အာရက္ခတိုင်းမ်စ် (၂၇ ဩဂုတ် ၂၀၂၆)
ရက္ခိုင်ပြည် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်တွင် သြဂုတ်လ ၂၆ ရက်က မူဆလင်တွေကို ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း ထုတ်ဖော်ပြောကြားတဲ့ အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ကျနော်တို့ အာရက္ခ ပြည်သူတော်လှန်ရေး အစိုးရအနေနဲ့ မူဆလင်ပြည်သူများကို အခွင့်ရေးတွေ အများကြီး ပေးခဲ့ပါတယ်။ မူဆလင် အသိုင်းအဝိုင်းနဲ့ အခြားမျိုးနွယ်စု အသိုင်းအဝိုင်း အားလုံး အတူတကွ တိုင်းပြည် တည်ဆောက်ကြရအောင်။ ဒီ အကြမ်းဖက်စစ်တပ်နဲ့ အကြမ်းဖက် ARSA တွေ ရန်ကနေ ကျနော်တို့ အာရက္ခပြည်မှာရှိတဲ့ ပြည်သူတွေကို ပိုပြီးတော့ စိတ်ချရအောင် လုံခြုံရေးတွေ အများကြီး ချသွားမှာပါ။ နောက်ပြီး မူဆလင်တွေကိုလည်း ကျနော်တို့ ဌာနဆိုင်ရာ အဖွဲ့စည်းမှာ ပိုပြီးတော့ ဒီထက် ပါဝင်ပြီး အလုပ်လုပ်စေချင်ပါတယ်။ ကျနော်တို့ အချင်းချင်း အကုန်လုံး ယုံကြည်မှုနဲ့ တည်ဆောက်သွားကြရအောင်ပါ” လို့ အာရက္ခတပ်တော် အကြီးအကဲတစ်ဦးက ဆိုပါတယ်။
အဆိုပါ အခမ်းအနားကို အာရက္ခတပ်တော်၊ HDCO၊ ULA လူငယ်စင်တာအဖွဲ့၊ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူ့လုံခြုံရေး ဒီလပ်ဌာန၊ မူဆလင်ရေးရာ ကောင်စီအဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာ အသီးသီးက တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ ဒေသခံ မူဆလင်များ စုစုပေါင်း ၅၀၀ ကျော်ခန့် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။
“အကြမ်းဖက် မြန်မာစစ်တပ်ဟာ ကလေးတွေ နောက်ပြီး ကျနော်တို့ အမျိုးသမီးတွေ၊ အသက်ကြီးလူတွေနဲ့ လူမမာတွေကို နည်းမျိုးစုံနဲ့ ရက်စက်စွာ သတ်ခဲ့တာပါ။ မူဆလင်ပေါင်း ၉၀၀၀ ကျော် သတ်ဖြတ်ခံလိုက်ရပါတယ်။ သူတို့က သြဂုတ် ၂၄ရက်နေ့ ညဉ့် ၁၁လောက်မှာ ဝင်လာပြီး ဒီမှာ အာဆာတွေ ရောက်နေတယ် ပြောပြီးတော့ ရွာကလူတွေကို တစ်အိမ်ဝင် တစ်အိမ်ထွက် ဖမ်းခေါ်ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့တာတွေ ရှိပါတယ်။ မောင်တော မြောက်ပိုင်းဘက်တွေ မူဆလင် ရွာတွေ တစ်ရွာမှ မရှိတော့ဘူး သူတို့ မီးရှို့ခဲ့တာတွေ။ အခု ကျနော်တို့ အာရက္ခပြည်သူ့အစိုးရတော်လှန်ရေး လက်ထက်မှာမှ ကျနော်တို့ မူဆလင်တွေ အေးချမ်းစွာ နေထိုင်ရတာပါ။ လူမျိုးရေး ခွဲခြားခံရတာတွေ မရှိခဲ့ပါဘူး” လို ခရိုင်မူဆလင်ရေးရာကောင်စီ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၄ ရက်ကနေ စက်တင်ဘာလ ၁ ရက်အထိ အကြမ်းဖက် မြန်မာစစ်တပ်က ဘူးသီးတောင်မြို့နယ်နဲ့ မောင်တောမြို့နယ်က မူဆလင်များကို သတ်ဖြတ်ခြင်း၊ နေအိမ်များ မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများကို မုဒိမ်းကျင့်ခြင်းတို့ကြောင့် မူဆလင်လူမျိုး ၇ သိန်းခန့်မှာ နေရပ်စွန့်ခွါပြီး တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရတာလည်း ဖြစ်ပါတယ်။
Ref & Photo – One Nation News

274 comments