NewsPolitic

ဘင်္ဂလားဒေ့ရှ်နယ်စပ် တစ်ခုလုံးကို AA အပြည့်အဝ ထိန်းချုပ်၊ စစ်ကောင်စီ ဗိုလ်မှူးချုပ် အဆင့်အထိ ဖမ်းဆီးရမိ

အာရက္ခတိုင်းမ်စ် (၁၁ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် မောင်တောမြို့နယ်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်အားလုံးကို အာရက္ခတပ်တော်မှ အပြည့်အဝ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီ ဗိုလ်မှူးချုပ် အဆင့်အထိကို ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဘူးသီးတောင် အခြေစိုက် အမှတ် ၁၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ဦးစီးအရာရှိ၊ တပ်ကြပ်များအပါအဝင် မွတ်ဆလင်လက်နက်ကိုင်များနဲ့ စစ်လက်နက်ခဲယမ်း အများအပြားကို ဖမ်းဆီးရမိခဲ့တယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ခဲ့ပါတယ်။

မောင်တောမြို့ကို ၂၀၂၄ခုနှစ် စက်တင်ဘာလ ၈ ရက်ကတည်းက သိမ်းပိုက်ရရှိခဲ့သော်လည်း မြို့စောင့်တပ် နခခ ၅ ကိုမူ ဒီဇင်ဘာလ ၈ ရက်မှ သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။

အင်အား ၇၀၀ ကျော်နဲ့ M14 မိုင်းပေါင်း ၁၀၀၀ ကျော်ဖြင့် ကာရံထားတဲ့ မောင်တောမြို့စောင့်တပ် နယ်ခြားစောင့်တပ်စခန်း နခခ ၅ ကို အာရက္ခတပ်တော် က တစ်လက်မချင်းတိုးပြီး တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း အာရက္ခတပ်တော်က ဆိုပါတယ်။

စစ်ကောင်စီက မောင်တော နခခ ၅ တပ်စခန်းကို အင်အား ၇၀၀ ကျော်ဖြင့် တပ်စွဲထားသလို စခန်းပတ်ပတ်လည်ကိုလည်း သံဆူးကြိုး နှစ်ထပ်ဖြင့် ကာရံထားပြီး အချို့နေရာများတွင် ပေ ၂၀ ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားကာ စူးချွန်များထောင်ထားကြောင်းနဲ့ ထောင့်မှန်စတုဂံ ပတ်လည်ပုံစံရှိ လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ ၂၀ ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိကြောင်း သိရပါတယ်။

ထို့အပြင် စခန်းအတွင်းတွင် ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး ၃၀ ကျော်လည်း ပါဝင်ကြောင်းနှင့် သဘာဝတရားရဲ့ အကာအရံအဖြစ် စခန်းရှေ့ပတ်ပတ်လည်နီးပါးတွင် ချောင်းတစ်ခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူသောအနေအထားမျိုးဖြင့် တည်ရှိနေသော စခန်းကြီးဖြစ်ကြောင်း အာရက္ခတပ်တော် က ဆိုပါတယ်။

မောင်တောမြို့စောင့်တပ် နခခ ၅ စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အား ၇၀၀ ကျော်ထဲက ၄၅၀ အထက်ကို ရှင်းလင်းနိုင်ခဲ့ကြောင်းလည်း အာရက္ခတပ်တော် က ဆိုပါတယ်။

မောင်တောမြို့သိမ်းတိုက်ပွဲမှာ တပ်မဟာအချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှု အားကောင်းခဲ့ကြောင်းနဲ့ ကျဆုံးသွားသော အာရက္ခစစ်သည်များ၊ ရဲဘော်များ နဲ့ ဒဏ်ရာရရှိခဲ့သူများကို လေးနက်စွာ မှတ်တမ်းတင် ဂုဏ်အပ်ကြောင်းလည်း အာရက္ခတပ်တော် က ဆိုပါတယ်။

လက်ရှိတွင် နခခ ၅ ထဲမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ရှိနေသဖြင့် သူတို့ကို လိုက်လံရှာဖွေလျက်ရှိကြောင်းနဲ့ ကျန်ရှိနေသေးတဲ့ အမ်း၊ တောင်ကုတ်၊ ဂွမြို့များမှ စစ်ကောင်စီ တပ်စခန်းများ တခုပြီးတခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း အာရက္ခတတပ်တော် က ထုတ်ပြန်ထားပါတယ်။

Related posts

မင်းပြားက ရွာ ၁၆ ရွာ ရေနစ်မြုပ်နေ

Rakhita Times

တောင်ကုတ်မှ ရိုးလမ်းကိုဖြတ်ကျော်ပြီး စစ်ဘေးရှောင်ထွက်ပြေးနေသူတွေ ခရီးလမ်းကြမ်းတမ်းမှုကြောင့် လမ်းမှာသေဆုံးသွားသူများရှိနေ

Rakhita Times

ULA/AA နှင့် ထောက်လှမ်းရေးအခန်းကဏ္ဍ

Rakhita Times

1 comment

rent yacht montenegro 247 မေ 5, 2026 at 11:25 ညနေ

rent a yacht Montenegro sail Montenegro

Reply

Leave a Comment