အာရက္ခတိုင်းမ်စ် (၁၄ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည် ကုလားတန်မြစ်ဝရှိ ဗျူဟာကျတဲ့ ငပြီကျွန်းကို စစ်ကောင်စီတပ်က အပြည့်အဝ သိမ်းပိုက်နိုင်ခဲ့ခြင်း မရှိသေးဘဲ အောက်တိုဘာလ ၁၂ ရက်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ကြောင်း TNISO ရဲ့ အချက်အလက် စစ်ဆေးချက်များအရ သိရပါတယ်။
အောက်တိုဘာလ ၁၀ ရက် ညပိုင်းက စစ်ကောင်စီတပ် လော်ဘီချန်နယ်များတွင် ငပြီကျွန်းကို သိမ်းပိုက်နိုင်ပြီဆိုကာ စစ်သားများ ရိုက်ကူးထားတဲ့ ဓာတ်ပုံများနဲ့ ဝါဒဖြန့်မှုများ ထွက်ပေါ်လာခဲ့သော်လည်း သူတို့ရဲ့ ဒရုန်းဗီဒီယိုတွေကို အသေးစိတ် စစ်ဆေးကြည့်ရာတွင် အဆိုပါနေရာမှာ ငပြီကျွန်းရွာမနဲ့ သရက်တောကျေးရွာကြားရှိ တဲအိမ်စုနားက အဆောက်အဦတစ်ခုသာ ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့တယ်လို့ TNISO က ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ စက်တင်ဘာလ ၄ ရက်ကတည်းက စစ်တွေဘက်ကနေ ပုဏ္ဏားကျွန်းဘက်ကို မြေပြင်ထိုးစစ်ဆင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ပုဏ္ဏားကျွန်းထိုးစစ် ကျရှုံးလာတဲ့အတွက် အခုလို ဗျူဟာမြောက် ကုလားတန်မြစ်ဝရှိ ငပြီကျွန်းဘက်ကို စစ်မျက်နှာအသစ် ထပ်မံဖွင့်လှစ်လာခြင်း ဖြစ်တယ္လို့လည်း TNISO က သုံးသပ်ပါတယ။
အိန္ဒိယနိုင်ငံအနေနဲ့ ကုလားတန်မြစ်ကြောင်း စီမံကိန်းကို ၂၀၂၇ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်လိုနေချိန်မှာ အခုလို တိုက်ပွဲတွေ ဖြစ်ပွားလာခြင်းလည်း ဖြစ်ပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၂ ရက်က စစ်လော်ဘီများ ထပ်မံဖြန့်ဝေခဲ့တဲ့ ဒရုန်းဗီဒီယိုများတွင်လည်း ငပြီကျွန်းပေါ် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး အာရက္ခတပ်တော် တပ်ဖွဲ့ဝင်များ ကျွန်းပေါ်တွင် ဆက်လက်ရှိနေသေးကြောင်း ထင်ရှားစွာ တွေ့ရှိရတယ်လို့လည်း TNISO က ဆိုပါတယ်။
စစ်ကောင်စီတပ်ဘက်က အဆောက်အဦတစ်ခုရှေ့တွင် ဓာတ်ပုံရိုက်နိုင်ခဲ့ရုံမျှနဲ့ ကျွန်းတစ်ကျွန်းလုံးကို သိမ်းပိုက်နိုင်ပြီလို့ မဆိုနိုင်ဘဲ လက်ရှိတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ရာ အာရက္ခတပ်တော် ဘက်က တရားဝင် ထုတ်ပြန်လာမယ့် အခြေအနေတွေကို ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ TNISO က ဆိုပါတယ်။
