အာရက္ခတိုင်းမ်စ် (၂၂ ဇန်နဝါရီ ၂၀၂၅)
အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်နဲ့ ဧရာ၀တီနယ်စပ်ဖြစ်တဲ့ ပွိုင့် ၃၆၉ ကုန်းနဲ့ ရေကြည်မြို့ ချင်းစုကျေးရွာအနီးမှာ စစ်ကောင်စီနဲ့ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ အမ်းမြို့နယ်အတွင်ရှိ ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်းကျေးရွာ အနီးရှိ အမ်း-ပဒါန်း ကားလမ်းမပေါ်တွင်လည်း စစ်ကောင်စီနဲ့ အပြန်အလှန် ထိုးစစ်၊ ခံစစ် တိုက်ပွဲများ ဖြစ်ပွားနေတာ တစ်ပတ်ကျော် ကြာပြီလို့လည်း အာရက္ခတပ်တော်က ထုတ်ပြန်ထားပါတယ်။
အခုလို ရက္ခိုင်ပြည်က စစ်ရေး ဧရာ၀တီဘက်ကို ကူးလာတာဟာ အာရက္ခတပ်တော်အနေနဲ့ သိမ်းပိုက်ထားတဲ့ ရက္ခိုင်ပြည်ထဲက မြို့တွေကို ကာကွယ်ဖို့အတွက် ရိုးမတစ်လျှောက် စစ်ရေးအရ ခြံစည်းရိုးကာတာ ဖြစ်နိုင်တယ်လို့ ပအိုးဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ဧရာ၀တီတိုင်းနဲ့ မကွေးတိုင်းတို့ဆိုတာ မူလတိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ကိုယ့်ရည်းမှန်းချက် နိုင်ငံရေးမှာ အဲဒီဟာတွေ မပါဘူး။ ရက္ခိတလမ်းစဉ်ဆိုလည်း ရက္ခိုင်ပြည်၊ ရက္ခိုင်နယ်မြေနဲ့ပဲ ပတ်သက်တာကို။ ဒါကြောင့် ဒီနေရာတွေကတော့ စစ်ရေးဟန်ပြသာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်လည်း ရရှိပြီးသား မိမိရဲ့ နယ်မြေကို ပိုမို ခိုင်ခံ့စေချင်တဲ့အနေနဲ့ ခြံစည်းရိုးထပ်ကာတာလည်း ဖြစ်နိုင်တာပေါ့။ ကိုယ့်နယ်မြေထဲကို နောက်ထပ် လာပြီးတော့ ထိုးဖောက်ဝင်ရောက်ပြီး နှောင့်ယှက်မှု မလုပ်နိုင်အောင် ရိုးမတစ်ကြောကို စစ်ရေးအရ ခြံစည်းရိုး လိုက်ကာတယ်လို့ ထင်ပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက တပ်မ ၈၈၊ ၉၉ လက်အောက်ခံတပ်ရင်းများ မကွေး ကပစ ပါဝင်တဲ့ စစ်ကြောင်းဟာ ဇန်နဝါရီလ ၁၁ က စတင်ကာ အာရက္ခတပ်တော်ကို အကြိမ်ကြိမ် ထိုးစစ်ဆင်သော်လည်း အထိအခိုက် အဆုံးအရှုံးနဲ့ ဆုတ်ခွာထွက်ပြေးကြတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အဆိုပါ တစ်ပတ်ကျော်ကြာတိုက်ပွဲအတွင်းတွင် စစ်ကောင်စီတပ်သားအလောင်း အများအပြား ရရှိခဲ့ပြီး လက်နက်ခဲယမ်း စစ်အသုံးအဆောင်ပစ္စည်းအများအပြားနဲ့ စစ်သုံပန်းအချို့ ဖမ်းဆီရမိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
စစ်ကောင်စီဟာ ရက္ခိုင်ပြည်အပေါ် လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှု များလာတာကြောင့် ဒေသခံလူထု သေကြေပျက်စီးမှုတွေ ရှိနေပြီး အချိန်မရွေး စစ်ပွဲဖြစ်သွားနိုင်တဲ့အတွက် စီမံကိန်းတွေတည်ရှိတဲ့ နိုင်ငံကြီးတွေအနေနဲ့ ကြားဝင်စေ့စပ်ညှိနှိုင်းပေးဖို့ သင့်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) မှ ပြောရေးဆိုခွင့်ရှိသူ ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အခုက ရက္ခိုင်က သီးခြားပုံစံ ဖြစ်လာတယ်။ အခုနောက်ပိုင်းမှာ ပြည်နယ်တစ်ခုလုံးလောက်ကို သိမ်းထားတဲ့ ဟာမျိုး ဖြစ်သွားပြီ။ ကျန်တဲ့ မြို့နယ်တွေဆိုတာကလည်း ညှိနှိုင်းဖို့အတွက် ချန်ထားတယ်ဆိုတဲ့ အနေထားမျိုး ဖြစ်နေတယ်။ ဒီအချိန်မှာ စစ်ကောင်စီက မအလက လက်လွှတ်ရတော့မယ်ဆိုတဲ့ အနေထားမျိုးမှာ အခုဆိုရင် ပြီးခဲ့တဲ့ တစ်ပတ်အတွင်းမှာရော အပြစ်မဲ့ပြည်သူတွေကို လာပြီးတော့ ဗုံးလာကြဲတယ်၊ အကြမ်းဖက်တယ်။ လူ့အခွင့်အရေးကို ချိုးဖောက်တာတွေ ရှိတယ်။ ဒီဟာတွေဟာ စေ့စပ်ညှိနှိုင်းခြင်းအားဖြင့် ပြည်သူတွေလည်း ထိခိုက်သေကြေမှု နည်းသွားမယ်။ နောက်တစ်ခါ နိုင်ငံတကာရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကလည်း လုံခြုံမယ်လို့ ထင်တယ်။ အဲဒီလိုမျိုး စေ့စေပ်ညှိနှိုင်း အဖြေရှာတဲ့ဟာ မဟုတ်ဘဲနဲ့ အကြမ်းဖက်ပြီး ပြည်သူတွေကို သတ်လာ တယ်ဆိုရင်တော့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေအတွက် ကာကွယ်မှုတွေဟာ စည်းကျိုးနိုင်တယ်ပေါ့။ ဒီဒေသမှာ အချိန်မရွေး စစ်ဖြစ်လာတယ်ဆိုတဲ့အခါ ကျန်နေတဲ့ ကျောက်ဖြူ SEZ တို့လို့ ရေနက်ဆိပ်ကမ်းတို့လို အပါအဝင် ကုလားတန်စီမံကိန်းဆိုတဲ့ဟာမျိုးဟာ တိုက်ပွဲဖြစ်လာရင် အဲဒီဟာတွေလည်း ထိခိုက်လာနိုင်တယ်။ ဒါကို နိုင်ငံကြီးတွေအနေနဲ့ ကြားဝင် စေ့စပ်ညှိနှိုင်းပေးဖို့ သင့်တယ်လို့တော့ ပြောချင်တယ်” လို့ သူက ပြောပါတယ်။
အာရက္ခတပ်တော်ဟာ ရက္ခိုင်ပြည်က ပလက်ဝအပါအဝင် မြို့နယ် ၁၅ ခုကို သိမ်းပိုက်နိုင်ပြီး ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အာရက္ခတပ်တော်ဘက်က လက်ရှိ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေး အခင်းအကျင်း၊ အဖြစ်အပျက်များကို စစ်ရေးနဲ့ ဖြေရှင်းတာထက် နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ အမြဲအသင့်ရှိကြောင်း ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီနောက် ရက္ခိုင်ပြည်ထဲကို စစ်ကောင်စီဘက်က ဒီနှစ်အတွင်း လေကြောင်းတိုက်ခိုက်မှုတွေဟာ ပြန်လည် စတင် လာခဲ့သလို ဧရာ၀တီဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားလာနေခဲ့တာပဲ ဖြစ်ပါတယ်။

2 comments