အာရက္ခတိုင်းမ်စ် (၂၈ ဇန်နဝါရီ ၂၀၂၆)
ရက္ခိုင်ပြည်က လွတ်မြောက်နယ်မြေတွင် ဒေသချက် တောအရက်သောက်သုံးလို့ သေဆုံးမှုများလာတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက စစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ အရင်တုန်းကတော့ မိရိုးဖလာ တဆေးတို့၊ ကဇော်တို့နဲ့ အရက်ချက်ကြတယ်။ အရက်ဦးရည်ဆိုတာ ဆေးဖက်ဝင်လို့ ဈေးကောင်းတောင် ရကြတယ်။ အခုကျတော့ စီးပွားရေးအရ ဓာတုပစ္စည်းတွေ ထည့်ချက်ကြတယ်။ အဲတော့ လူအတွက် ဆိုးကျိုးတွေ ပေးလာတာပေါ့” လို့ သံတွဲမြို့ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
တောအရက်တွင် ဓာတုဆေးများ ထည့်ချက်တာတွေ လုပ်ဆောင်လာနေတာကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ FDA ဌာနက စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး စည်းကမ်းတင်းကျပ်စွာ ကိုင်တွယ်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။
“ အခုက အုန်းရည် (ဓနိရည်) သောက်သူများတယ်။ ထန်းရည်လည်း သောက်ကြတယ်။ မသောက်ရ မနေနိုင်တဲ့သူတွေတော့ တောအရက်သောက်ကြတာပေါ့။ အခုခေတ် ကုန်ဈေးနှုန်းနဲ့က အနည်းဆုံး ၅၀၀ ဖိုးမှ သောက်လို့ရတယ်။ အုန်းရည်အရက် ဆန်အရက်ဆိုပြီး ရှိတယ်။ တပုလင်းကို ငါးထောင်၊ ခြောက်ထောင် ရှိတယ်” လို့ သူက ထပ်မံပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကော်မရှင်က ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက်က စတင်ကာ ကုန်းလမ်း၊ ရေလမ်းကို ပိတ်ပင်ကာ ရက္ခိုင်ပြည်ကို ကုန်ပစ္စည်းတင်ပို့ခွင့် မပြုခဲ့တဲ့အချိန်မှစလို့ ရက္ခိုင်ပြည်တွင် ဒေသချက် တောအရက်လုပ်ငန်း ပြန်လည် တွင်ကျယ်လာတာလည်း ဖြစ်ပါတယ်။
ရက္ခိုင်ပြည်ထုတ် တောအရက်များတွင် စနစ်တကျ ပေါင်းစပ်ချက်လုပ်ထားခြင်း မဟုတ်ဘဲ လူကို သေစေနိုင်တဲ့ မယ်သနောအဆိပ်ဓာတ် ၅ ရာခိုင်နှုန်း ကနေ ၁၂ ရာခိုင်နှုန်းအထိ ပါဝင်နေတယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ၂၀၂၅ ခုနှစ် ဇူလိုင်လ ၁၆ ရက်က ထုတ်ပြန်ထားပါတယ်။
