အာရက္ခတိုင်းမ်စ် (၈ ဧပြီ ၂၀၂၆)
ရက္ခိုင်ပြည်သူလူထုအနေနဲ့ နွေရာသီရောက်လာတာနဲ့အမျှ အပူဒဏ်ကြောင့် မလိုလားအပ်တဲ့ အကျိုးဆက်များ ဖြစ်ပေါ်မှု မရှိစေရန် လိုက်နာရမယ့် အချက်တွေကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက တိုက်တွန်း နှိုးဆော်ထားပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ရက္ခိုင်ပြည်သူတို့ အပူဒဏ် အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် ပြင်ဆင်ထားရမယ့် အချက် ၅ ချက်ကို ထုတ်ပြန် ဖော်ပြခဲ့ပါတယ်။
အဆိုပါ အချက်တွေကတော့ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများနဲ့ ဆီးချို၊ နှလုံး၊ သွေးတိုးရောဂါ အခံရှိသောသူများအနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအတွင်း အရိပ်ရ၊ အအေးရပြီး လေဝင်လေထွက်ကောင်းတဲ့ နေရာများတွင် အနားယူနေထိုင်ကြရန်၊ ပူပြင်းတဲ့ နေရောင်အောက်တွင် အလုပ်ကြမ်းလုပ်ခြင်းနဲ့ ကိုယ်လက်လှုပ်ရှားမှုများကို ရှောင်ကြဉ်ကြရန်၊ ပူပြင်းတဲ့ နေရောင်အောက်တွင် လှုပ်လှုပ်ရှားရှား အလုပ်လုပ်ရမယ်ဆိုပါက ထီး၊ ဦးထုတ် အသုံးပြုပြီး အင်္ကျီလက်ရှည်ဝတ်ကာ အရိပ်ရ/အအေးရတဲ့ နေရာများတွင် မကြာ မကြာ အနားယူရန်၊ အလင်းပြန်တဲ့ အဖြူရောင် (သို့မဟုတ်) အရောင်ဖျော့ဖျော့ ခြည်သား အဝတ်အထည်များကို ဝတ်ဆင်ကြရန် နဲ့ နေပူထဲက ပြန်လာပြီး ချက်ခြင်းရေချိုးခြင်း၊ နေ့ခင်း (၁၀ နာရီကနေ ၅ နာရီထိ) မြစ်ချောင်းအနီးတွင် အဝတ်လျော်ခြင်း၊ ရေချိုးခြသ်းတို့ကို ရှောင်ကြရန် တိုက်တွန်း နှိုးဆော်ထားတာလည်း ဖြစ်ပါတယ်။
အာရက္ခပြည်သူ့ကျန်းမာရေးဌာနက “ အပူဒဏ်အန္တရာယ်ဟာ အပူချိန်မြင့်မားတဲ့ နွေရာသီတွင် ဖြစ်ပွားလေ့ရှိပြီး ယခုအခါတွင် ရာသီဥတုပြောင်းလဲမှုဖြစ်စဉ် (Climate Change) ကြောင့် အပူလှိုင်းများ (Heat Wave) ဖြစ်ပေါ်လာခြင်း၊ ရာသီဥတုပြင်းထန်ခြင်း (ExtremeWeather)၊ အပူချိန်ပြောင်းလဲခြင်း (Changing Temperature) တို့ကြောင့် အပူချိန် မြင့်မားပြီး အပူဒဏ် အန္တရာယ်ကြောင့်ဖြစ်သော ကျန်းမာရေးပြဿနာများနဲ့ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ နောက်ဆက်တွဲ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်နိုင်တယ်” လို့ ဆိုပါတယ်။
အလားတူ “ ရာသီဥတု ပူပြင်းမှုကြောင့် ချွေးထွက်များပြီး ခန္ဓာကိုယ်အတွင်းရှိ ရေနဲ့ ဆားဓာတ်များ ဆုံးရှုံးနိုင်တဲ့အပြင် အပူဒဏ်ကြောင့် ဖောခြင်း/ရောင်ခြင်း (Heat edema)၊ အပူဒဏ်ကြောင့် မိတ်၊ ယားနာများ ထွက်ခြင်း (Heat rashes)၊ အပူဒဏ်ကြောင့် ကြွက်တက်ခြင်း (Heat cramps)၊ အပူဒဏ်ကြောင့်ပင်ပန်းနွမ်းနယ်ခြင်း (Heat exhaustion)၊ အပူဒဏ်ကြောင့် မူးမော်ခြင်း (Heat syncope) စတဲ့ ပြင်းထန်ဝေဒနာများအပြင် အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat stroke) အထိ ဖြစ်ပွားနိုင်တယ်” လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပေးထားပါတယ်။
အပူဒဏ်ကြောင့် သတိလစ်ခြင်း (Heat Stroke) မှာ အပူဒဏ်ကြောင့်ဖြစ်တဲ့ ကျန်းမာရေးပြဿနာများတွင် အပြင်းထန်ဆုံးဖြစ်ပြီး စနစ်တကျ ကုသမှုမပြုလုပ်ပါက အသက်သေဆုံးတာအထိ ဖြစ်နိုင်တယ်လို့လည်း ဆိုပါသည်။
ထိုသို့ အပူအန္တရာယ် ကျရောက်တဲ့ လူနာများကို အရေးပေါ်ပြုစုခြင်းနဲ့ ပတ်သက်ပြီး အာရက္ခပြည်သူ့ကျန်းမာရေးဌာနက လူနာကို အရိပ်ရ၊ အအေးရတဲ့ နေရာသို့ရွှေ့ထားရန်၊ ရေပတ်တိုက်ပေးရန် အဆင်ပြေလျှင် ပန်ကာ၊ လေအေးပေးစက် ဖွင့်ပေးပါ မရှိပါက ယပ်ခတ်ပေးရန်၊ လူနာကို ပက်လက်အနေအထားနဲ့ ခြေရင်းဖက်ကို မြှင့်ထားရန် စတာတွေ ပြုလုပ်ပေနိုင်ကြောင်းလည်း အသိပေး နှိုးဆောင်ထားပါတယ်။
