NewsPolitic

RNP ပါတီတွင် ANP အမတ်ဟောင်းတချို့ ဝင်ရောက်ယှဉ်ပြိုင်မည်

အာရက္ခတိုင်းမ်စ် (၁၈ အောက်တိုဘာ ၂၀၂၅)

ရခိုင်အမျိုးသားပါတီ (ANP) ရဲ့ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းဖြစ်ခဲ့တဲ့ ဦးဘရှိန် ဦးဆောင်တဲ့ ရခိုင်တိုင်းရင်းသားများပါတီ (RNP) မှာ ANP ပါတီရဲ့ အမတ်ဟောင်း တချို့လည်း ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၂) ရက်နေ့က မာန်အောင်မြို့နယ် ကအီးကုန်းခင်းကျေးရွာမှာ (RNP) ပါတီရဲ့ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါတယ်။

အဲ့ဒီ ဆိုင်းဘုတ်စိုက်ထူရာကို ANP ပါတီမှ အမတ်ဝင်ပြိုင်ခဲ့သူလည်းဖြစ်သလို ပါတီဦးဆောင်ကော်မတီဝင်များဖြစ်တဲ့ ဒေါ်အေးနုစိန်၊ ဦးထွန်းအောင်ကျော်တို့နှင့် ရှေ့နေလုပ်ခဲ့ဖူးတဲ့ ဦးတင်ညို တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ (၁၂) ရက်နေ့က ဦးတင်ညိုရဲ့ Facebook လူမှုကွန်ရက်စာမျက်နှာတွင် “ မာန်အောင်မြို့နယ် ရဲ့ တောင်ဖက်အစွန်ဆုံးမှာရှိတဲ့ ကအီးကုန်းခင်ကျေးရွာမှာ ရခိုင်တိုင်းရင်းသားများပါတီ ရဲ့ ကျေးရွာဆိုင်းဘုတ်ကို အောက်တိုဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က စည်ကားသိုက်မြိုက်စွာ စိုက်ထူ ဖွင့်လှစ်နိုင်ခဲ့ပါတယ်” လို့ ရေးသားထားပါတယ်။

ဦးတင်ညိုဟာ ဦးဘရှိန်ဦးဆောင်တဲ့ (RNP) ပါတီရဲ့ မာန်အောင်မြို့နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် စစ်ကော်မရှင်ကျင်းပတဲ့ ရွှေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ စုံစမ်းသိရှိရပါတယ်။

ဦးတင်ညိုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ANP ပါတီရဲ့ သံတွဲနဲ့ ဂွ မြို့နယ်တို့မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

ဒါ့အပြင် မာန်အောင်မြို့နယ်ရဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်ခဲ့တဲ့ ဦးကျော်သန်းဟာလည်း RNP ပါတီမှ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဒါပေမဲ့ ဦးကျော်သန်းဟာ ဘယ်နေရာ၊ ဘယ်မြို့ကို ဝင်ရောက်ယှဉ်ပြိုင်မှာကိုတော့ မသိရသေးပါဘူး။

အာဏာသိမ်းစစ်တပ်က ဦးဆောင်ကျင်းပမဲ့ ရွေးကောက်ပွဲမှာ ရခိုင်က RNP ပါတီ အပါအဝင် ဒေါက်တာအေးမောင်ဦးဆောင်တဲ့ ရခိုင့်ဦးဆောင်ပါတီ (AFP)၊ ရခိုင်ပြည်နယ် အမျိုးသားအင်အားစုပါတီ (RSNUP)၊ ခမီအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ မြိုတိုင်းရင်းသားပါတီနှင့် မြိုတိုင်းရင်းသားဖွံ့ဖြိုးရေးပါတီ (MNDP) တို့ ဝင်ရောက်ယှဉ်ပြိုင်သွားကြမှာ ဖြစ်ပါတယ်။

ဒီပါတီတွေဟာ ရက္ခိုင်ပြည်က စစ်မကော်ရှင် ထိန်းချုပ်ထားဆဲဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့အပြင် ရန်ကုန်နှင့် အခြား ပြည်မရောက် ရက္ခိုင်စစ်ဘေး‌ရှောင်များထံမှ ဆန္ဒမဲကို မျှော်လင့်နေကြတာပါ။

စစ်မကော်ရှင်က ရွေးကောက်ပွဲ ပထမအပိုင်းကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ မြို့နယ်ပေါင်း ၁၀၂ မြို့မှာ ကျင်းပသွားမှာဖြစ်ပြီး ရွေးကောက်ပွဲကို အပိုင်းသုံးပိုင်းနဲ့ ကျင်းပသွားမယ်လို့ စကမရဲ့ ရွေးကော်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။

စကမရဲ့ ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံး ဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ ၆ ပါတီ၊ ပြည်နယ်နှင့် တိုင်းတွင် ဝင်ရောက်ယှဉ်ပြိုင်မယ့်နိုင်ငံရေးပါတီ ၅၁ ပါတီ၊ စုစုပေါင်း နိုင်ငံရေးပါတီ ၅၇ ခုမှ ကိုယ်စားလှယ်လောင်း ၅,၀၀၀ ကျော် ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Related posts

အရေးပေါ်လိုအပ်နေတဲ့ ဆေးရုံသုံးပစ္စည်းများနဲ့ ဆေးဝါးများ ကူညီပေးရန် AA တောင်းဆို

Rakhita Times

ကျောက်တော်က တိုက်ပွဲရှောင်စခန်းတချို့ သောက်သုံးရေလိုအပ်နေ

Rakhita Times

ဗိုလ်ချုပ်ထွန်းမြတ်နိုင် အပါအဝင် AA ကို မူးယစ်မှောင်ခို အဖွဲ့အဖြစ် စကမ စွပ်စွဲ

Rakhita Times

Leave a Comment