NewsPolitic

နတ်ရေကန်တွင် စကမ အင်အား ရာဂဏန်းသာ ကျန်ရှိ

အာရက္ခတိုင်းမ်စ် (၂ မေ ၂၀၂၆)

မကွေးတိုင်း ငဖဲမြို့နယ်ရှိ နတ်ရေကန်ဗျူဟာကုန်းတွင် ပိတ်မိနေတဲ့ စစ်ကော်မရှင်တပ်သားဟာ ရာဂဏန်းလောက်ပဲ ရှိတော့တယ်လို့ မြေပြင်သတင်းရင်းမြစ်ထံမှ သိရပါတယ်။

“လက်ရှိမှာ ပြည်သူ့စစ်မှုထမ်း (ပစ) တွေ အပါအဝင် စစ်အင်အား ၃၀၀ ကျော်ခန့်သာ ရှိတော့တယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်အင်းအား နည်းပါးလာတဲ့အတွက် နတ်ရေဗျူဟာကုန်းကို စစ်ကော်မရှင်တပ်က ပဒါန်းတပ်နယ်ရှိ အမှတ် ၉၀၅ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ အမှတ် ၃၇၅ အမြောက်တပ်ရင်းနဲ့ အမှတ် ၄၀၉ အမြောက်တပ်ရင်းတွေကနေ စစ်အင်အားတွေ အဆက်မပြတ် ပို့ဆောင်နေတယ်လို့လည်း သိရပါတယ်။

“နတ်ရေကန်ကို တပ်တော် (အာရက္ခတပ်တော်) နဲ့ ပူးပေါင်းအဖွဲ့တွေက မသိမ်းဘူး။ ပိတ်ဆို့ထားတာ၊ အထဲမှာ ပိတ်မိနေတဲ့ ကောင်တွေ (စစ်ကော်မရှင်တပ်သား) ကတော့ ကြက်မလိုပေါ့။ ကြက်မရှိတော့ ကြက်ဖတွေက လာကြတယ်။ လာတဲ့ ကြက်ဖတွေကို အသင့် ဖမ်းစားလိုက်ရုံပဲ။ အခုလည်း ဒီလိုပဲ သူတို့လူတွေ ရှိနေတော့ စကမ က စစ်ကူပို့ရတယ်။ အဲဒါကို တော်လှန်ရေးအဖွဲ့တွေက ကြားက ဖြတ်တိုက်လိုက်၊ ခြုံခိုက်တိုက်လိုက်နဲ့ စောင့်ပြီး တည်ကြက်လုပ်ပြီး ချွေချနေတာ” လို့ စစ်ရေးလေ့လာသုံးသပ်သူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

နတ်ရေကန်ဗျူဟာကုန်းစခန်းကို အမ်း – ပဒါန်းလမ်းပိုင်းက အမြင့်ပေ ၅၀၀၀ ကျော်မှာ တည်ဆောက်ထားတာဖြစ်ပြီး စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးစခန်းတခုဖြစ်သလို ရက္ခိုင်ပြည် အပါအဝင် မြန်မာနိုင်ငံရဲ့ အနောက်ဖက်က လေကြောင်းရန်တွေကို ထောက်လှမ်းဖို့အတွက် ပြုလုပ်ထားတာကြောင့် အရေးပါတဲ့ စခန်းကုန်းတခုလည်း ဖြစ်ပါတယ်။

အဆိုပါ ဗျူဟာကုန်းအနီးက ကာကင်းစခန်းတွေဖြစ်တဲ့ အမ်း – ပဒါန်းလမ်းပိုင်းက မထုံး၊ လင်းတဲ၊ စွန်တက်၊ ဂုတ်စည်း၊ ကံမြင့်ကန်၊ ဂုတ်ကြီး၊ ကြက်ရေစမ်း၊ ပိန်ရေစမ်းနဲ့ ပဇီကျေးရွာတွေကို အာရက္ခတပ်တော် နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားတာလည်း ဖြစ်ပါတယ်။

မကွေးတိုင်းအစပ် နတ်ရေကန်ဗျူဟာကုန်းကို အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေဖြစ်တဲ့ ချင်းကာကွယ်ရေးတပ်၊ အရှိုချင်းကာကွယ်ရေးတပ်၊ မကွေးတိုင်းအခြေစိုက် PDF တပ်ရင်း၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA (မကွေး) တပ်တွေက ပူးပေါင်းကာ ထိုးစစ်ဆင် တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

Related posts

စကမ ရဲ့ ကပစ ၆ ကို AA ထိုးစစ်ဆင်၊ ကာကင်းအချို့ သိမ်းပိုက်ရရှိ

Rakhita Times

စကမ က ရက္ခိုင်ကို လေယာဉ်အုပ်စုလိုက်ပျံဝဲပြီး မြို့ ၃ မြို့ကို ဗုံးကြဲ(Breaking News)

Rakhita Times

ကျောက်တော်ကို စကမ ဗုံးကြဲ (Breaking News)

Rakhita Times

247 comments

Leave a Comment