NewsPolitic

တရုတ်အနေနဲ့ ရက္ခိုင်တိုက်ပွဲအပေါ် ဖိအားပေးလာနိုင်လား

တရုတ်အနေနဲ့ ရက္ခိုင်တိုက်ပွဲအပေါ် ဖိအားပေးလာနိုင်လား

အာရက္ခတိုင်းမ်စ် (၁၉ နိုဝင်ဘာ ၂၀၂၄ ခုနှစ်)

တရုတ်အနေနဲ့ မြန်မာ့နိုင်ငံတည်ငြိမ်စေဖို့ဆိုပြီး ရှမ်းမြောက်တိုက်ပွဲအပေါ်မှာ ဖိအားပေး လုပ်ဆောင်လာသလို ရက္ခိုင်ပြည်က တိုက်ပွဲတွေအပေါ်မှာရော ဖိအားပေးလာနိုင်လားလို့ သုံးသပ်မှုတွေ ရှိနေကြပါတယ်။ 

ယူနန်ပြည်နယ်ဟာ မြန်မာက ကုန်စည်တွေကိုပဲ အဓိက အားထားနေရတာကြောင့် ရှမ်းမြောက်တိုက်ပွဲတွေက သူတို့အပေါ် ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်စေတဲ့အတွက် ဖိအားပေးလာရတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူ တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အဲဒီလို ဖိအားမျိုး ရက္ခိုင်ပြည်အပေါ်ကို လုပ်ဆောင်လာနိုင်ပေမယ့်လည်း ဘယ်အဖွဲ့အစည်းပဲ တားဆီးပါစေ လုပ်စရာရှိတာကို လုပ်ရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။

“မြောက်ပိုင်းအဖွဲ့တွေကို ဖိအားပေးတယ်ဆိုတာက သူ့အလုပ်သူလုပ်တာဖြစ်တယ်။ ကျနော်တို့ ရက္ခိုင်ကိုလည်း သူဖိအားပေးနိုင်တာပါပဲ။ ဒါပေမယ့် ကျနော်တို့ ပြည်သူတွေအနေနဲ့ စဉ်းစားတဲ့အခါကြတော့ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့ စဉ်းစားနေကြတဲ့အချိန်မှာ ခေါင်းဆောင်ပြောထားသလိုပေါ့ အင်္ဂါဂြိုလ်က လာတားရင်လည်း ရမှာမဟုတ်ဘူး ပြောထားသလိုပေါ့။ ရက္ခိုင်ပြည်မှာကတော့ ဘယ်အဖွဲ့အစည်းက လာပြီး တားတား လုပ်စရာ ရှိတာကို ရက္ခိုင်ပြည်သူတွေရော ULA/AA ရဲ့ ဦးဆောင်မှုအောက်နဲ့ လုပ်ကြမှာပေါ့။ external pressure တော့ရှိမယ် ဒါပေမယ့် internal resistance က ပိုအရေးကြီးတယ်။ သူတို့လည်း စဉ်းစားမှာပေါ့။ ဘယ်သူနဲ့ ပူးပေါင်း ဆောင်ရွက်ရင် ပိုကောင်းမလဲပေါ့။ ဒီတိုင်းပြည်အတွက် ဘယ်သူနဲ့ ပူးပေါင်းဆောင်ရွက်ရင် ပိုကောင်း မလဲဆိုတဲ့အပိုင်းမှာ NUG အနေနဲ့ အခုအချိန်ထိတော့ အဆင်သင့်ဖြစ်မနေသေးဘူးလို့ပဲ တရုတ်က သုံးသပ်တာ ဖြစ်မှာပေါ့။ ဒါပေမယ့် NUG ကိုလည်း ဒီတိုင်းကြီး ပစ်ထားလို့တော့ မရပါဘူး” လို့ ပြောပါတယ်။

မြောက်ပိုင်း ၃ ဖွဲ့အနေနဲ့ တရုတ်ရဲ့ ဖိအားပေးမှုတွေကြောင့် NUG နဲ့ မပတ်သက်တော့ဘူးလို့ စာတွေထုတ်တာဟာ လည်း ဟန်ပြသာဖြစ်နိုင်ပြီး တကယ့်မြေပြင်မှာတော့ တွေ့ဆုံမှုတွေ မရှိဘူးလို့ ပြောမရကြောင်း၊ နိုင်ငံရေးမှာ အွန်လိုင်းနဲ့ မြေပြင်ဟာ ထပ်တူမကျကြောင်းလည်း သုံးသပ်ကြပါတယ်။

ပြီးတော့ တရုတ်ဟာ မြောက်ပိုင်း ၃ ဖွဲ့လောက်ကိုသာ ဩဇာလွှမ်းမိုးမှုရှိပြီး တခြား တိုင်းရင်းသားလက်နက်ကိုင် တွေအပေါ်မှာတော့ ထင်သလောက် ဩဇာလွှမ်းမိုးမှုမရှိဘူးလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“တရုတ်က အပစ်ခတ် ရပ်စဲရေးနဲ့ ဖိအားပေးတာက သူ့နယ်စပ်မှာပဲ သူပေးလို့ရမယ်လေ။ အဓိကကတော့ KIA ကဗိုလ်မှူးကြီး နော်ဘူလည်း ပြောတာပဲ။ သူတို့ ဒေသဘက်ကို ကပ်နေတဲ့ဟာတွေ စစ်ဘေးရှောင်တွေ ရောက်မလာဖို့၊ ကျည်ဆံတွေ ရောက်မလာဖို့ အဲဒီလိုပြောတာရှိတယ်လေ။ AA ကြတော့ တရုတ်က ဘာမှ ပြောနိုင်မှာမဟုတ်ဘူး” လို့ ပြောပါတယ်။

ရက္ခိုင်ပြည်မှာတော့ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့အကြား နှစ်ဖက်တိုက်ပွဲတွေဟာ ရပ်တန့်မသွားဘဲ ဖြစ်ပွားနေဆဲဖြစ်ပြီး ရက္ခိုင်ပြည်ရဲ့ မြို့နယ် ၁၇ မြို့နယ်မှာ အာရက္ခတပ်တော်ဘက်က ၁၀ မြို့နယ်ကို သိမ်းပိုက်ရရှိထားတာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးကတည်း တိုက်ပွဲတွေဟာ နေရာအနှံ့မှာ ဖြစ်ပွားနေခဲ့ပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေရသူဦးရေဟာလည်း သန်းနဲ့ချီရှိပြီဖြစ်ပါတယ်။

Related posts

စစ်တွေကနေ လက်နက်ကြီးတွေနဲ့ စစ်ကောင်စီ ပစ်ခတ်နေ

Rakhita Times

MOD လက်အောက်ခံ တပ်ရင်းအချို့ AA ထံ ကူးပြောင်း

Rakhita Times

ပင်လယ်ဓါးပြတိုက်ခံထားရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၆ ဦး ကို AA ကယ်ထုတ်

Rakhita Times

Leave a Comment