NewsPolitic

အာဏာသိမ်းပြီးနောက် ရက္ခိုင်ပြည်သူ ၇၀၀ ကျော် သေဆုံး၊ ၃၀၀ ကျော် ဖမ်းဆီးခံရဆဲလို့ AAPP ဆို

အာရက္ခတိုင်းမ်စ် (၁၇ ဇန်နဝါရီ ၂၀၂၆)

စစ်ကော်မရှင် အာဏာသိမ်းပြီးနောက် ရက္ခိုင်ပြည်က ပြည်သူ ၇၀၀ ကျော် သေဆုံးခဲ့ပြီး ၃၀၀ ကျော် ဖမ်းဆီး ထိန်းသိမ်းခံရဆဲ ဖြစ်တယ်လို့ AAPP က အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။

အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် ကနေ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၆ ရက်အထိ ရက္ခိုင်ပြည်က အပြစ်မဲ့ပြည်သူ စုစုပေါင်း ၄၆၇ ဦး ဖမ်းဆီးခံခဲ့ရပြီး သူတို့အနက် ၃၆၃ ဦး ကတော့ ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရက္ခိုင်ပြည်က ကျား (၄၄၈) ဦး၊ မ (၂၆၉) ဦး စုစုပေါင်း ၇၁၇ ဦး သေဆုံးခဲ့တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ တာဝန်ရှိသူတဦးက ဆိုပါတယ်။

“အကြမ်းဖက်စစ်အုပ်စုဟာ ပြည်သူကို အကြောက်တရားနဲ့ ဖိနှိပ်ဖို့ ဆိုးရွားရက်စက်တဲ့ နည်းလမ်းမျိုးစုံကို အသုံးပြုနေပါတယ်။ အပြစ်မဲ့ ပြည်သူတွေ၊ ကလေးတွေနဲ့ အမျိုးသမီးတွေကို မတရားပုဒ်မတွေတပ်၊ ပြစ်ဒဏ်ချပြီး အကျဉ်းထောင်နံရံတွေရဲ့နောက်မှာ ဖမ်းဆီးချုပ်နှောင်ထားတာဟာ လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖောက်နေတာဖြစ်ပြီး အားလုံးကို ချက်ချင်းလွှတ်ပေးရပါမယ်” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ အတွင်းမှာလည်း နိုင်ငံတဝန်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် ဖမ်းဆီးထိန်းသိမ်းပြီးနောက် စစ်ကြောရေးတွင် သေဆုံးသူ အမျိုးသား (၈) ဦး၊ ရဲစခန်းတွင် သေဆုံးသူ အမျိုးသား (၃) ဦး အပြင် အကျဉ်းထောင်များတွင် သေဆုံးသူ အမျိုးသမီး (၂၅) ဦးနဲ့ အမျိုးသား (၆၂) ဦး၊ စုစုပေါင်း (၉၈) ဦး ရှိခဲ့တယ်လို့ AAPP ရဲ့ စစ်တမ်းတွေအရ သိရပါတယ်။

ဒါ့အပြင် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ ပြည်သူ စုစုပေါင်းမှာ (၇၆၉၀) ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။

ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၃၀၂၉၁) ဦးရှိပြီး ဒီအထဲမှာမှ (၂၂၇၃၅) ဦးက ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူတွေအနက် (၁၁၄၇၄) ဦးမှာ ထောင်ဒဏ် ချမှတ်ခံထားရတာ ဖြစ်တယ်လို့ သိရပါတယ်။

ဖော်ပြထားတဲ့ ကိန်းဂဏန်းအရေအတွက်တွေဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက် ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ အချက်အလက်တွေက ပိုများနိုင်တယ်လို့လည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ဆိုထားပါတယ်။

Photo – Myanmar Now

Related posts

နတ်ချောင်း သောက်ရေကန် တူးဖော်မှုကို HDCO လူအားလည်းကူ၊ ငွေ ၁၀ သိန်းလည်း လှူဒါန်း

Rakhita Times

စကမ ကြဲတဲ့ ဗုံးကြောင့် MUYA စေတနာ့ ဝန်ထမ်းလေးဦးလည်း သေဆုံးခဲ့

Rakhita Times

AA စစ်ဦးစီးချုပ် နဲ့ မွတ်ဆလင်ခေါင်းဆောင်များ တွေ့ဆုံအပြီးတွင် မောင်တောမြို့မဗလီ ဖွင့်လှစ်

Rakhita Times

202 comments

Leave a Comment