BusinessNewsPolitic

ကိုးကန့်လို တရုတ်က AA ကို ဖိအားပေးနိုင်တဲ့ အနေအထား မရှိ

Featured Video Play Icon

အာရက္ခတိုင်းမ်စ် (၉ မေ ၂၀၂၅)

ကိုးကန့်တပ် MNDAA ကို တရုတ်က ဖိအားပေးပြီးတော့ သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီလက်ထဲကို ပြန်အပ်လိုက်ရပေမယ့် အာရက္ခတပ်တော် ကိုတော့ အဲဒီလို ဖိအားပေးလို့ရတဲ့ အနေအထားမှာ မရှိဘူးလို့ သုံးသပ်ကြပါတယ်။

ရက္ခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ ရေနက်ဆိပ်ကမ်းတွေ၊ ရေနံပိုက်လိုင်းတွေ စတဲ့ အကျိုးစီးပွားတွေ အခိုင်အမာ ရှိပေမယ့် သူတို့ရဲ့ အကျိုးစီးပွားကို မထိခိုက်ဖို့အတွက်ကိုပဲ ဖိအားပေးလို့ ရနိုင်မှာပါ။

သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို စစ်ကောင်စီလက်ထဲ ပြန်အပ်ဖို့၊ အပစ်အခတ် ရပ်စဲဖို့ဆိုတဲ့ ဖိအားမျိုးတွေကိုတော့ တရုတ်က အာရက္ခတပ်တော်အပေါ်ကို ပေးလို့ရတဲ့ အနေအထား မရှိဘူးလို့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံကတော့ ကျနော်တို့ ရက္ခိုင်ပြည်မှာ စီးပွားရေးကဏ္ဍမှာ အများကြီးရှိတယ်။ ရေနက်ဆိပ်ကမ်းတို့၊ နောက်တစ်ခုက ရေနံပိုက်လိုင်းတို့၊ ဓာတ်ငွေ့ပိုက်လိုင်းတို့ စသည်အားဖြင့် ရက္ခိုင်ပြည်၊ မဒေးကျွန်းမှာ အခိုင်အမာ စီးပွားရေး အဆောက်အအုံတွေ ဆောက်ထားပြီးတော့မှ အခြေချနေတာ ရှိတယ်။ အဲဒီတော့ နိုင်ငံတစ်ခုအနေနဲ့ မိမိရဲ့ အကျိုးစီးပွားအတွက်ကတော့ လိုအပ်သလို ပြောဆိုမှုတွေ ရှိလာနိုင်တယ်။ ဒါပေမယ့် ဖိအားနဲ့တော့ ဝေးကွာနေတဲ့ ရက္ခိုင်ပြည် ULA/AA အပေါ်မှာတော့ ကိုးကန့်တို့လို ဖိအားနဲ့တော့ ရနိုင်လိမ့်မယ်လို့ မထင်ဘူး။ ပထဝီအရ ဝေးကွာမှုတွေ ရှိနေတယ်။ ULA/AA ကလည်း ပြောထားတာ ရှိတယ်။ သူတို့အနေနဲ့ ဖိအားပေးမှုတွေကို လက်မခံဘူးဆိုတဲ့ ထုတ်ပြန်ချက်တွေ ရှိနေတဲ့အခါ ဖိအားပေးရင်လည်း အနေအထားကတော့ ကိုးကန့်နဲ့ ULA/AA ရဲ့ အနေအထားက ကွာခြားနေပါတယ်” လို့ ပြောပါတယ်။

အာရက္ခတပ်တော်က ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်က စပြီးတော့ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်ပြီး ရက္ခိုင်ပြည်က မြို့နယ် ၁၇ မြို့နယ်မှာ မြို့နယ် ၁၄ ခု အပါအဝင် ချင်းပြည်၊ ပလက်ဝမြို့နယ်ကိုလည်း သိမ်းပိုက်ထားနိုင်ခဲ့ပါတယ်။

လက်ရှိမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေရှိတဲ့ ကျောက်ဖြူမြို့ကို သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်လျက် ရှိနေပါတယ်။

ဒါပေမယ့် တရုတ်ကတော့ အာရက္ခတပ်တော်အပေါ်မှာ ဖိအားပေးတာမျိုးတွေ မတွေ့ရသလို အာရက္ခတပ်တော်ကလည်း လိမ်လိမ်မာမာနဲ့ တရုတ်ကို ဆက်ဆံနေတာ ဖြစ်တယ်လို့ တရုတ် – မြန်မာအရေး ကျွမ်းကျင်သူ ဒေါက်တာလှကျော်ဇောက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခုထိတော့ ဖိအားပေးတာမျိုး မကြားသေးဘူး။ AA ကလည်း တော်တော်ကို ဆက်ဆံရေး နူးနူးညံ့ညံ့ ဆက်ဆံနေတာပဲ။ သူတို့ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ မထိခိုက်ရပါဘူး၊ ဘာဘူး၊ ညာဘူး။ သူလည်း လိမ်လိမ်မာမာ၊ ပျော့ပျော့ပျောင်းပျောင်း လုပ်နေတာပဲ၊ ကြည့်ကြသေးတာပေါ့” လို့ ပြောပါတယ်။

အာရက္ခတပ်တော်ကတော့ ရက္ခိုင်ပြည်သူ၊ ပြည်သားတွေ လွတ်မြောက်ဖို့အတွက် ရက္ခိုင်ပြည်မှာ စစ်ကောင်စီ ကင်းစင်တဲ့နယ်မြေအဖြစ် ဖော်ဆောင်မယ်လို့ ထုတ်ပြန်ပြောဆိုထားတာ ဖြစ်ပါတယ်။

လက်ရှိမှာဆိုရင် အာရက္ခတပ်တော်က ရက္ခိုင်ပြည်ကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဖော်ဆောင်ဖို့ဆိုရင် ကျန်ရှိနေတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေကို သိမ်းပိုက်ဖို့ပဲ ကျန်တော့တာ ဖြစ်ပါတယ်။

Related posts

ရက္ခိုင်ပါတီများ ခိုင်လုံမဲ ၁ ရာခိုင်နှုန်းအောက်သာ ရရှိ

Rakhita Times

ရေကြည်က ၁၈၈ တောင်ကုန်းစခန်းကို AA သိမ်းပိုက်

Rakhita Times

တရုတ်နဲ့ အိန္ဒိယစီမံကိန်းတွေကို လက်နက်ကိုင်တွေက နှောင့်ယှက်မယ်မထင်

Rakhita Times

100 comments

Leave a Comment