BusinessNewsPolitic

စစ်တွေမှာ အာလူးတစ်ပိဿာ ၆၀၀၀၀ ခန့်မှ ၁၆၀၀၀ အထိ ဈေးကျ

အာရက္ခတိုင်းမ်စ် (၁၄ စက်တင်ဘာ ၂၀၂၅)

ရက္ခိုင်ပြည် စစ်တွေမြို့နယ်မှာ အခုရက်ပိုင်းအတွင်း ကယ်ဆယ်ရေး ကုန်သင်္ဘောတစ်စီး ဝင်ရောက် လာတဲ့အတွက် အာလူး တပိဿာကို အရင် ၆၀၀၀၀ ဝန်းကျင်ကနေ အခု ၁၆၀၀၀ ကျပ်အထိ ဈေးနှုန်းကျဆင်းသွားကြောင်း ဒေသခံတွေက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ဒါ့အပြင် အခြား ကုန်စိမ်းတွေလည်း ဈေးတွေ ကျဆင်းလျက်ရှိကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။

“ကြက်သွန်တွေ ကြက်သွန်အနီ၊ အဖြူ၊ ငရုတ်သီးစိမ်း၊ ငရုတ်သီးစိမ်းလည်း သင်္ဘောနဲ့ ပါလာကြတာ ဆိုတော့ အကုန်ဈေးပြန်ကျနေပြီ။ အရင်က ကြက်သွန် ၂ သောင်းဆိုရင် အခု ၈ ထောင် ဖြစ်သွားပြီ။ အာလူးတွေ ၁၀ သားကို ၈၀၀၀ ရှိခဲ့တာ။ အခု ၂၅ ကျပ်သားမှ ၄၀၀၀ ဆိုရင် တစ်ပိဿာမှ ၁၆၀၀၀ ဖြစ်သွားပြီလေ။ အရင် တစ်ပိဿာကို ၈၀၀၀၀, ၆၀၀၀၀ လောက်တက်နေတာ။ အခုလက်ရှိ နေ့တိုင်း စားသုံးနေရတဲ့ ကြက်သွန်တို့ ဘာတို့ ငရုတ်သီးစိမ်းတို့ ဘာညာတို့ ဈေးကျပြီဆိုတော့ သင်္ဘောတွေ ဝင်ရင်လည်း ဈေးကျမယ်။ ငရုတ်သီးက မဆိုစလောက်လေးပါ အရင် ၅ တောင့်ကို ၁၀၀၀ ဆိုရင် အခု ၇ တောင့်ကို ၁၀၀၀ ပေါ့” လို့ သူက ပြောပါတယ်။

ရာသီဥတုအခြေအနေကြောင့် ပုံမှန်အတိုင်း ရောက်ရှိမယ့် ကုန်သင်္ဘောတွေဟာ လမ်းအချို့မှာ ကမ်းကပ် ရပ်နားထားရတာတွေကြောင့် တစီးပဲ စစ်တွေမြို့ကို ရောက်ရှိလာသေးတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် မကြာခင်မှာ နောက်ထပ် သင်္ဘော အများအပြား ထပ်မံရောက်လာဦးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

လက်ရှိ မိုးရာသီကုန်ဆုံးပြီး မိုးလေဝသအခြေအနေ ပုံမှန်ဖြစ်သွားပါက ကုန်တင်သင်္ဘောတွေဟာလည်း ပုံမှန်အတိုင်း ဆိုက်ကပ်လာနိုင်ကြောင်း ဒေသခံတွေက ပြောပါတယ်။

သင်္ဘောမရောက်တာကြာလို့ ကုန်ဈေးနှုန်းတွေ တက်တဲ့အခါ ဒေသခံလူထုဟာ အများအပြား ဝယ်ယူ စုဆောင်းထားတတ်ကြပေမယ့် အခုအခါမှာတော့ လိုသလောက်ပဲ ဝယ်ယူသုံးစွဲကြတော့တယ်လို့ ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“မဝယ်တော့ဘူးလေ။ လူတွေလည်း နပ်သွားပြီ။ ဈေးတက်နေတယ်ဆိုပေမယ့်လည်း မဝယ်ကြ တော့ဘူး။ သင်္ဘောရောက်ရင် ပြန်ကျမှာဆိုတော့ လိုသလောက်လေးပဲ။ တစ်ဆယ်သားလိုရင် တစ်ဆယ်သားပေါ့ အဲဒီလောက်လေးပဲ ဝယ်သုံးကြတယ်။ Good Choice ဆိုရင် ခါတိုင်း ၉၅၀၀၊ အခု ၉၂၀၀ ပဲပေးရတယ် ဟိုနေ့က သွားဝယ်တာ” လို့ သူက ပြောပါတယ်။

သင်္ဘောကမ်းကပ်ဖို့ ကြန့်ကြာတာကြောင့် ပါလာတဲ့ ကြက်ဥတွေကိုလည်း တစ်လုံးကို ၅၀၀ ကျပ်နဲ့ပဲ ရောင်းချနေကြကြောင်း၊ ပုပ်တဲ့ဟာတွေလည်းပါသလို ကောင်းတဲ့ဟာတွေလည်း ပါတဲ့အတွက် ကြက်ဥကတော့ ဈေးတန်ပေမယ့် ကံတရားပေါ်မှာပဲ မူတည်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

Related posts

ရက္ခိုင်တွင် ယာဉ်စည်းကမ်းချိုးဖောက်သူတွေကို ဒဏ်ကြေးဆောင်ရန် စတင်သတ်မှတ်

Rakhita Times

မြောက်ဦးဆေးရုံ ပြန်လည်တည်ဆောက်နိုင်ရန် မောင်တောမူဆလင်ပြည်သူများ သိန်း ၅၀၀ လှူဒါန်း

Rakhita Times

AA အနေနဲ့ ချဲဒိုင်များကို အရေးယူပေးရန် သံတွဲမြို့ပြည်သူတွေ လိုလားနေ

Rakhita Times

Leave a Comment