အာရက္ခတိုင်းမ်စ် (၂၆ ဩဂုတ် ၂၀၂၆)
ပလက်ဝမြို့နယ် စိမ်းညှင်းဝကျေးရွာကို ရွေးတုအစိုးရက သြဂုတ်လ ၂၄ ရက်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ကလေးငယ် နှစ်ဦး အပါအဝင် ငါးဦး သေဆုံးခဲ့ပြီး ၁၀ နှစ်အောက် ကလေးငယ် ၈ ဦး အပါအဝင် ၁၇ ယောက် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်ကြောင့် ထိခိုက် သေဆုံးခဲ့သူတွေကို ပလက်ဝခရိုင်၊ ခရိုင်ပါတီကော်မတီက ဦးဆောင်ပြီး သြဂုတ်လ ၂၄ ရက်နဲ့ ၂၅ ရက်မှာ ငွေကျပ် ၁၈၅ သိန်းကို သွားရောက် ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
သေဆုံးခဲ့တဲ့ ပြည်သူ ၁ ယောက်ကို ငွေကျပ် ၁၅ သိန်း၊ ဒဏ်ရာ အပြင်းစား ရရှိသူ ၁ ယောက်ကို ၁၀ သိန်းကျပ်နဲ့ ဒဏ်ရာ အသေးစား ရရှိသူ ၁ ယောက် ကို ၅ သိန်းကျပ်နှုန်းနဲ့ ထောက်ပံ့ ကူညီခဲ့တာလို့ သိရပါတယ်။
“သေဆုံး ၅ ဦးအတွက် ၇၅ သိန်း၊ အပြင်းစား ဒဏ်ရာ ရတဲ့ ၅ ယောက်ကို ၁၀ သိန်းနှုန်းနဲ့ သိန်း ၅၀၊ အသေးစာ ဒဏ်ရာ ရတာက ၁၂ ယောက် ၁ ယောက်ကို ၅ သိန်းနဲ့ သိန်း ၆၀၊ စုစုပေါင်း ၁၈၅ သိန်း ထောက်ပံ့ပေးခဲ့တာ” လို့ ပလက်ဝမြို့နယ် တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
အဆိုပါ ထောက်ပံ့မှုကို ပလက်ဝခရိုင်၊ ခရိုင်ပါတီကော်မတီရုံးက ဦးဆောင်ပြီး မြို့နယ်ပါတီရုံး၊ ပါတီလူငယ်အင်အားစု၊ ခရိုင် HDCO ရုံး၊ မြို့နယ်အုပ်ချုပ်ရေးဌာနရုံးတို့ ပူးပေါင်းပြီး သွားရောက် ကူညီ ထောက်ပံ့ပေးခဲ့တာလို့ သိရပါတယ်။
Photo – Paletwa Times

307 comments