အာရက္ခတိုင်းမ်စ် (၈ အောက်တိုဘာ ၂၀၂၆)
အာရက္ခတပ်တော်ရဲ့ Info Desk ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်ထုတ် MA-2 စက်လက်နက်အသစ် (Light Machine Gun) တစ်လက်ကို ပထမဆုံးအကြိမ်အဖြစ် ဓာတ်ပုံအထောက်အထားများနဲ့တကွ သိမ်းဆည်းရမိခဲ့ကြောင်း သိရပြီး အဆိုပါ MA-2 အသစ်တွင် အပြင်ပိုင်းဒီဇိုင်းနဲ့ အစိတ်အပိုင်းတချို့ အဆင့်မြှင့်တင် ပြောင်းလဲထားတာကို တွေ့ရှိရတယ်လို့ Tactical Raptor 2.0 က ဆိုပါတယ်။
စစ်ကောင်စီတပ်ရဲ့ တယ်လီဂရမ်ချန်နယ်များတွင်လည်း ပုဏ္ဏားကျွန်းတိုက်ပွဲအတွင်း MA-1 MK2 T2၊ MA-2၊ MA-3 နဲ့ MA-4 အစရှိတဲ့ MA စီးရီးလက်နက်ငယ် မျိုးကွဲအသစ်အားလုံးကို တစ်ပုံတည်းတွင် စစ်သည်များ ကိုင်ဆောင်ပြထားတာကို တွေ့ရှိရတယ်လို့လည်း ဆိုပါတယ်။
MA-3 ကာဘိုင်နဲ့ MA-4 လောင်ချာတွဲရိုင်ဖယ်အသစ်များကို ယခုနှစ် ဇူလိုင်လက ရုရှားနိုင်ငံနဲ့ စစ်ရေးလေ့ကျင့်စဉ်များအတွင်း ပြသခဲ့ပြီးနောက် အခုအခါ ရက္ခိုင်စစ်မျက်နှာပြင်တွင် စတင် အသုံးပြုလာကြပြီ ဖြစ်ပြီး MA-1 MK2 T2 မှာမူ တော်လှန်ရေးတပ်ဖွဲ့များ လက်ထဲသို့ အလက်ရေများစွာ ကျရောက်ပြီးသားဖြစ်ပါတယ်။
အခခု အသစ်တွေ့ရတဲ့ MA-2 စက်ကလေးအသစ်မှာမူ အများပြည်သူရှေ့ ပထမဆုံးအကြိမ် ရောက်ရှိလာခြင်းဖြစ်ပြီး၊ စစ်ကောင်စီတပ်ဘက်က စတင်အသုံးချိန်မှာပင် AA က ပထမဆုံးအကြိမ် သိမ်းဆည်းရမိခဲ့ခြင်းလည်း ဖြစ်ပါတယ်။
ယခင် MA စီးရီးလက်နက်များတွင် ကျည်ညပ်ခြင်း (Malfunctions) နဲ့ ယုံကြည်စိတ်ချရမှု အားနည်းချက်များ ရှိခဲ့ဖူးရာ၊ အခုအသစ်ထွက်ရှိလာတဲ့ မျိုးကွဲများတွင် ထိုပြဿနာများကို မည်မျှ ဖြေရှင်းနိုင်ခဲ့သည်ကို ဆက်လက် စောင့်ကြည့်ရမယ် Tactical Raptor 2.0 က ဆိုပါတယ်။
