အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၅ ခုနှစ်)
တိုက်ပွဲဖြစ်ပွားမှု ၁ နှစ်ကျော်ရှိလာပြီဖြစ်တဲ့ ရက္ခိုင်ပြည်မှာ အလုပ်အကိုင်တွေ ရှားပါးပြီး ဝင်ငွေရရှိမှု မရှိတဲ့ အတွက်ကြောင့် ပွဲစားအချိတ်အဆက်တွေနဲ့ တရုတ်ဇနီးမယားအဖြစ် သွားရောက် လုပ်ကိုင်နေကြတာတွေ ရှိလာ တယ်လို့ ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါဟာ လူကုန်ကူးမှုမြောက်ပေမယ့်လည်း ဒေသခံတွေကိုယ်တိုင်က ရက္ခိုင်ပြည်ထဲ အလုပ်အကိုင် ရှားပါးတာကြောင့် စားဝတ်နေရေးအတွက် လိုလိုလားလား သွားရောက်လုပ်ကိုင်နေကြတာ ဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“အခုစစ်တွေမြို့မှာ အလုပ်အကိုင် တော်တော် ရှားပါးနေတဲ့အတွက် အမျိုးသမီးတွေက တရုတ်တွေမှာ သားဖောက်တယ်ဆိုတဲ့ အလုပ်ပေါ့ တရုတ်ရဲ့ မယားပေါ့ အဲဒီလိုဆိုပြီး ပွဲစားတွေက တရုတ်ကို လွှတ်တယ်။ လွှတ်တဲ့ အတိုင်းအတာမှာ ပိုက်ဆံက လက်ငင်းမပေးဘူး။ စရိတ်ခံပြီး ခေါ်သွားတယ်။ မန္တလေးဆို မန္တလေး၊ ရန်ကုန်ဆို ရန်ကုန်ပေါ့။ အဲဒီလိုမျိုး ရောက်တဲ့နေရာရောက်မှ ၁၀ သိန်းသော်လည်းကောင်း၊ သိန်း ၂၀ သော်လည်းကောင်း အဲဒီလို ပေးတယ်။ တရုတ်ပြည်နဲ့ နီးစပ်တဲ့နေရာကို ရောက်သွားပြီးတော့ သူတို့ ဝယ်တဲ့ ဝယ်လက်ဆီကို ရောက်မှ ပိုက်ဆံအပြည့် ရတယ်။ အဲဒါသည်လည်း တစ်ယောက်ကို သိန်း ၆၀ လို့တော့ ပြောတယ်။ ၈၀ ပေးတာတဲ့။ ၂၀ ကို ပွဲစား စားတယ်လို့ ပြောတယ်” လို့ သူက ပြောပါတယ်။
ပွဲစားတွေက လူစုဆောင်းတဲ့အခါမှာ အလုပ်အကိုင်ကို လိမ်လည်ခေါ်ယူတာမျိုးမဟုတ်ဘဲ အမှန်အတိုင်း ပြောပြီး ခေါ်ယူတာဖြစ်တဲ့အလျောက် သွားလုပ်ချင်သူတွေကလည်း အလိမ်ခံရပြီး သွားလုပ်ကြတာမဟုတ်ဘူးလို့ သိရပါတယ်။
အဲဒီလို ခေါ်ဆောင်တဲ့အခါမှာ ရက္ခိုင်ပြည်ကနေ လေယာဉ်နဲ့ ရန်ကုန်၊ မန္တလေးတို့ကနေ တဆင့် ခေါ်ဆောင်တာဖြစ်ပြီး အသားအရောင် မည်းတဲ့သူဆိုရင် မကြိုက်ကြတဲ့အတွက် ဈေးလျှော့ပေးရတာတွေ ရှိတယ်လို့ ကြားရကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။
“ယောကျ်ားရှိတဲ့လူကလည်း ပိုက်ဆံ သွားရှာမှာမို့လို့ တရားဝင်လွှတ်တာတို့ ဘာတို့ ရှိတယ်။ အဲဒါ နေရေး ထိုင်ရေး စားဝတ်နေရေး အခက်အခဲကြောင့် ၆၀ ဆိုလည်း မနည်း စားရတာ ဆိုတော့လေ။ ၆၀ ဆိုတာ အပြီးနော်။ ဘယ်အချိန်မှ ပြန်လာရမယ်မှန်း မသိဘူး။ ၁ နှစ်ကြာမှာလား၊ နောက် ကလေးမွေးရမှာလား ဘာလားလည်း မသိဘူးပေါ့။ ပထမတစ်သုတ် သွားကြတာ မန္တလေးလေယာဉ်နဲ့ သွားကြတယ် ကြားတယ်။ မန္တလေးကနေမှ တရုတ်ပြည်ကနေ လာခေါ်မယ့်သူက တရုတ်နယ်စပ်ကို စောင့်နေတဲ့ အဲဒီမှာပဲ ထားတယ်” လို့ သူက ပြောပါတယ်။
အရင်က တရုတ်ဇနီးမယားအဖြစ် သွားရောက်လုပ်ကိုင်ကြဖို့အတွက် ပွဲစားတွေက လူစုဆောင်းတဲ့အခါမှာ အလုပ်အကိုင်ကို အမှန်တိုင်းမပြောဘဲ လိမ်လည်ကာ ခေါ်ယူကြခြင်းဖြစ်ပြီး အညာဒေသနဲ့ တခြားတိုင်းရင်းသား ဒေသမှ အများဆုံး သွားရောက်ကြခြင်း ဖြစ်ပါတယ်။
အခု နောက်ပိုင်းမှာတော့ ပွဲစားတွေဟာ တရုတ်ဇနီးမယားအဖြစ် သွားရောက် အလုပ်လုပ်ကိုင်ကြဖို့အတွက် လူမှုကွန်ရက်မီဒီယာတွေကနေတဆင့် တွင်တွင်ကျယ်ကျယ် ပြုလုပ်လာကြတာကို တွေ့ရပါတယ်။
အခုလိုမျိုး တရုတ်ဇနီးမယားအဖြစ် ခေါ်ယူတာဟာ တရုတ်နိုင်ငံမှာ တရားဝင် ခွင့်ပြုထားတဲ့အရာ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ လူကုန်ကူးမှု မြောက်ပါတယ်။

9 comments