။
ခင်ဗျားက အင်မတန်မှ စိတ်အားထက်သန်ပြီးတော့ ဂျပန်လူမျိုးဆန်တဲ့ သူမို့လို့လေ။ ဝန်ကြီးက အင်မတန်မှ နှစ်ခြိုက်သဘောကျစွာနဲ့ ပခုံးကိုတောင် လှုပ်ကာ ရယ်မောပြီးတော့ အရင်တုန်းက ကျနော်တို့ရဲ့ ရက္ခိုင်ဘုရင်ကြီးက ဂျပန်လူမျိုးတွေရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ရတဲ့အတွက် အခုတစ်ခါ သံအမတ်ကြီးကို ကျနော်ကိုယ်တိုင် စောင့်ရှောက်ပြီးတော့ သင်္ဘောနဲ့ မြောက်ဦးကို ရေလမ်းကြောင်းအတိုင်း ပို့ပေးမယ်လို့ ပြောဆိုခဲ့ပါတယ်။ ကျနော်ကတော့ မိုးကုန်လို့ရှိရင် မြို့ဟောင်းကို ဝန်ကြီးနဲ့အတူ လည်ပတ်ပြီးတော့ လေဝုန်သုန်သုန်တို့ရဲ့ စားသောက်နေထိုင်ပုံတွေကို တွေးရင်း သူတို့ရဲ့ အုတ်ဂူအစိတ်အပိုင်းလေးပဲဖြစ်ဖြစ် တွေ့မြင်ရှိခဲ့ရင် မင်းတို့တွေရဲ့ ရှိနေခြင်းကို ငါတို့ သိနိုင်ခဲ့ပြီဆိုပြီးတော့ ပြောပြပေးနိုင်ခဲ့ပေမယ့်လို့ မိုးမကုန်ခင်မှာပဲ မြန်မာပြည်ကနေပြီးတော့ အလုပ်ပြောင်းခံလိုက်ရပါတယ်။
အဲ့ဒီ အခွင့်အရေးကိုလည်း ကျနော်ဟာ လက်လွှတ် ဆုံးရှုံးသွားခဲ့ရပါတယ်။ ကျနော့်ကို လေဝုန်သုန်သုန်တို့ရဲ့ အကြောင်းကို သိအောင် ပြောပြပေးခဲ့တဲ့ မန်နရိတ်ဘုန်းတော်ကြီးဟာ ပေါ်တူဂီဇာတိ ဖြစ်ပြီးတော့ အရှေ့တောင်အာရှ သာသနာပြုလုပ်ငန်းတွေဟာ အောင်မြင်တဲ့အတွက် ရောမပုပ်ရဟန်းမင်းကြီးရဲ့ ချစ်ခင်နှစ်သက်မှုကို ခံခဲ့ရပေမယ့်လို့ (၁၆၆၉) ခုနှစ်အတွင်း လန်ဒန်မှာ ခဏတာ နေထိုင်တုန်းမှာ သူ့ကို မုန်းတီးနေတဲ့ ပေါ်တူဂီလက်အောက်ငယ်သားတွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တယ်လို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ မန်နရိတ်ရဲ့ ရေးသားပုံလေးတွေရဲ့ လေဝုန်သုန်သုန်တို့နဲ့ ရင်းနှီး ချစ်ကြည်ပုံကနေပြီးတော့ ထောက်ကြည့်လို့ရှိရင် သူ့ရဲ့ အကျင့်စရိုက်ဟာ လူတွေ မုန်းတီးရလောက် မဖြစ်နိုင်ဘူးလို့ ကျနော် ထင်ခဲ့ပေမယ့်လို့ သနားစရာ ကောင်းလွန်းလှတယ်လို့ ပြောရုံကလွဲပြီးတော့ တခြား မရှိခဲ့ပါဘူး။
အထက်ဖော်ပြပါ လေဝုန်သုန်သုန်တို့ရဲ့ အကြောင်းအရာ သမိုင်းမှန်တွေဟာ ဗမာ့သမိုင်းကို အဓိက သင်ယူထားတဲ့ “အိုးကာ နိုင်ငံခြားဘာသာတက္ကသိုလ်” ရဲ့ ဒုတိယ ပါမောက္ခဖြစ်တဲ့ “အိုးနိုထိုး” တို့တောင်မှ ပထမဆုံး ကြားဖူးတာလို့ ပြောဆိုကြပါတယ်။ ကျနော်ကတော့ ဒီအကြောင်းအရာတွေကို (၁၉၇၄) ခုနှစ်၊ မေလ (၃၀) ရက်နေ့မှာ ဂျပန်စီးပွါးရေးသတင်းစာရဲ့ ယဉ်ကျေးမှုကဏ္ဍမှာ ဖော်ပြခဲ့ပါတယ်။ အဲ့ဒီ သတင်းမှန်ရဲ့ ပူးပေါင်းကူညီမှုကိုလည်း ထပ်မံပြီးတော့ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။ ။
