NewsPolitic

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက ပိုများလာနိုင်

အာရက္ခတိုင်းမ်စ် (၂၇ နိုဝင်ဘာ ၂၀၂၄)

တိုင်းဒေသကြီးနဲ့ ပြည်နယ်အများစုမှာ နယ်မြေဆုံးရှုံးမှုတွေ ဖြစ်ပေါ်နေတာကြောင့် စစ်ကောင်စီအနေနဲ့ လေကြောင်းနဲ့ တိုက်ခိုက် ဗုံးကြဲမှုတွေဟာ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

 ၂၀၂၃ခုနှစ် နိုဝင်ဘာလ ကနေ ၂၀၂၄ခုနှစ် ဧပြီလ အထိ ခြောက်လတာအတွင်း လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၃၀၀၀ ကျော်လုပ်ခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar)ရဲ့ အောက်တိုဘာလထုတ် သုတေသနအချက်အလက်က ဖော်ပြပါတယ်။

အခုကာလဟာ ပွင့်လင်းရာသီဖြစ်တဲ့အတွက် တိုက်ပွဲတွေ တစ်ဖန် ပြန်ပြင်းထန်လာနိုင်တယ်လို့ မြန်မာ-တရုတ် အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

“သူရှုံးထားတဲ့ မြို့နယ်တွေကို ပြန်မရတဲ့အခါကြတော့ အစကတည်းက သူတို့ ကြိမ်းထားတယ်လို့ ပြောတယ်။ ဟိုင်ဂင် အစည်းအဝေးတို့ ဘာတို့မှာ TNLA တို့ ဘာတို့ စစ်ဗိုလ်တွေ ကိုယ်စားလှယ်အဖွဲ့ အင်တာဗျူးတွေမှာ ပြောနေတာ ကြားတယ်။ စကစက စစ်ဗိုလ်တွေက ပြောတယ်တဲ့ ခင်များတို့ သိမ်းနိုင်သလောက် သိမ်းလေ။ ခင်များတို့ အုပ်ချုပ်မရအောင် ကျနော်တို့ ဗုံးကြဲပစ်မယ်လို့ ပြောထားတယ်လို့ ပြောတယ်။ ဆိုတော့ အဲဒီအရှိန်နဲ့ သူတို့ လုပ်နေတာ ဖြစ်မှာပေါ့။ တရုတ်ဘက်ကလည်း အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ တော်တော်တော့ ဖိအားပေးနေပါတယ်။ မြောက်ပိုင်းအဖွဲ့တွေလည်း ပေးတယ်။ စစ်ကောင်စီကိုလည်း ပေးပုံရတယ်။ စစ်ကောင်စီက နောက်ဆုတ်ဖို့ စဉ်းစားပုံမရဘူး။ အခု ပွင့်လင်းရာသီလည်း ရောက်လာတော့ တိုက်ပွဲတွေက တစ်ဖန် ပြန်ပြီးတော့ ပြင်းထန်လာတတ်တယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ဥာဏ်လင်းသစ်ရဲ့ အချက်အလက်တွေအရ  ၂၀၂၃ ခုနှစ်မှာ လေကြောင်း တိုက်ခိုက်မှု အကြိမ်ရေ ၁၄၇၆ ကြိမ် ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာအထိ ကိုးလမှာတင် ၁၉၁၅ ကြိမ် ရှိလာကာ အကြိမ် ၅၀၀ ကျော် တိုးလာပါတယ်။

၂၀၂၄ ခုနှစ်မှာ လေကြောင်းတိုက်ခိုက်မှု ပိုများလာတာဟာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နဲ့ လားရှိုးမြို့ ကို စစ်တပ်က လက်လွှတ်ဆုံးရှုံးခဲ့ရတာနဲ့ ဆက်စပ်နေတယ်လို့ ထောက်ပြကြပါတယ်။

ဒုတိယအကြိမ် ပြန်လည်စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ ၇၁ ကြိမ်၊ ဩဂုတ်လမှာ ၂၂၉ ကြိမ်နဲ့ စက်တင်ဘာလမှာ ၁၅၂ ကြိမ် ရှိခဲ့တယ်လို့ သုတေသန စာရင်းတွေအရ သိရပါတယ်။

မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က “တရုတ်ဓာတ်ဆီလောင်းပေးနေတဲ့ အနေအထား အောက်မှာတော့ တိုးလာမှာ သေချာပါတယ်။ အခုကတော့ ရှမ်းမြောက်ဒေသက အဓိကပေါ့‌ဗျာ။ နောက် မကြာခင် သူတို့က မန္တလေးတိုင်းနဲ့ အညာဒေသမှာ စစ်ကြောင်းလှုပ်ရှားမှုတွေ ပူးတွဲနေတဲ့ လေကြောင်း ထိုးစစ်တွေ ပိုပြီး များလာလိမ့်မယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တပ်ရဲ့ တိုင်းစစ်ဌာနချုပ်ပါ ဆုံးရှုံးထားရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း က လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးကတော့ ရက္ခိုင်ပြည်ထဲက အာရက္ခတပ်တော် ထိန်းချုပ်နယ်မြေတွေ ဖြစ်ပါတယ်။

ကိုးကန့်တပ် MNDAA သိမ်းလိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တည်ရာ လားရှိုးမြို့ပေါ်ကတော့ စစ်တပ်ရဲ့ နေ့စဥ်ရက်ဆက် လေကြောင်းဗုံးကြဲမှုကို ခံနေရပါတယ်။

MNDAA ရဲ့ အချက်အလက်အရ လားရှိုးမြို့နယ် တစ်ခုတည်းမှာတင် စက်တင်ဘာလ တစ်လအတွင်း လေကြောင်း တိုက်ခိုက်ခံရမှု ၁၅ ကြိမ်ရှိခဲ့ပြီး ၉ ဦးထက်မနည်း သေဆုံးခဲ့ကာ လူ ၅၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဒ့ါအပြင် ရက္ခိုင်ပြည်၊ သံတွဲမြို့ကို စက်တင်ဘာ ၁၆ ရက် က စစ်ကောင်စီရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၁၄ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

Related posts

တော်လှန်ရေးပန်းတိုင်ရောက်အောင် အားလုံးဝိုင်းကြိုးစားရအောင်လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လပြော

Rakhita Times

အမျိုးသားတန်းတူရေးကို အမြဲတမ်း လုပ်ငန်းစဉ်အဖြစ် AASYC က သတ်မှတ်

Rakhita Times

အိန္ဒိယက မှတ်ပုံတင်သိမ်းထားလို့ မြန်မာစစ်ရှောင်တွေ စိုးရိမ်

Rakhita Times

1 comment

hghjfjdoss_wjkr ဧပြီ 17, 2026 at 5:37 ညနေ

Discover the amazing features of hghjfjdossa and elevate your experience today.
These developments have broadened the scope of research considerably.

Reply

Leave a Comment