အာရက္ခတိုင်းမ်စ် (၂၅ ဧပြီ ၂၀၂၅)
ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာကို ဒီကနေ့ မနက်ပိုင်းတွင် စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ ဒေသခံ အမျိုးသမီး ၃ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မနက် ၁၀ နာရီလောက်က လိပ်ခမော်ရွာ အနောက်တောင်ဖက်နားကို ဒရုန်းနဲ့ ၅ ကြိမ်လာပြီး ဗုံး ၈ လုံး ကြဲချခဲ့တယ်” လို့ ကျောက်ဖြူမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ ဒရုန်းနဲ့ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကျောက်ဖြူမြို့နယ် လိပ်ခမော်ကျေးရွာနေ အသက် ၄၇ နှစ် အရွယ် ဒေါ်သိန်းသိန်းအေး၊ အသက် ၃၉ နှစ် အရွယ် ဒေါ်ချောစု နဲ့ ဒေါ်ချောစုရဲ့ သမီး အရွယ်မရောက်သေးတဲ့ ကလေးသူငယ် အသက် ၁၁ နှစ် အရွယ် မမေသဇင်ခိုင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မနေ့က (ဧပြီလ ၂၄ ရက်) စစ်ကောင်စီရဲ့ အသေခံဒရုန်းနဲ့ ဗုံးကြဲချခဲ့လို့ ကျောက်ဖြူမြို့နယ် ရေနံတောင်ရွာသား ဦးလှစံ နဲ့ ရေနံတောင်ကို စစ်ဘေးရှောင် ရောက်နေသူ ဒေါ်မယဉ်နု တို့လည်း သေဆုံးခဲ့ရပါတယ်။
စစ်ကောင်စီရဲ့ အသေခံဒရုန်းဟာ ကျောက်ဖြူမြို့နယ် ရေနံတောင်ကျေးရွာကို ဧပြီလ ၂၄ ရက် နေ့လည် ၂ နာရီ ၅၆ မိနစ်တွင် ၁ ကြိမ်၊ ၃ နာရီ ၅ မိနစ် တွင် ၁ ကြိမ် နဲ့ ၃ နာရီ ၁၄ မိနစ် တွင် ၁ ကြိမ် စုစုပေါင်း ၃ ကြိမ် လာရောက် တိုက်ခတ်ခဲ့တာလို့လည်း သိရပါတယ်။
ရက္ခိုင်ပြည်ကို ငလျင်ကြောင့် အပစ်အခတ် ရပ်စဲထားတဲ့ စစ်ကောင်စီဟာ ဧပြီလ ၂ ရက် ကနေ ၂၂ ရက် အတွင်း တိုက်လေယာဉ်များနဲ့ လေကြောင်း တိုက်ခိုက်ခြင်း၊ ဒရုန်းများနဲ့ တိုက်ခိုက်ခြင်း၊ စက်တပ်လေထီးနဲ့ တိုက်ခိုက်ခြင်း၊ ရေတပ်သင်္ဘောများကနေ ပစ်ခတ်ခြင်း နဲ့ လက်နက်ကြီးများနဲ့ ပစ်ခတ်ခြင်း စတဲ့ တိုက်ခိုက်မှုများနဲ့ ၄၀၉ ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ HDCO က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီဟာ ငလျင်ဒဏ်ကြောင့် ပထမအကြိမ်အဖြစ် ဧပြီလ ၂ ရက် ကနေ ၂၂ ရက် အထိ အပစ်ရပ်ကြေညာခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ဧပြီလ ၃၀ ရက်အထိ သက်တမ်းတိုးတယ်လို့ ကြေညာထားပါတယ်။

154 comments