NewsPolitic

ပလက်ဝက နေအိမ်တွေမှာ ကျောက်တော်က တိုက်ပွဲရှောင်တွေကို AA က နေခိုင်းထား

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၂၉ ဧပြီ ၂၀၂၅)

အာရက္ခတပ်တော် တိုက်ခိုက်သိမ်းပိုက်ပြီး ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ဒေသခံတိုက်ပွဲရှောင်တွေရဲ့ နေအိမ်တွေမှာ ကျောက်တော်ကနေ တိမ်းရှောင်လာတဲ့သူတွေကို အာရက္ခတပ်တော်က နေထိုင်ခွင့် ပေးထားတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။

ပလက်ဝမှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားတာကြောင့် ပလက်ဝဒေသခံ အများစုက နေရပ်စွန့်ခွာပြီး ရန်ကုန်နဲ့ အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြတာပဲ ဖြစ်ပါတယ်။

အဲဒီလို ထွက်ပြေးသွားကြတဲ့ ပလက်ဝဒေသခံတွေရဲ့ နေအိမ် ၂၃၀ ဝန်းကျင်ခန့်မှာ ရက္ခိုင်ပြည်၊ ​ကျောက်တော်မြို့နယ်ကနေ တိုက်ပွဲရှောင်လာကြတဲ့သူတွေကို အာရက္ခတပ်တော်က နေထိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

အဲဒီအိမ်တွေကို ထိန်းသိမ်းစောင့်ရှောက်တဲ့အနေနဲ့ နေထိုင်ခွင့်ပြုထားတာဖြစ်တယ်လို့ အာရက္ခတပ်တော်က ပြောတာဖြစ်တယ်လို့ ပလက်ဝဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ပလက်ဝမှာ ဒီလိုဖြစ်တော့ ထွက်ပြေးကြတယ်မလား ပလက်ဝသူ၊ ပလက်ဝသားတွေက။ အဲဒါ အိမ်ပဲ ကျန်ခဲ့တယ်လေ။ အဲဒါမှာ ကျောက်တော် ရက္ခိုင်ဘက်က အိမ်ခြေ ၂၃၀ လောက်ကို ပလက်ဝဘက်မှာ အခြေစိုက်ဖို့ ရက္ခိုင်တွေကို AA က ခေါ်တယ်တဲ့။ ဒါကတော့ သူတို့ပြောတာက လောလောဆယ် အိမ်တွေကို ဒီအတိုင်းထားခဲ့လို့ မဖြစ်တဲ့အတွက် အစောင့်သဘောနဲ့ ငါတို့ ထိန်းပေးတာလို့ ပြောတယ်တဲ့” လို့ ပြောပါတယ်။

ပလက်ဝဒေသခံတွေရဲ့ နေအိမ်တွေပေါ်မှာ အခုလို နေထိုင်ခွင့်ပြုလိုက်တာကို သဘောမကျပေမယ့် လက်ရှိမှာ တိုက်ပွဲရှောင်နေရတာဖြစ်တာကြောင့် တားမြစ်ဖို့ အဆင်မပြေတဲ့ အနေအထားမှာရှိနေတယ်လို့လည်း ပြောပါတယ်။

ပလက်ဝဒေသခံတစ်ယောက်က “ဒီကလူတွေ တချို့ ရန်ကုန်ရောက်ပြီးမှ ကျနော်တို့နဲ့ နီးစပ်တဲ့သူပြောတာတော့ အားမသန်လို့ မာန်လျှော့ရတယ် ဆိုတာပေါ့။ သူတို့ကတော့ ကိုယ်လည်း မရောက်နိုင်၊ သူတို့နေတော့ ကိုယ်လည်း မနေနဲ့ ဘာညာ တားရင်လည်း ဖုန်းနဲ့ပဲ တားလို့ရမှာ။ တကယ်လို့ အဲဒီဘက်က အနီးအနားကလူတွေ တားရင်လည်း အိမ်မီးရှို့တာတို့ ဖြစ်သွားမှာကိုလည်း သူတို့​က ကြောက်တယ်လေ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ဒေသခံတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခံရတာရှိပေမယ့် အခုလို နေထိုင်ခွင့်ပြုကြတာ မရှိတာကြောင့် ပလက်ဝဒေသခံတွေက သူတို့ရဲ့ နေအိမ်တွေ ဆုံးရှုံးသွားမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ကို အာရက္ခတပ်တော်က စစ်ကောင်စီနဲ့ ထိုးစစ်ဆင်ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

Related posts

ဂွမြို့နယ်တွင် ကျေးရွာတချို့ ရေကြီးနေ

Rakhita Times

ကျောက်တော်နဲ့ ပလက်ဝမြို့နယ် အစပ်ကို ဂျက်ဖိုက်တာ ၅ စီးနဲ့ စကမ ဗုံးကြဲ(Breaking News)

Rakhita Times

ဘင်္ဂလားကိုယ်စားလှယ်နဲ့ နယ်စပ်ကုန်သွယ်ရေးကို AA ဆွေးနွေးဖို့လို

Rakhita Times

1,277 comments

Leave a Comment