အာရက္ခတိုင်းမ်စ် (၂၆ သြဂုတ် ၂၀၂၆)
ရက္ခိုင်ပြည် တောင်ကုတ်ရိုးမကို ရွေးတုအစိုးရက စစ်အင်အား ၁၅၀၀ ခန့်နဲ့ မင်းတုန်းမြို့ အနော်ခြမ်းကနေ တပ်ဖြန့်ပြီး စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။
ရွေးတုအစိုးရတပ်ဟာ အောင်လံမြို့ကတဆင့် ရေယာဉ်တွေနဲ့ သရက်မြို့အခြေစိုက် အမှတ် ၁၂ ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ-၁၂ ) ကို ပို့ဆောင်ပြီးနောက် သြဂုတ်လ ၂၂ ရက်မှာ စစ်အင်အား ၁၂၀၀ ကျော်ဟာ မင်းတုန်းမြို့နယ်ကို စတင်ရောက်ရှိလာတာလည်း ဖြစ်ပါတယ်။
“သူတို့ (စစ်တပ်) စပြီးတော့ ရိုးမအနီးက တောင်ခြေတွေဖက်ကို တပ်ဖြန့် လှုပ်ရှားနေပါပြီ။ အစက ၁၂၀၀ လောက် ခန့်မှန်းရပေမယ့် အခု အနေအထားက ၁၅၀၀ တောင် မလျော့နိုင်ဘူး။ ကပစ ၁၂ က ထပ်ပို့တယ် ပြောနေကြတယ်” လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရွေးတုအစိုးရတပ်ရဲ့ သရက်အခြေစိုက် ခလရ (၄၄)၊ ကပစ (၁၂) နဲ့ လပခ လက်အောက်ခံတပ်တွေ ပါဝင်တဲ့ အင်အား ၁ ထောင်ကျော်ဟာ ဧပြီလ ၁၈ ရက်က စတင်ပြီး မကွေးတိုင်း သရက်-မင်းတုန်း လမ်းကနေ စတင် ဝင်ရောက်လာပြီး အာရက္ခတပ်တော် ထိန်းချုပ်ရာ နယ်မြေတွေကို စစ်ကြောင်းထိုးနေတာလည်း ဖြစ်ပါတယ်။
အလားတူ ရွေးတုအစိုးရတပ်က ဗျူဟာမှူးအဆင့် ဗိုလ်မှူးကြီး အောင်ဇော်မင်းဦး ဦးဆောင်တဲ့ အင်အား ၁၀၀၀ ကျော် ပါရှိတဲ့ စစ်ကြောင်းဟာ ဇွန်လဆန်းကလည်း ထပ်မံ ထိုးစစ် ဆင်ခဲ့ပါတယ်။
လက်ရှိမှာတော့ ရွေးတုအစိုးရတပ်ဟာ မင်းတုန်းအနောက်ခြမ်းက ပြောင်း၊ ထန်းပင်ကုန်း၊ ဖြူကန်၊ ထိန်ကိုင်း နဲ့ တမာကျေးရွာတွေမှာ အထိုင်ချ တပ်စွဲထားတယ်လို့လည်း သိရပါတယ်။

1 comment