အာရက္ခတိုင်းမ်စ် (၃၀ မတ် ၂၀၂၆)
၂၀၂၆ ခုနှစ် မတ်လ ၂၉ ရက် ညနေ ၄ နာရီ ၅ မိနစ်အချိန်တွင် စစ်ကော်မရှင်တပ်က ပလက်ဝမြို့နယ်အတွင်းရှိ “ ကြောင်ချောင်းကျေးရွာ” ကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်မှု ၃ ကြိမ် ရော့ကတ်နဲ့ တိုက်ခိုက်မှု ၂ ကြိမ် ပြုလုပ်ခဲ့တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော်က ထုတ်ပြန်ပါတယ်။
အဆိုပါ စစ်ကော်မရှင်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကြောင်ချောင်းကျေးရွာက အသက် ၁၆ နှစ်အောက် ကလေး ၄ ဦးအပါအဝင် အရပ်သားပြည်သူ စုစုပေါင်း ၇ ဦး သေဆုံးခဲ့ရပြီး ကလေးငယ် ၂ ဦး အပါအဝင် ၄ ဦးလည်း ဒဏ်ရာရရှိခဲ့ကာ လူနေအိမ်များလည်း မီးလောင် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်း ဗုံးကြဲမှုကြောင့် သေဆုံးသွားသူများမှာ အသက် ၈ နှစ်အရွယ် မောင်စိုးပိုင်လင်း၊ အသက် ၁၀ နှစ်အရွယ် မောင်နေဆန်းအောင်၊ အသက် ၁၁ နှစ်အရွယ် မောင်စံလင်းထွန်း၊ အသက် ၁၆ နှစ်အရွယ် မောင်အောင်ဆုလင်း၊ အသက် ၃၀ အရွယ် မောင်ရွှေကျော်၊ အသက် ၃၃ နှစ်အရွယ် မောင်သန်းကျော် နဲ့ အသက် ၄၈ နှစ်အရွယ် ဦးအောင်လှတို့ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေကတော့ အသက် ၈ လ အရွယ် မောင်အောင်လှစိန်၊ အသက် ၅ နှစ်အရွယ် မောင်ဆန်းကျော်လျံ၊ အသက် ၁၈ နှစ်အရွယ် မမိဝှေ့ နဲ့ အသက် ၂၉ နှစ်အရွယ် မမနုစိန်တို့ ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကော်မရှင်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ သူများရဲ့ မိသားစု၊ ဆွေမျိုးများနဲ့ ထပ်တူ ဝမ်းနည်းရပါတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။
နိုင်ငံတဝန်းတွင် စစ်ရှုးနေတဲ့ စစ်ကော်မရှင်ဟာ အာရက္ခတပ်တော်နဲ့ ရင်ဆိုင်တိုက်ပွဲများအတွင်း အကျအဆုံး အထိအခိုက်များစွာနဲ့ ရင်ဆိုင်ရတဲ့အခါတိုင်း စစ်ဘက်နဲ့ လုံးဝမသက်ဆိုင်သော စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ရွာများကို ပစ်မှတ်ထားပြီး ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ လေကြောင်းကနေ အလစ်ချောင်း ဗုံးကြဲ တိုက်ခိုက်တဲ့ လုပ်ရပ်မျိုးကို ပြုလုပ်ပြီး စစ်ရာဇဝတ်မှုများကို လက်ရဲဇက်ရဲ ကျူးလွန်လျက်ရှိတယ်လို့လည်း အာရက္ခတပ်တော်က ဆိုပါတယ်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရအနေနဲ့ စစ်ကော်မရှင်ရဲ့ အကြမ်းဖက် တိုက်ခိုက်ခံရမှုအတွင်း သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြတဲ့ ကြောင်ချောင်းရွာသူ၊ ရွာသားများအတွက် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များကို ဆက်လက် လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။
ဓာတ်ပုံများ ကြည့်ရှုလိုပါက t.me/arakhatimes ကြည့်ရှုနိုင်ပါတယ်။
