ArticelsEducationLife StylePolitic

အာရက္ခပညာရေးခရီးသည် (၁)

အာရက္ခပညာရေး စတင် လည်ပတ်ခဲ့သည်မှာ ယခု ပညာသင်နှစ်အထိဆိုလျှင် သုံးနှစ်မြောက်ခဲ့ပြီ ဖြစ်သည်။ စာရေးသူအနေနှင့် အာရက္ခပညာရေး စတင်လည်ပတ်သည့် ပညာသင်နှစ်မှစတင်ပြီး အထက်တန်းပြ စေတနာဆရာအနေနှင့် ပညာရေးကဏ္ဍ၌ ပါဝင် ဆောင်ရွက်ခဲ့သည်မှာလည်း ယခုဆိုလျှင် သုံးနှစ်မြောက်ခဲ့ပါပြီ။ မိမိအနေနှင့် ယခင်က ကျောင်းဆရာစစ်စစ် မဟုတ်ဘဲ၊ ပြင်ပ ကျူရှင်ဆရာ တစ်ယောက်အနေနှင့်သာ ရပ်တည်ခဲ့သော်လည်း မိမိတို့၏ ပညာရေးကဏ္ဍ၌ နိုင်ရာတာဝန်ကို ဝင်ရောက် ထမ်းဆောင်လိုသည့် ဆန္ဒကြောင့်သာ စစ်ဘေးရှောင်ရင်း စေတနာ့ဝန်ထမ်း ဆရာတစ်ယောက်အဖြစ် ပါဝင် ကူညီနေခြင်း ဖြစ်ပါသည်။ ပညာရေးကဏ္ဍ၌ အနီးကပ် ထိတွေ့နေရသည့် ဆရာတစ်ယောက်အနေနှင့် မပြီးပြတ်သေးသည့် စစ်ပွဲကာလ၊ တစ်နည်းအားဖြင့် ကြားကာလ ပညာရေးစနစ်မှာ ပညာသင်ကြားနေရသော ကျောင်းသားများ၏ အခက်အခဲများ၊ ကျောင်းထားရသော မိဘများ၏ အခက်အခဲများနှင့် ပညာသင်ကြားပေးနေသည့် ဆရာများ၏ အခက်အခဲ ပေါင်းစုံကိုလည်း မျက်မြင်ဒိဌ ကြုံတွေ့ သိမြင်ရပါသည်။

စေတနာ့ဝန်ထမ်း ဆရာအဖြစ် လက်ရှိ ထမ်းရွက်လျက် ရှိသည့် အ.ထ.က (ခွဲ) ကျောင်း၌ စာရေးသူ စစ်ဘေးရှောင်ဘဝဖြင့် စတင် ရောက်ရှိသည့်အချိန်တွင် အထက်တန်းပြဆရာ အင်အား လုံလောက်စွာ မရှိပါ။ မြန်မာစာ၊ အင်္ဂလိပ်စာ၊ ဇီဝဗေဒ၊ ဓာတုဗေဒ စသည့် ဘာသာရပ်များတွင် ပြသမည့် ဆရာ၊ ဆရာမအင်အား လုံလောက်မှု မရှိသည်ကို တွေ့ရပါသည်။ သိပ္ပံဘာသာတွဲ ယူမည့် ကျောင်းသားများအနေနှင့် ပြသမည့် ဆရာအင်အား မလုံလောက်မှုကြောင့် ဇီဝဗေဒ၊ ဓာတုဗေဒ အစရှိသည့် ဘာသာရပ်များကို သင်ယူရရာ၌ အခက်အခဲများစွာ ရှိကြောင်း သိရှိရပါသည်။ ယခင်အစိုးရ လက်ထက်ကပင် ဆရာအင်အားမလုံလောက်ခဲ့သည့် အ. ထ.က (ခွဲ) ကျောင်းတစ်ကျောင်းအနေနှင့် အာရက္ခပညာရေး ပြန်လည် စတင်သည့်နှစ်တွင် သင်ကြားရေး ကိစ္စရပ်များအတွက် များစွာ အခက်အခဲ ကြုံတွေ့ရပါတော့သည်။ ထိုနှစ်က ဆရာတချို့မှာ စီးပွားရေး အခြေအနေနှင့် မိသားစု စားဝတ်နေရေးအရ လုပ်ငန်းခွင်သို့ ပြန်လည် မဝင်ရောက်နိုင်ခြင်း၊ ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ခရီးလွန်နေခြင်း၊ ပြည်မသို့ ထွက်ခွါသွားခြင်း စသည့် ဖြစ်ရပ်များကို ကျောင်းတိုင်းတွင် ကြုံရပါသည်။

စာရေးသူအနေနှင့် မိမိ စာသင်ကြားလျက်ရှိရာ လက်ရှိ အ.ထ.က (ခွဲ) ကျောင်း၏ ဘာသာရပ် လိုအပ်ချက်အရ အင်္ဂလိပ်စာနှင့် ဇီဝဗေဒ ဘာသာရပ်နှစ်ခုကို ပူးတွဲ တာဝန်ယူ သင်ကြားပေးခဲ့ရပြီး၊ မြန်မာစာဌာနမှ နည်းပြဖြစ်သူ မိမိ၏ အိမ်ရှင်မက မြန်မာစာဘာသာရပ်ကို တာဝန်ယူ သင်ကြားခဲ့ပါသည်။ ဓာတုဗေဒ ဘာသာရပ်ကိုလည်း အခြား စေတနာ့ဝန်ထမ်း လူငယ်ဆရာတစ်ယောက် ဝင်ရောက် သင်ကြားခဲ့ခြင်းဖြင့် ကျောင်း၏ အထက်တန်း သင်ကြားမှု လုပ်ငန်းများ လည်ပတ်ခဲ့ရပါသည်။ သင်ကြားရေး လခအနေနှင့် ဆရာ၊ ဆရာမ တစ်ယောက်စီအနေနှင့် ပထမလတွင် တစ်သိန်းရှစ်သောင်းခန့်နှင့် အခြားလများတွင် နှစ်သိန်းခန့် ရရှိခဲ့ပါသည်။ ကျောင်း၏ ဘဏ္ဍာရေး အခြေအနေအရ နောက်ထပ် ဆရာတစ်ယောက် ခေါ်ယူရန် အဆင်မပြေသဖြင့် စာရေးသူအနေနှင့် အင်္ဂလိပ်စာနှင့် ဇီဝဗေဒ နှစ်ဘာသာကို တာဝန်ယူ သင်ကြားပေးခဲ့ရပြီး ဘာသာရပ်တစ်ခုစာ လစာကိုသာ ယူခဲ့ပါသည်။ လစာပမာဏ နည်းပါးမှု၊ ဓာတ်ဆီစျေးနှုန်း ကြီးမြင့်မှုများကြောင့် ရပ်ဝေးမှ ဆရာ၊ ဆရာမများ အဆင်ပြေစေရန် ဆရာ၊ ဆရာမတစ်ယောက်လျှင် ဘာသာရပ်အလိုက် အလှည့်ကျ တစ်ပတ်လျှင် နှစ်ရက်၊ သုံးရက် စသဖြင့် လာရောက်ရသည့် စနစ်ကို ကျင့်သုံးခဲ့ရပြီး လကုန်လျှင် ဆီစရိတ်ဟုဆိုကာ ကျောင်း၏ ကောက်ခံရရှိသည့် လစာထဲမှ နှစ်သောင်း၊ သုံးသောင်းခန့် ထောက်ပံ့ခဲ့ရပါသည်။ အဆိုပါ ကာလက ဓာတ်ဆီတစ်လီတာကို တစ်သောင်းနှစ်ထောင်ကျပ်ခန့်ဖြစ်ပြီး၊ ကြက်ဥတစ်လုံးကို တစ်ထောင်ကျပ်ခန့်၊ စားအုန်းဆီ ကျားခေါင်းတံဆိပ် တစ်လီတာဘူးကို တစ်သောင်းနှစ်ထောင်ကျပ်ခန့် ဖြစ်သဖြင့် စာရေးသူတို့ စေတနာ့ဝန်ထမ်း ကျောင်းဆရာ၊ ဆရာမ ဇနီးမောင်နှံနှစ်ယောက်၏ လစာလေးသိန်းမှာ ကြက်ဥဟင်းနှင့်ပင် နပ်မှန်အောင် စားနိုင်ဖို့ မလွယ်ပါ။ အပြင်စာသင်ဝိုင်းတချို့၌ စာသင်ကြား၍ ရသည့် လခ အနည်းငယ်နှင့် ဘ.က ကျောင်းတစ်ခုတွင် စေတနာ့ဝန်ထမ်း အဖြစ် စာသင်ကြားရာမှ ထောက်ပံ့ကြေးရသည့် လစာ အနည်းငယ်ကြောင့်သာ အသက်ရှူ ရှောင်ခဲ့ရပါသည်။ စာရေးသူ နေထိုင်ရာ ရွာနှင့် အတန်ငယ်ဝေးသော ရွာတစ်ရွာ၏ စာသင်ဝိုင်းတစ်ခု၌ အင်္ဂလိပ်စာ သွားပြရာ လမ်းဆိုးလွန်း၍ ရွှံ့ဗွက်ထဲတွင် ဆိုင်ကယ်ဘီး ကျွံဝင်သွားခြင်း၊ ဆိုင်ကယ်ကို ဆင်းတိုးရခြင်း၊ မိုးဒဏ်၊ လေဒဏ် ခံရခြင်း စသည့် အခြေအနေများကြောင့် မိမိရသည့် ဉာဏ်ပူဇော်ခ လစာ နှစ်သိန်းတွင် ဆေးခန်းပြရငွေ တစ်သိန်းခြောက်သောင်းကျော်နှင့် ဆီဖိုးငွေ နှုတ်လိုက်ရာ တပည့်များအပေါ် စာသင်ကြားခွင့် ရသည့် စေတနာသာ အမြတ်ကျန်ပါသည်။ စစ်ပွဲကာလ၏ စားဝတ်နေရေး အခက်အခဲ၊ ကျန်းမာရေးအတွက် ဆေးကုသငွေ အခက်အခဲများကြားတွင် ဆရာ၊ ဆရာမတချို့မှာ ဆက်လက် တောင့်ခံနိုင်ခြင်း မရှိတော့ဘဲ အလုပ်ထွက်သွားရခြင်း၊ အထူးသဖြင့် အိမ်ထောင်ဦးစီးဖြစ်သူ အမျိုးသား ဆရာများ အနေနှင့် မိမိတို့ မိသားစု စားဝတ်နေရေး၊ ကျန်းမာရေး၊ လူမှုရေး အသုံးစရိတ်များ၊ သားသမီး ပညာရေး ကုန်ကျငွေများပါ ထည့်သွင်း စဥ်းစားရသည့်အခါ ကျောင်းဆရာဘဝနှင့် ဆက်လက် ရပ်တည်နိုင်ရန် အင်မတန် ခက်ခဲလာကာ ငွေရလွယ်သည့် ကုန်သည်အလုပ်၊ စက်လှေမောင်းအလုပ်၊ စက်လှေပြုပြင်သည့်အလုပ် စသည့် အလုပ်များကိုသာ ရွေးချယ် လုပ်ကိုင်သွားကြရတော့သည်။

မြို့ပေါ် အနီးတဝိုက်နှင့်၊ ပညာရေးကို လိုက်စားသော၊ စီးပွားရေး အတန်အသင့် ပြေလည်သော ရွာများ၌ တာဝန်ကျရာ ဆရာ၊ ဆရာမများအနေနှင့် လစာငွေ ပုံမှန် ရရှိခြင်း၊ အပြင်ကျူရှင်များ၊ ဂိုက်များသင်ကြားရခြင်းကြောင့် အနည်းငယ် အဆင်ပြေသော်လည်း လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ရွာများ၊ စီးပွားရေးအဆင်မပြေဘဲ လူဦးရေ နည်းပါးသော ရွာငယ်များ၊ ပညာရေးကို မလိုက်စားသော နေရာများ၌ တာဝန် ထမ်းဆောင်ရသော ဆရာ၊ ဆရာမ အချို့မှာ လစာငွေပင် ပုံမှန် မရသည်များ ရှိကြသည်။ ယခုခေတ် ကုန်စျေးနှုန်းနှင့်ဆိုလျှင် ကြက်ဥဟင်းဖြင့် နေ့တိုင်းစားမည် ဆိုလျှင်ပင် မိသားစုဝင် လေးငါးယောက်ခန့် ရှိသည့်မိသားစုတစ်ခုအတွက် တစ်လကို ဆယ်သိန်းမက အသုံးစရိတ် ရှိနိုင်သည်။

ကျန်းမာရေး မကောင်းလျှင် ပိုဆိုးသည်။ ငွေတစ်သိန်းအထက် မပါလျှင် ဆေးခန်းပြဖို့ပင် ခက်ခဲလှသည်။ မိမိတို့ အာရက္ခဒေသ၏ ဆရာ၊ ဆရာမများအနေနှင့် မိမိတို့၏ မျိုးဆက်သစ် လူငယ်၊ လူရွယ်များ၏ ပညာရေးအတွက် စွန့်လွှတ် အနစ်နာခံရမည် မှန်သော်လည်း၊ စွန့်လွှတ် အနစ်နာခံသင့်သော်လည်း “လွမ်းရေးထက် ဝမ်းရေးခက်သည်” ဆိုသည့်စကားအတိုင်း မိသားစု စားဝတ်နေရေး အခက်ခဲကို လက်တွေ့ ရင်ဆိုင်ရသည့်အခါ ပညာသင်ကြားရေး အလုပ်ကို စွန့်လွှတ်လိုက်ရသူများ၊ လုပ်နေရသော်လည်း အချိန်ပြည့် အာရုံစိုက်မှု မပေးနိုင်တော့ဘဲ အပြင် စီးပွားရေးအပေါ် အလေးပေးနေရသည့်အခါ မိမိတို့၏ သင်ကြားရေးစွမ်းရည် အားနည်းလာမှုများ၊ စနစ်သစ် ပညာရေးအပေါ် လုံလောက်သည့် လေ့လာမှု မရှိတော့ဘဲ သင်ပြမှု အားနည်းချက်များ များစွာ ဖြစ်ပေါ်လာရတော့သည်။

စာရေးသူ၏ မိတ်ဆွေ ဆရာမတစ်ယောက်ဆိုလျှင် ကျောင်းဆရာမဘဝကို အလွန်ခုံမင်သည့် ပညာရေး ကောလိပ်ဆင်း အလယ်တန်းပြ ဆရာမတစ်ယောက်ဖြစ်သော်လည်း အာရက္ခပညာရေး ပြန်လည်ပြီး လည်ပတ်နေသည့် နှစ်နှစ်မြောက်တွင် သူချစ်ရသည့်၊ မြတ်နိုးတွယ်တာရသည့် ကျောင်းဆရာမ အလုပ်ကို ကျောခိုင်းကာ NGO ဝန်ထမ်းအဖြစ် လုပ်ကိုင်သွားတော့သည်။ စာရေးသူအနေနှင့် အဆိုပါ ဆရာမကို ပညာရေးဌာနတွင် ပြန်လည် လုပ်ကိုင်ရန် အကြိမ်ကြိမ်တိုက်တွန်းသော်လည်း သူ၏ ဘဝအခြေအနေနှင့် မိသားစု စားဝတ်နေရေးအရ လက်ရှိ လစာငွေနှင့် ဘယ်လိုမျှ မဖြစ်နိုင်ကြောင်း၊ သူ့အနေနှင့် ကျောင်းဆရာမဘဝကို အလွန်မြတ်နိုးရကြောင်း၊ တစ်နေ့နေ့တွင် ပြန်လည် ဆောင်ရွက်ခွင့် ရရန် မျှော်လင့်မိကြောင်းသာ မိမိကို ပြန်ဖြေတတ်ပါသည်။

ယခုနှစ်သည် အာရက္ခပြည်သူ့အစိုးရ၏ ပညာရေးကဏ္ဍ အကောင်အထည်ဖော် လည်ပတ်ခဲ့သည်မှာ သုံးနှစ်မြောက် ရှိလာပြီ ဖြစ်သည်နှင့်အညီ ပိုမို၍ တည်ငြိမ်လာသည့် အခြေအနေများ၊ စနစ်ကျလာသည့် အရာများ၊ တိုးတက်မှုများ ရှိသော်လည်း တစ်ဖက်တွင် ကျောင်းဆရာ၊ ဆရာမ အင်အား မလုံလောက်မှုများ၊ မြို့ပေါ်နှင့် နယ်ဖက် ကွာဟချက်များ၊ ဆရာ၊ ဆရာမများ ရင်ဆိုင် ကြုံတွေ့နေရသည့် လစာငွေ အခက်အခဲများက များစွာ ရှိနေဆဲပေ။

လက်ရှိ အာရက္ခပညာရေးကဏ္ဍနှင့် ပတ်သက်၍ မိဘများ၏ အခက်အခဲများနှင့် ကျောင်းသား၊ ကျောင်းသူများ၏ အခက်အခဲများ၊ အနာဂတ် မျှော်လင့်ချက်များကို အလျဥ်းသင့်သလို ဆက်လက် ရေးသား ဖော်ပြသွားပါမည်။

စိုးလင်းထက်(ဘူမိ)

Related posts

ကျောက်ဖြူ စစ်ရှောင် ၇ ထောင်ကျော် အတွက် ရိက္ခာများ လိုအပ်နေ

Rakhita Times

စနဲမြို့ကို စကမ ဒရုန်းနဲ့ဗုံးကြဲ၊ အိမ်ခြေ ၁၀၀ လောက် မီးလောင်သွား

Rakhita Times

အိန္ဒိယကနေ တင်သွင်းတဲ့ ကုန်စည်တွေက ရက္ခိုင်ဒေသခံတွေအတွက် အခက်အခဲဖြစ်နေ

Rakhita Times

Leave a Comment