NewsPolitic

စကမ ကို အရေးယူပေးရန်နဲ့ ပြည်သူများကို ကာကွယ်ပေးရန် KNU တောင်းဆို

အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၅)

အပြည်ပြည်ဆိုင်ရာအသိုင်းအဝိုင်းအနေနဲ့ စစ်ကော်မရှင်ရဲ့ အကြမ်းဖက်မှုများကို အရေးယူပေးရန်နဲ့ ပြည်သူများအပေါ် ထိရောက်တဲ့ အကာကွယ်ပေးမှုများကို အရေးပေါ်ဆောင်ရွက်‌ပေးရန် ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ် (KNU) က တောင်းဆိုလိုက်ပါတယ်။

KNU အနေနဲ့ ရက္ခိုင်ပြည်၊ မြောက်ဦးဆေးရုံ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အရေးပေါ်အခြေအနေများအပေါ် ဝမ်းနည်းကြေကွဲရပြီး စိုးရိမ်ပူပန်မိကြောင်း၊ ပြည်သူ့ဆေးရုံကဲ့သို့သော အရပ်သားဆိုင်ရာ အခြေခံအဆောက်အအုံကို တိုက်ခိုက်ခြင်းဟာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာမှု ဥပဒေများကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

“ ဆေးဘက်ဆိုင်ရာ အဆောက်အအုံများ၊ ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်း အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ အာဏာသိမ်းစစ်အုပ်စုရဲ့ လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချပါတယ်။ အဆိုပါ လုပ်ရပ်များဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေအရ စစ်ရာဇဝတ်မှုများအဖြစ် သတ်မှတ်ရမှာ ဖြစ်ပါတယ်” လို့ KNU က ဆိုပါတယ်။

စစ်ကော်မရှင်ဟာ ရက္ခိုင်ပြည်အပြင် ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်အတွင်းတွင်လည်း ဒီဇင်ဘာလ ၁ဝ ရက်၊ ညပိုင်းမှာ ဂျက်ဖိုက်တာလေယာဉ် တစင်းနဲ့ ပေါင် (၅ဝဝ) ဗုံးသီး တလုံးကို လိန်ပင်ကျေးရွာအတွင်းသို့ လာရောက်ကြဲချခဲ့ရာ ပြည်သူတဦး သေဆုံးပြီး နေအိမ်များနဲ့ ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ရသလို နတ်သံကွင်းအထိုင်တပ်ကနေပြီး လက်နက်ကြီး (၁၂၀) မမ သုံးလုံးကို ရွှေခဲစုကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့ရာတွင်လည်း ပြည်သူတဦး ထပ်မံ သေဆုံးခဲ့ပြီး နေအိမ် သုံးလုံး အပါအဝင် ပြည်သူပိုင်ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၈ ရက်နေ့မှာလည်း အာဏာသိမ်း အကြမ်းဖက် စစ်အုပ်စုဟာ နတ်သံကွင်းကနေပြီး ဒရုန်းနဲ့ ကျောက်စရစ်အရှေ့ဘက်ကမ်း ကျေးရွာအတွင်းသို့ နှစ်ကြိမ် ပစ်ခတ်ခဲ့ရာ ကျေးရွာဆေးပေးခန်းတွင် တလုံး ပေါက်ကွဲထိမှန် ပျက်စီးခဲ့သလို ပါရာမော်တာ (စက်တပ်လေထီး) နဲ့ ကျောက်စရစ်အနောက်ဘက်ကမ်း ကျေးရွာအတွင်းသို့ ပစ်ခတ်ခဲ့တာ‌ကြောင့် ဘုန်းကြီးကျောင်း နှစ်ကျောင်း ပျက်စီးခဲ့ပြီး ဦးဇင်းတပါးနဲ့ ပြည်သူ နှစ်ဦး သေဆုံးကာ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

Related posts

ကျောက်တော် မြောက်ဦးမှာ ပိုက်ဆံ ရာတန်တွေ အသုံးမဝင်သလို ဖြစ်နေ

Rakhita Times

သံတွဲ ကြံ့ခိုင်ရေး နှင့် စစ်သားစုဆောင်းရေးရုံး ကို စစ်ကောင်စီ ဗုံးကျဲ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

လက်နက်ကြီးကျည် ထိမှန်ခဲ့တဲ့ မိုးစဲကျွန်းမက ၁၀ နှစ် အရွယ် ကလေးငယ်သေဆုံး

Rakhita Times

1 comment

Leave a Comment