အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆)
သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့လိုတယ်လို့ ALP ဥက္ကဌ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထွက်ပေါ်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းရဲ့ နေအိမ် ပေါက်ကွဲမှုသတင်းနဲ့ပတ်သက်ပြီး ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
နေအိမ်မှာ ဂတ်(စ်)အိုးပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့လည်း ALP ပါတီဘက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။
“ ကျမတို့က မနေ့ကဆို ထုတ်ပြန်ချက်ထုတ်ဖို့ လိုမယ်လို့ မယူဆခဲ့ဘူး။ ဒီလိုပဲ ပျောက်သွားမှာပါ အဲ့လိုမျိုးပဲ ထင်လိုက်တယ်။ ပထမတက်လာတာကတော့ သာမန်အနေအထားမျိုးပဲ၊ ရေးတဲ့ပုံစံမျိုးပဲ တက်လာတာ။ နောက်ပြီးလို့ရှိရင် သတင်းပုံစံမျိုးနဲ့ ပြန်တက်လာတယ်။ statement မထုတ်လို့တော့ ရတော့မှာမဟုတ်ဘူး။ မထုတ်ချင်ပါဘူး အမှန်က။ မထုတ်ချင်ပေမယ့် ထုတ်လိုက်ရတာ ဖြစ်တယ်” လို့ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
သတင်းတွေကို ရေးသားဖော်ပြနေတဲ့ သတင်းထောက်တွေ အနေနဲ့လည်း သတင်းသမား ကျင့်ဝတ်နဲ့အညီသာ သတင်းမှန်ကို ရေးသား ဖော်ပြသင့်တယ်လို့ သူက ဆိုပါတယ်။
“ အဓိက ပြောချင်တာကတော့ သတင်းသမားတွေဆိုတာ သတင်းကျင့်ဝတ် ရှိဖို့လိုအပ်တယ်။ သတင်းကျင့်ဝတ်ကို ကျင့်သုံးဖို့ လိုအပ်တယ်။ အဲ့လိုမဟုတ်ပဲ ရတာ ကောက်ရေးနေကြတယ်။ ကိုယ်စိတ်ထင်ရင် ထင်သလို ရေးနေကြတယ်။ ပြည်သူတွေလည်း အလန့်တကြား ဖြစ်တယ်။ ကိုယ်တို့လည်း အလန့်တကြား ဖြစ်တယ်။ ဆိုတော့ သတင်းတွေ တက်လာချင်း ကိုယ်တို့အချင်းချင်းထဲမှာလည်းပြောဖြစ်ကြတယ်။ ကိုယ်တို့ကို ဖုန်းလာဆက်ကြတယ်။ ဆရာမကြီးနေတဲ့အိမ် ဒီလို ဖြစ်သွားတာလား။ ဘာညာ စသည်အားဖြင့်။ ဘာမှမဖြစ်ပါဘူးလို့။ ဒီလို အေးဆေးနေကြတာပဲလို့။ ဘာမှမဖြစ်ပါဘူး။ ဘယ်လို တက်နေတာလဲ။ ဒီလို ဒီလို သတင်းတွေ တက်နေတယ် စသည်အားဖြင့်ပေါ့လေ။ ကိုယ့်အပေါ်မှာ မေတ္တာရှိကြတဲ့လူတွေက အဲ့လိုမျိုး အများကြီး လာပြီး မေးကြတာ ရှိတယ်။ အဲ့လိုမျိုး ကိုယ့်အပေါ်မှာပဲဖြစ်ဖြစ် ပါတီအပေါ်မှာပဲဖြစ်ဖြစ် မတော်မတရား အဲ့လိုမျိုးရေးတာက တော်တော့်ကို လွန်နေပြီ။ အခုလည်းပဲ လုပ်ကြံပြီးတော့ သတင်းမကောင်းတွေ ထုတ်လွှင့်တာ။ အဲ့လိုပုံစံမျိူးကတော့ သတင်းသမားတွေအနေနဲ့ မဖြစ်သင့်ဘူး။ သတင်းဆိုတာ အမှန်တကယ် လူသိစေချင်တဲ့ အကြောင်းအရာကိုရေးတဲ့ သတင်းတွေ ဖြစ်သင့်တယ်။ အဲ့လိုပုံစံမျိုး မဟုတ်ပဲနဲ့ တဖက်သားအပေါ်မှာ မနာလို မုန်းတီးပြီးတော့ ကောက်ရေးနေတာဟာဆိုလို့ရှိရင် အများကြီး နစ်နာမှုတွေ ရှိတယ်။ ပြည်သူတွေအတွက်လည်း စိတ်မကောင်းစရာ အများကြီးဖြစ်တယ်။ ကိုယ့်အပေါ်မှာ စေတနာရှိတဲ့လူတွေအတွက်ဆိုရင် စိုးရိမ်ပူပန်မှုတွေ တအားများသွားကြတယ်။ အဲ့လို မဖြစ်သင့်ဘူးလို့ပဲ မြင်ပါတယ်” လို့ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ကြား ဖြစ်ပွားနေတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ALP တပ်သား ၁၀၀ ပါဝင်ခဲ့ပြီး တပ်သား ၂၀ ကျဆုံးခဲ့သလို လက်နက်တွေနဲ့အတူ သုံးဦးက ထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေနဲ့ ရက္ခိုင်ပြည်မှာ စစ်မက်ဖြစ်ပွားခြင်းကို မလိုလားတဲ့အတွက် အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
