အာရက္ခတိုင်းမ်စ် (၃၁ မေ ၂၀၂၆)
သွားလာစရိတ် ကြီးမြင့်နေတာကြောင့် ရက္ခိုင် ကနေ ရန်ကုန်ကို ကျောင်းတက်ရောက်ရန် အခက်အခဲ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရက္ခိုင်ပြည်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးအခြေနေတွေကြောင့် ကျောင်းတက်ရောက်ဖို့ မလွယ်ကူတဲ့အတွက် ရန်ကုန်မြို့ကို သွားရောက်ပြီး ပညာသင်ယူနေကြရတာ ဖြစ်တယ်လို့ မာန်အောင်မြိုခံတဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
“ ပညာရေးကတော့ ကျနော်တို့ ဒီမှာ အခုဆိုလို့ရှိရင် grade 12 ပြီးသွားတဲ့ ကလေးတွေကျတော့ ရန်ကုန်မှာ သူတို့ ကျောင်းတက်ရတာပေါ့။ ကျောင်းတက်ရတဲ့အခါကျ သွားရေး လာရေး အများကြီး အခက်အခဲ ရှိတာပေါ့။ လောလောဆယ် ကျနော်တို့ ဒီမှာက ကျောင်းတက်လို့ မရဘူးလေ။ စစ်ပွဲ ဖြစ်နေတဲ့အခါကျတော့ ကျနော်တို့ဆီမှာ ကျောင်းတက်လို့ မရဘူး။ ရန်ကုန်ကိုပဲ ကျောင်းတက်ဖို့ သွားကြတာပေါ့ ကလေးတွေက။ သွားရေး လာရေး အဆင်မပြေကြတော့ တချို့ကလေးတွေကတော့ မသွားတော့ဘူး။ တချို့ကလေးတွေကျ သွားကြတာပေါ့။ ပိုက်ဆံ မတတ်နိုင်တဲ့ ကလေးတွေအနေနဲ့ကျတော့လည်း မသွားတော့ဘူးပေါ့။ တချို့ ပိုက်ဆံတတ်နိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ အဲ့ သွားကြတယ်လေ” လို့ မာန်အောင်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
လက်မှတ်ခ နှုန်းထားများအနေနဲ့ မေလ ၃၁ ရက်အထိ ရန်ကုန်ဘက်ကဆိုရင် ၆ သိန်း ၇ သောင်း ခန့်ရှိပြီး ရက္ခိုင်ဘက်မှာတော့ ၈ သိန်းဝန်းကျင်အထိ ပေါက်ဈေး ရှိနေတယ်လို့ လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စကစ က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် နောက်ပိုင်းကစပြီး ရန်ကုန် – မာန်အောင် လေကြောင်းခရီးစဉ်ကို ရပ်နားထားခဲ့ရာ အခု ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂၄ ရက်မှစပြီးမြန်မာအမျိုးသားလေကြောင်းလိုင်းက ပြန်လည် ပြေးဆွဲပေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိတွင် မြန်မာအမျိုးသားလေကြောင်းလိုင်းက အပတ်စဉ် တနင်္လာ၊ ဗုဒ္ဓဟူးနဲ့ သောကြာနေ့တိုင်း ရန်ကုန် ကနေ မာန်အောင်ကို မနက် ၈နာရီတွင် တကြိမ်၊မာန်အောင် ကနေ ရန်ကုန်ကို မနက် ၁၀ နာရီတွင် တကြိမ် ပြေးဆွဲပေးနေတယ်လို့ သိရပါတယ်။
