NewsPolitic

စစ်တွေမှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေ စိုးရိမ်

အာရက္ခတိုင်းမ်စ် (၂၁ ဇန်နဝါရီ ၂၀၂၆)

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရက္ခိုင်ပြည် စစ်တွေမြို့မှာ တိုက်ပွဲဖြစ်မှာကို ဒေသခံတွေက စိုးရိမ်နေကြပါတယ်။

အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တပ်တို့ တကျော့ပြန် တိုက်ပွဲပြန်ဖြစ်တဲ့ ၂၀၂၃ ခုနှစ်မှာ စစ်တွေဒေသခံ အများအပြားဟာ တိုက်ပွဲဖြစ်မှာကို စိုးရိမ်ပြီး နေရပ်စွန့်ခွါ တိမ်းရှောင်ခဲ့ကြပါတယ်။

ဒါပေမယ့် လက်ရှိမှာ အဲဒီထဲက ဒေသခံ တော်တော်များများဟာ စစ်တွေမြို့ကို ပြန်လည် ဝင်ရောက်လာနေပြီဖြစ်ပြီး စစ်တွေမြို့ဟာလည်း ပြန်လည်စည်ကားလုနီးပါး ဖြစ်နေပါပြီ။

အဲဒါအပြင် စစ်တွေမြို့အနီးမှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ကြား နေ့စဥ်နဲ့အမျှ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်အလှန် ပစ်ခတ်မှုတွေ ရှိနေတာပဲ ဖြစ်ပါတယ်။

အာရက္ခတပ်တော်လည်း စစ်တွေမြို့ကို ထိန်းချုပ်နိုင်ဖို့အတွက် ပြင်ဆင်နေသလို အခုလို စစ်တွေမြို့ ပြန်လည်စည်ကားနေတာကို အခွင့်ကောင်းယူပြီး ထိုးစစ်ဆင်လာပြီး တိုက်ပွဲဖြစ်မှာကို စိုးရိမ်တာဖြစ်တယ်လို့ စစ်တွေဒေသခံတယောက်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အခု ပြောသံကြားတာတော့ စစ်တွေအနေအထားကလေ လူတွေက တဖြည်းဖြည်းနဲ့ ရောက်လာတယ်မလား။ လူတွေ လုံလောက်ပြီဆိုမှ တိုက်ပွဲဖြစ်မယ့်သဘောမှာ ရှိတယ်။ လူတွေဆိုတာကလည်း အကုန်လုံးက မြို့ထဲမှာပဲ စုနေကြတာ။ မြို့ပြင်မှာ နေလို့မှ မရတာ။ ဖြစ်မှာကြောက်ပြီး ထွက်ပြေးသွားကြတာလေ။ ထွက်ပြေးသွားကြတာ မဖြစ်တော့ဘူးဆိုပြီးတော့ ပြန်လာကြမှာလေ။ လူတွေစုမှ ဖြစ်တော့မယ်ဆိုတာက လူတွေရှိနေလို့ရှိရင် ယူရတာ မခက်ဘူးလေ။ အန်တီတို့ကတော့ အဲဒီလို သုံးသပ်တာ အခု လူတွေကို စောင့်ကြည့်နေတာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်တွေမြို့အနီးနဲ့ မြို့ပြင်တွေမှာ အာရက္ခတပ်တော်နဲ့ စစ်ကော်မရှင်တို့ကြား တိုက်ပွဲဖြစ်ပွားနေပေမယ့်လည်း စစ်ကော်မရှင်အဖွဲ့တွေက မြို့ပေါ်မှာ စစ်တွေမြို့တည် နှစ် ၂၀၀ ပြည့်အခမ်းအနားကို စည်စည်ကားကား ကျင်းပနေသလို လာမယ့် ဇန်နဝါရီ ၂၁၊ ၂၂ နဲ့ ၂၃ ရက်နေ့တွေမှာ အနုပညာရှင်တွေနဲ့ အဆိုတော်တွေကို ဖိတ်ခေါ်ပြီးတော့ ပျော်ပွဲရွှင်ပွဲတွေ၊ ဖျော်ဖြေရေး အစီအစဥ်တွေနဲ့ ကျင်းပဖို့ ရှိတယ်လို့လည်း သိရပါတယ်။

စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ပြန်လည်စည်ကားနေတွေ၊ ထွက်ပြေးသွားတဲ့လူတွေ ပြန်လည်ပြီး ဝင်ရောက်နေတာတွေနဲ့ တိမ်းရှောင်သွားတဲ့သူတွေဟာ လွတ်မြောက်နယ်မြေ မဟုတ်ဘဲ ပြည်မဘက်ကို တိမ်းရှောင်ကြတာကြောင့် အာရက္ခတပ်တော်ဟာ ဒါကို အခွင့်ကောင်းယူပြီး စစ်တွေမြို့ကို တိုက်ခိုက်လာနိုင်တဲ့ အနေအထား ဖြစ်တယ်လို့ စစ်တွေဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“အေအေကပဲ စမှာ။ အဲဒီလူတွေကို အမြင်ကပ်ပြီးတော့ကို လုပ်မှာ။ သူတို့ကို ပြေးတာကို ဗမာပြည် ပြေးခိုင်းတာမှ မဟုတ်တာ။ အခုဆိုလို့ရှိရင် အဲဒီဘက်မှာ ထွက်ပြေးသွားတဲ့သူတွေက အကြောင်းအမျိုးမျိုးနဲ့ ဗမာပြည်ဘက်ကို သွားကြတယ်လေ။ အခု အဲဒီဟာလည်း ပိတ်လိုက်ပြီလေ။ စီးပွားရေးလုပ်တာ သွားလို့ရတယ်။ ဟိုလိုမျိုးက သွားခွင့်မရှိတာ ပိတ်လိုက်တဲ့ပုံစံ။ အဲဒါက ဘာလို့လဲဆိုတော့ ဒီဘက်မှာ ဒုက္ခခံပြေးတုန်းက ပြေးလာပြီးတော့ ပိုက်ဆံတတ်နိုင်တဲ့သူတွေကတော့ ဗမာပြည်ဘက်ကို အဲဒီကနေ ပြန်သွားတော့ လူဦးရေ လျော့သွားတာပေါ့။ အခုနောက်ပိုင်းဆို လာကိုမလာရတော့တာ”  လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

တစ်ဖက်မှာလည်း စစ်တွေမြို့နဲ့ ၅ မိုင်ခန့်အကွာမှာရှိတဲ့ ဒကစ ၅ အတွက် လုပ်ထားတဲ့ ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးတဲ့နောက်မှာ စစ်ကော်မရှင်က လေကြောင်းနဲ့ အရာရှိမိသားစုတွေကို စတင်ပြောင်းရွှေ့မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒါအပြင် လက်ရှိမှာ စစ်ကော်မရှင်တပ်သားတွေဟာ စစ်မတိုက်လိုတော့တာကြောင့် အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသတွေကို လက်နက်တွေနဲ့အတူ ထွက်ပြေးတာတွေ၊ အလင်းဝင်ရောက်တာတွေဟာဆိုရင် အခု ၂၀၂၆ ခုနှစ် ဇန်နဝါရီ လဆန်းပိုင်းမှာ ပိုပြီးတော့ အဖြစ်များလာနေပြီး လတဝက်အတွင်းကို စစ်သား ၅၀ကျော် အစုလိုက်အပြုံလိုက် ထွက်ပြေးနေကြတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Related posts

စကမရဲ့ ဝန်ထမ်းတွေ ပါဝင်မှုကြောင့် စစ်တွေမှာ သစ်သားအိမ်တွေ ကုန်လုနီးပါးဖြစ်

Rakhita Times

မောင်တောနယ် တမန်းသားရွာက ရွာသား ၅ ဦးပျောက်နေ

Rakhita Times

ဉာဏ်တောနဲ့ရွှေသွန်းရွာတွင် TNLA နဲ့ စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

Rakhita Times

Leave a Comment