အာရက္ခတိုင်းမ်စ် (၃ အောက်တိုဘာ ၂၀၂၆)
ရက္ခိုင်ပြည်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာတွင် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရက္ခိုင် စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီး နောက်ထပ် စစ်ရှောင်အမျိုးသမီးတစ်ဦးလည်း ပြင်းထန်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက် ည ၉ နာရီခန့်တွင် သာပေါင်းမြို့နယ်၊ သစ်ဖြူကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါတယ်။
အဆိုပါ ဗုံးကြဲချမှုဟာ စစ်ရှောင်များ ခိုလှုံနေထိုင်တဲ့ တဲအိမ်များပေါ်ကို တိုက်ရိုက် ကျရောက် ပေါက်ကွဲခဲ့တာကြောင့် သေဆုံး၊ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်တယ်လို့လည်း သာပေါင်းမြို့နယ်ရောက် ရက္ခိုင်စစ်ဘေးရှောင်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရက္ခိုင်ပြည်ဘက်က စစ်ဘေးတိမ်းရှောင်လာတဲ့ စစ်ရှောင်အမျိုးသမီး ဒေါ်မိပိုးဟာ ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားခဲ့ရပြီး၊ နောက်ထပ် စစ်ရှောင်အမျိုးသမီးတစ်ဦးဖြစ်တဲ့ ဒေါ်ဌေးဌေးမှာလည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် စစ်ရှောင်များနေထိုင်ရာ လူနေအိမ် အများအပြားလည်း မီးလောင် ပျက်စီးခဲ့ရတယ်လို့ ဒေသခံများထံက ဆိုပါတယ်။
လက်ရှိတွင် စစ်ကောင်စီတပ်ရဲ့ လေကြောင်းကနေ ထပ်မံ ဗုံးကြဲတိုက်ခိုက်လာမယ့် အန္တရာယ်ကို စိုးရိမ်နေကြတာကြောင့် သစ်ဖြူကျေးရွာက ဒေသခံများနဲ့ စစ်ရှောင်ပြည်သူများဟာ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့လည်း သိရပါတယ်။
