အာရက္ခတိုင်းမ်စ် (၁၇ မေ ၂၀၂၅)
မလေးရှားနိုင်ငံကို ပို့ဆောင်မယ့် မူးယစ်ဆေးဝါး ကျပ် ၂၈၂ ဒဿမ ၃၂၅ ဘီယီယံခန့်နဲ့ ပါဝင်ပတ်သက်သူ ၂၆ ဦးတို့ကို ဖမ်းဆီးရမိခဲ့ပြီးတော့ အဲဒီထဲမှာ အာရက္ခတပ်တော် (AA ) ကို ထောက်ပို့ပေးနေတဲ့သူတချို့ ပါဝင်နေပြီး အာရက္ခတပ်တော်က မူးယစ်ဆေးဝါး ရောင်းချနေတယ်လို့ စစ်ကောင်စီက စွပ်စွဲလိုက်ပါတယ်။
အာရက္ခတပ်တော်က မူးယစ်ဆေးဝါးတွေကို ရောင်းချလို့ရတဲ့ ငွေကြေးတွေနဲ့ လက်နက်ခဲယမ်းတွေကို ဝယ်ယူပြီး ရက္ခိုင်ပြည်အတွင်းမှာ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်ဆိုပြီး စစ်ကောင်စီရဲ့ မနေ့က မေလ ၁၆ ရက်နေ့ သတင်းမှာ ထုတ်ပြန်စွပ်စွဲထားတာပဲ ဖြစ်ပါတယ်။
မူးယစ်ဆေးဝါးတွေနဲ့ အတူ ဖမ်းဆီးရမိခဲ့တဲ့ အာရက္ခတပ်တော် AA ရဲ့ ထောက်ပံ့ရေးတာဝန်ခံ နေပိုင်လင်း (ခ) အောင်နိုင်ကြွယ် ရဲ့ ထွက်ဆိုချက်ဆိုပြီး စစ်ကောင်စီက အဲဒီလို ပြောထားတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလ ၂၆ ရက်နေ့မှာ မလေးရှားနိုင်ငံကို ပို့ဆောင်ဖို့အတွက် လုပ်ဆောင်နေတဲ့ ပီနံအိတ် ၃၁ အိတ်နဲ့ ထည့်ထားတဲ့ မူယစ်ဆေးဝါး ICE ၆၁၈ ကီလိုဂရမ်နဲ့အတူ “ အားမာန်သစ်” နာမည်နဲ့ စက်လှေတစ်စီးကို ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့ရဲ့အနောက်တောင်ဘက် ရေမိုင် ၆၀ ခန့်အကွာ ပင်လယ်ပြင်မှာ တရားခံ သိန်းဇော် (၄၃) နှစ်၊ သက်ဦး (၅၆) နှစ်၊ အောင်မြင့် (၅၁) နှစ်၊ သိန်းဇော် (၅၆) နှစ်တို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
နောက်ပြီး မူးယစ်ဆေးဝါးတွေ တင်ဆောင်လာတဲ့ ချစ်ဆန်းကို (၄၄) နှစ်ကို ဖျာပုံမြို့က အောင်သရဖူ KTV မှာ ဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရတဲ့သူတွေရဲ့ ထွက်ဆိုချက်တွေအရ ဧပြီလ ၂၇ ရက် ညနေပိုင်းမှာ မူးယစ်ဆေးဝါး ရောင်းချတဲ့ AA ထောက်ပံ့ရေး တာဝန်ခံ နေပိုင်လင်း (ခ) အောင်နိုင်ကြွယ် (၃၄ )နှစ်နဲ့အတူ ကျော်မင်းသန်း (ခ) မောင်လုံး (၃၆ )နှစ်၊ အောင်မိုးဝင်း (ခ) ဝင်းခိုင် (၄၅) နှစ်၊ ပြည့်စုံ (ခ) နွားကြီး (၃၅) နှစ်တို့ကို ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ FMI အိမ်ရာမှာ ဖမ်းဆီးရမိခဲ့ပါတယ်။
အဲဒီဖမ်းဆီးရမိသူတွေရဲ့ ထွက်ဆိုချက်တွေအရ ဧပြီလ ၂၇ ရက်နေ့မှာလည်း တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့ရဲ့ အနောက်ဘက် ရေမိုင် ၁၈၀ ခန့်အကွာ ပင်လယ်ပြင်မှာရှိတဲ့ ကုန်တင်သင်္ဘောတစ်စီးပေါ်က ပီနံအိတ် ၂၂၀ အိတ်နဲ့ ထည့်သွင်းတင်ဆောင်လာတဲ့ ICE ၃၄၇၅ ကီလိုဂရမ်၊ ကတ်တမင်း ၂၀၀၀ ကီလိုဂရမ် ကိုလည်း ကိုဆန်းလွင် (၆၅) နှစ် အပါဝင် နောက်ထပ်တရားခံ ၁၂ ဦးကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ပြောပါတယ်။
ထပ်ပြီး မေလ ၁ ရက်နေ့မှာလည်း တရားခံ နေပိုင်လင်း (ခ) အောင်နိုင်ကြွယ်နဲ့ အတူ မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းချရာတဲ့နေရာမှာ ပါဝင်နေတဲ့ အာရက္ခတပ်တော်ရဲ့ ထောက်ပံ့ရေးအဖွဲ့ဝင်တွေ ဖြစ်တဲ့ ပိုင်ပိုင်ထွေး (ခ) အောင်နိုင်ထွေး (ခ) အောင်နိုင်သူ (ခ) ပိုင်ပိုင် (၂၆) နှစ်၊ အပါအဝင် ၃ ဦးကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့ပြီး မေလ ၆ ရက်နေ့ ညနေပိုင်းမှာလည်း ကွင်းဆက်တရားခံဖြစ်တဲ့ ကောင်းမြတ်သူ (၂၅) နှစ်ကိုလည်း ထပ်မံ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုထားပါတယ်။
မေလ ၁၁ ရက်နေ့ ညနေပိုင်းမှာတော့ အာရက္ခတပ်တော် AA ရဲ့ ထောက်ပံ့ရေး ဒုတိယတာဝန်ခံ နေမြင့်ထွန်း (ခ) ပြည့်စုံ (ခ) လူကြီး (၄၁) နှစ် ကိုလည်း ပီနံအိတ် ၃၂ အိတ်ထဲမှာ ထည့်သွင်းသိုဝှက်ထားတဲ့ ကတ်တမင်း ၁၀၀၀ ကီလိုဂရမ်နဲ့ အတူ ထပ်မံ ဖမ်းဆီးရမိခဲ့ပြီးတော့ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးရဲ့ စုစုပေါင်း ကာလ တန်ဖိုးငွေကျပ် ၂၈၂.၃၂၅ ဘီလီယံ နဲ့ အတူ မူးယစ်ဆေးဝါးတရားခံ ၂၆ ဦးကိုပါ စစ်ကောင်စီ အနေ နဲ့ ဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ဖမ်းဆီးရမိတဲ့ ၂၆ ဦးကို ICE ၄၀၉၃ ကီလိုဂရမ် (၁ ကီလို ဂရမ်လျှင်ကျပ်သိန်း ၂၅၀ ဖြင့်)၊ ကတ်တမင်း ၃၀၀၀ ကီလိုဂရမ်(၁ ကီလိုဂရမ်လျှင် ကျပ်သိန်း ၆၀၀ ဖြင့်)၊ ကာလတန်ဖိုးငွေကျပ် ၂၈၂ ဒသမ ၃၂၅ ဘီလီယံခန့်တို့နဲ့အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ မူးယစ်ဆေးဝါးတွေကို ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ ဝမ်ဟိုင်းကျေးရွာနေ ဖမ်းဆီးရန်ကျန်ရှိနေတဲ့ ကိုစိုင်း၊ ကိုတရုတ် (ခ) စိုင်းအောင်လူတို့ထံကနေ ဝယ်ယူပြီး မလေးရှားနိုင်ငံပို့ ပို့ဆောင်တာ ဖြစ်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

1 comment
birxbet giri? 1xbet-giris-38.com .