NewsPolitic

ရုရှားကို စစ်လက်နက်အကြွေးရောင်းပေးဖို့ မင်းအောင်လှိုင် သွားဆွေးနွေးတာ ဖြစ်နိုင်

အာရက္ခတိုင်းမ်စ် (၂၈ ဩဂုတ် ၂၀၂၆)

သမ္မတအယောင်ဆောင် မင်းအောင်လှိုင်အနေနဲ့ ရုရှားနိုင်ငံကိုသွားပြီး သမ္မတပူတင်နဲ့ တွေ့ခဲ့တာဟာ နည်းပညာနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စတွေအပြင် စစ်လက်နက်အကြွေးရောင်းပေးဖို့အတွက် သွားဆွေးနွေးတာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“စစ်လက်နက်ပစ္စည်းတွေကတော့ သူတို့ အကြွေးတို့ ဘာတို့ ရောင်းပေးလို့ရှိရင်တော့ အများကြီး သူ့အတွက် အသက်ရှုပေါက် ချောင်တာပေါ့နော်။ အဓိကက ကိုယ်က အခုဟာက နိုင်ငံခြားငွေ အခက်အခဲ ဖြစ်နေတာကို။ နိုင်ငံခြားငွေ အခက်အခဲ ဖြစ်နေတယ်။ ပြည်တွင်းကိစ္စတွေမှာဆိုရင်လည်း အခုလောလောဆယ်မှာက ဖြစ်နေတဲ့ စစ်လက်နက်ပစ္စည်း အသုံးပြုနိုင်မှုက အားသာချက်လို့ ဖြစ်နေတာ။ ဘာကြောင့်လဲဆိုတော့ အောက်ခြေက မြေပြင်တပ်သားတွေကလည်း တိုက်ရည်ခိုက်ရည်၊ တိုက်စစ်၊ ခံစစ်တွေကလည်း ဟိုဘက်နဲ့ မယှဉ်နိုင်ဘူးလို ဖြစ်နေတာ။ ဟိုဘက်က တိုက်ချင်ခိုက်ချင်စိတ် လူငယ်တွေပါဝင်မှု ဘာညာ အဲဒါတွေမှာ ဒီဘက်က တော်တော်ကို မယှဉ်နိုင်ဘူး ဖြစ်နေတယ်။ ဖြစ်နေတော့ အသာစီးရဖို့အအတွက်ဆိုရင် စစ်လက်နက်ကတွေက ခေတ်မီဖို့နဲ့ ပိုပြီးတော့ သာလွန်ဖို့ပေါ့။ ၁၀၂၇ စစ်ဆင်ရေးမှာ အကြီးအကျယ် ရှုံးသွားရတဲ့ အကြောင်းကလည်း ကိုယ့်ဘက်မှာ ဒရုန်းနည်းပညာတို့ ဘာတို့ ဒီဟာတွေမှာ မလိုက်နိုင်တာပေါ့နော်။ အဲဒါတွေကြောင့်လည်း ပါတယ်။ အဲဒါတွေကြောင့် သူရှုံးတာ ဖြစ်တဲ့အတွက်ကြောင့် သာအောင် အများကြီးသာအောင် လုပ်နိုင်တယ်ဆိုရင် သူ့အတွက်က စစ်ရေးအရ အားသာချက်တစ်ခု ဖြစ်လာမှာပေါ့။ ဟိုဘက်ကနေပြီး ရောင်းချဖို့ဆိုတာမှာလည်း နိုင်ငံခြားငွေရမှ။ နိုင်ငံခြားငွေ သူဘယ်လိုရှာမလဲပေါ့။ အကြွေး ရောင်းပေးမှာလားပေါ့။ ဒါတွေကို သူသွားပြီး ဆွေးနွေးတာလည်း ဖြစ်မှာပါ” လို့ သူက ပြောပါတယ်။

မင်းအောင်လှိုင်ဟာ ရုရှားသမ္မတပူတင်နဲ့ ၂၀၂၆ ခုနှစ် ဩဂုတ် ၁၇ ရက်‌ကနေ ၁၉ ရက်နေ့အထိ သွားရောက်ခဲ့တာပါ။

အသေးစား နျူကလီးယား လျှပ်စစ်စွမ်းအင်ထုတ်လုပ်မှု တည်ဆောက်ရေးက နှစ်နိုင်ငံအတွက် အဓိကစီမံကိန်းလို့ ရုရှားသမ္မတပူတင်က ပူးတွဲသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

အသေးစား နျူကလီးယား ဓာတ်အားပေးစက်ရုံ (NPP) တည်ဆောက်ရေး သဘောတူညီချက်တွေကို ရုရှားက စတင် အကောင်အထည်ဖော်နေပြီ ဖြစ်တယ်လို့ ရုရှားဝန်ကြီးချုပ် မီခေးလ် မီရှူစတင် ကလည်း မင်းအောင်လှိုင်နဲ့ တွေ့တဲ့အခါ ပြောပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ပါဘူး။

ရုရှားနိုင်ငံပိုင် အဏုမြူ စွမ်းအင်ကော်ပိုရေးရှင်း (ROSATOM) က မြန်မာမှာ နျူကလီးယား ဓာတ်အားပေးစက်ရုံ ဆောက်ပေးမှာ ဖြစ်ပါတယ်။

ROSATOM ရဲ့ အရင်က ထုတ်ပြန်ခဲ့ဖူးတဲ့ အချက်အလက်တွေအရ မြန်မာမှာဆောက်မယ့် စက်ရုံက ဓာတ်အား ၁၁၀ မဂ္ဂါဝပ် ဖြစ်ပြီး ၃၃၀ မဂ္ဂါဝပ်အထိ တိုးချဲ့နိုင်ကြဖို့ သဘောတူထားကြပါတယ်။

မြန်မာမှာဆောက်မယ့် အသေးစား နျူကလီးယားစက်ရုံအရွယ်အစားကို ရုရှားက ဥဇဘက်ကစ္စတန် မှာလည်း ဆောက်ပေးနေပါတယ်။

Related posts

ဂွမြို့ကို နေဗီကနေ လက်နက်ကြီးနဲ့ ၇ ကြိမ်ထပ်မနည်း ပစ်ခတ်

Rakhita Times

■ အမေရိကန် နည်းပညာကုမ္ပဏီတွေ ဘာလို့ အိန္ဒိယမှာ ဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံနေကြတာလဲ

Rakhita Times

မြောက်ဦးမြို့ ရှမ်းတောင်(မူဆလင်) ရွာတွင် လူသတ်မှုဖြစ်ပွား၊ လူသတ်တရားခံ ၂ ဦးကို ဒီလပ်ဖမ်းဆီး

Rakhita Times

908 comments

Leave a Comment