အာရက္ခတိုင်းမ်စ် (၃ သြဂုတ် ၂၀၂၅)
စစ်ကောင်စီရဲ့ နေဗီကနေ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ်တောရပ်ကွက်ကို မနေ့က (၂ သြဂုတ်) ညနေ ၃ နာရီခွဲခန့်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ နေအိမ်တလုံးပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ မနေ့က ၂ လုံး ကျပေါက်ကွဲသံ ကြားရတယ်။ သံတွဲမြို့ပေါ်ကကို ကြားရတာ။ နေဗီကနေ လှမ်းပစ်တာ” လို့ သံတွဲမြို့ ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ နေဗီကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးဟာ သံတွဲမြို့နယ် ငပလီမြို့ ဂျိတ်တောရပ်ကွက် အမှတ် ၄ က ဦးအောင်ထွန်း နေအိမ် နဲ့ ဦးစိန်အောင်ကြည် နေအိမ်နောက်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အာရက္ခတပ်တော်အနေနဲ့ သံတွဲအခြေစိုက် ခမရ (၅၆၆) တပ်ရင်းကို ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၇ ရက်တွင် သိမ်းပိုက်ခဲ့ပြီး သံတွဲလေဆိပ်ကို ဇူလိုင် ၅ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။
အလားတူ သံတွဲမြို့နယ်က စစ်ကောင်စီရဲ့ တခုတည်းသော လက်ကျန်စခန်းဖြစ်တဲ့ ရေတပ် ပင်မရေငုပ်နဲ့ ဆယ်ယူရေး တပ်စခန်း (Central Naval Diving and Salvage Deport Myanmar Navy) CNDSD မောင်ရွှေလေးရေတပ်စခန်းကို အာရက္ခတပ်တော် က စက်တင်ဘာလ ၅ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
စစ်ရေးအရ ရှုံးနိမ့်နေတဲ့စစ်ကောင်စီဟာ သူလက်လွှတ်လိုက်ရတဲ့နယ်မြေတွေကို လေယာဉ်နဲ့ ဗုံးကြဲခြင်း၊ လက်နက်ကြီးနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခြင်းတို့ကို နေ့စဉ်လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။

3 comments