အာရက္ခတိုင်းမ်စ် (၁၈ မေ ၂၀၂၅)
ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် နေရာတချို့မှာ စစ်ကောင်စီက သွားလာခွင့်နဲ့ ကုန်စည်သယ်ဆောင်တာတွေကို ကန့်သတ်ထားတယ်လို့ သိရပါတယ်။
ရန်ကုန် – ပုသိမ် ကားလမ်းပေါ်မှာရှိတဲ့ ကြက်သွန်ကွင်းဂိတ်ကနေ ကဇင်းဘောအထိကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ နှစ်ဖက်ပိတ်ပြီး သွားလာခွင့်ကို ပိတ်ထားတာ ဖြစ်ပါတယ်။
ကုန်စည်တွေကို သယ်ဆောင်ရာမှာလည်း ဆန်ဆိုရင် ၁၂ ပြည်သာ သယ်ဆောင်ခွင့်ပြုထားပြီး ဈေးဝယ်တဲ့အခါမှာလည်း ဈေးဝယ်ဘောက်ချာတွေကို ပြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ရှိ စစ်ကောင်စီ ကန့်းသတ်လိုက်တဲ့ သာပေါင်းကျေးရွာက ဒေသခံတွေဟာ သာပေါင်းနဲ့ ပုသိမ်မြို့ဘက်မှာ ဆန်၊ ဆီ စတဲ့ ကုန်စည်တွေကို လာဝယ်ကြရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေ ဖြစ်နေကြတယ်လို့ သာပေါင်းဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ည ၆ မနက် ၆။ နောက်ပြီးတော့ ဆန်လည်း အများကြီး မသယ်ရဘူးလေ။ ဈေးဝယ်လာရင်တောင် ဘောက်ချာပြရတယ်တဲ့။ ငဝန်မြစ် အဲဒီနားဝန်းကျင်ပေါ့။ ငဝန်မြစ်အနောက်ခြမ်းပေါ့။ ရက္ခိုင်ရိုးမဘက်ခြမ်းလောက်ပါပဲ။ ငဝန်မြစ်အနောက်ဘက်ခြမ်းတောင်မှ မကျီးစင်၊ ဘောမိ၊ ဝါးယားချောင်း အဲဒီနယ်မြေတစ်ဝိုက်ပေါ့။ ဝါးယားချောင်းဘက်မှာတော့ အဲဒီဘက်မှာလည်း ဂိတ်တွေ ရှိသေးပုံပေါ်တယ်။ ဒါပေမယ့် အဲဒီဝါးယားချောင်းဂိတ်နဲ့ ကြက်သွန်ကွင်းဂိတ်ကြားမှာ ဝါးယားချောင်းဂိတ်ကတော့ ဟိုဘက်ကို သွားမှလေ၊ တော်တော်ဟိုဘက်ကို သွားတဲ့သူက တော်တော်ရှားသွားပြီလေ။ ဝါးယားချောင်းဂိတ်နဲ့ ပုသိမ် – သာပေါင်း ကားလမ်းမပေါ့။ ကြက်သွန်ကွင်းဂိတ်ဆိုတာ ပုသိမ် – သာပေါင်း ကားလမ်းမဘေးမှာ။ အဲဒီနားနဲ့ ဒီကြားထဲမှာရှိတဲ့ တောတွေ၊ တောင်တွေထဲမှာ ရွာလေးတွေ ရှိတယ်လေ။ ဘိုတောင်းတို့ ဘာတို့ အဲဒီအပိုင်းတွေက ဈေးဝယ်ရင် သာပေါင်းတို့၊ ပုသိမ်တို့မှာ လာဝယ်ရတာလေ။ ကြက်သွန်ကွင်းတို့ကတော့ ရွာကြီးတွေပေါ့။ အဲဒီမှာ ဆန်တို့၊ ဆီတို့၊ ငရုတ်၊ ကြက်သွန် လာဝယ်ကြတာလေ။ အဲဒီကြားထဲကတော့ ဒုက္ခရောက်တာပေါ့” လို့ ပြောပါတယ်။
ကျေးရွာနေ ပြည်သူတွေဟာ မီးသွေးဖုတ်လုပ်ငန်း၊ သီဟိုဠ်ခြံလုပ်ငန်းတွေကို လုပ်ကိုင်ကြတာကြောင့် အခုလို ကုန်စည်နဲ့ သွားလာခွင့်တွေကို ကန့်သတ်လိုက်တာဟာ ပိုပြီးတော့ အခက်တွေ့စေပါတယ်။
တချို့ဆိုရင် ဆန်အစား ဆန်ကွဲတွေကိုသာ သယ်ယူသွားကြတာတွေလည်း ရှိတယ်လို့ သာပေါင်းဒေသခံတစ်ယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ အဲဒါကတော့ ကြာပြီ။ ကြာပြီဆိုတာက ခြံထဲမှာ၊ တောထဲမှာ သူတို့ သီဟိုဠ်ခြံရှိတာကိုး။ သိဟိုဠ်ခြံသွားတာတောင်မှ ဆန်တွေဘာတွေ ယူသွားရင် စကားများရလို့၊ ဆန်ကွဲပဲ ယူသွားရတယ်။ တစ်စိတ်တစ်ခွဲ ယူသွားတဲ့အခါကျတော့ များတယ် နည်းတယ် စကားပြောရတာပေါ့။ အဲဒီတော့ ဘာမှမပြောရအောင်လို့ဆိုပြီးတော့ အဲဒါပဲ ယူသွားကြတယ်တဲ့” လို့ ပြောပါတယ်။
သာပေါင်းမြို့နယ်နဲ့ ရက္ခိုင်ရိုးမကြား၊ ဧရာဝတီနဲ့ ရက္ခိုင်ပြည်အစပ်၊ ဧရာဝတီနဲ့ ပဲခူးတိုင်းအစပ်တွေမှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲတွေ ပြင်းထန်နေတာပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့် စစ်ကောင်စီက ကုန်စည်တွေ အာရက္ခတပ်တော်ထံကို ရိက္ခာအနေနဲ့ ရောက်သွားမှာကို စိုးရိမ်တာကြောင့် အခုလို ကန့်သတ်တာလည်း ဖြစ်ပါတယ်။
