BusinessNewsPolitic

ရက္ခိုင်မှာ ဗုံးကြဲမှုတွေကြောင့် စစ်တွေမှာ ကုန်ဈေးတွေ မြင့်တက်

အာရက္ခတိုင်းမ်စ် (၁၂ အောက်တိုဘာ ၂၀၂၆)

ရက္ခိုင်ပြည်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ဒေသအများအပြားကို စစ်ကော်မရှင်က လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာတာနဲ့အမျှ စစ်တွေမြို့မှာ အခြေခံ စားသောက်ကုန်ဈေးတွေ မြင့်တက်လာတယ်လို့ စစ်တွေဒေသခံတွေထံက သိရပါတယ်။

စစ်တွေမြို့က ပြည်သူလူလုထုဟာ ရေကြောင်းနဲ့ လေကြောင်းကနေ သယ်ဆောင်လာတဲ့ အခြေခံစားသောက်ကုန်တွေကို အဓိက အားကိုးနေကြရတာ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာတော့ လေယာဉ်ဟာ တစ်ပတ်မှာ ၃ ရက်ပဲ လာတော့မယ်လို့ သတင်းတွေ ထွက်နေတဲ့အတွက် အသားဈေးတွေဟာလည်း ကြီးမြင့်သွားတယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“ဟုတ်ပါတယ် စစ်တွေမှာ ကုန်ဈေးနှုန်းတွေ တက်နေပါပြီ။ လက်ရှိကတော့ မြေပြင်မှာ စိုက်ပျိုးနေကြတဲ့ ဟင်းသီးဟင်းရွက်တွေကတော့ မဆိုစ‌လောက် အစုံစားရပါတယ်။ အခုဆို ခရမ်းသီးလည်း စားနေရပြီ။ မုန်လာဥချေလည်း စားတော့ စားရတယ် ဈေးတော့ နည်းနည်းကြီးပါတယ်။ အစိတ်သားကို မုန်လာဥဆိုရင် လေးထောင်၊ ငါးထောင်ပါ။ ခရမ်းသီးဆိုရင် ခြောက်ထောင်၊ ခုနှစ်ထောင်၊ ရှစ်ထောင် အဲဒီလို အမျိုးအစား ရှိပါတယ်။ အခုကလေ စစ်တွေမြို့မှာ လက်ရှိအနေအထားက လေယာဉ်ပျံကလည်း တစ်ပတ်မှာ ၃ ရက်ပဲ လာဖို့။ shatter လား လူစီးယာဉ်လားတော့ မပြောတတ်ပါ။ အဲဒီလို ကောလာဟလ ပြောနေတာတော့ ကြားပါတယ်။ အဲဒီအပြင်ကို ကွမ်းတွေ ကွမ်းစားတဲ့သူတွေအတွက် ကွမ်းဈေးတွေ တက်သွားပြီ။ တစ်ထောင်ဖိုးမှ ယာပြီးသား သုံးယာသာ ရတယ်ပြောကြတယ်။ အခု ဝက်သားဆိုရင် အရင်က ပိဿာတစ်ပြင်ကို တစ်သောင်းရှစ်ထောင်၊ တစ်သောင်းခုနှစ်ထောင် ရန်ကုန်ကလာတဲ့ ရေခဲစိမ်။ အဲဒီလိုမျိုးလည်း ပြောရရင် လေယာဉ်ပျံနဲ့ လာတယ်ဆိုတော့ ဈေးကြီးပေမယ့် အားလုံး စားရတယ်။ အခုဆို လေယာဉ်က တစ်ပတ်မှာ သုံးရက်ပဲ လာမယ်လို့ ကောလာဟလလား အမှန်လားတော့ မသိ။ ပြောသံကြားခါ ဝက်သားတွေလည်း ဈေးတက်သွားပါပြီ။ အမဲသားလည်း ဈေးတက်သွားပါပြီ” လို့ သူက ပြောပါတယ်။

ရက္ခိုင်ပြည်မှာ စစ်ဘေးရှောင်တွေ နေထိုင်တဲ့ စစ်ရှောင်စခန်းတွေပါမကျန် လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခံနေတာကြောင့် အပြစ်မဲ့ အရပ်သားတွေ ထိခိုက်သေဆုံးမှု တိုးလာနေတာပါ။

စက်တင်ဘာလ ၂၈ ရက် နောက်ပိုင်း ကျောက်တော်မြို့နယ် အပါအဝင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တောနဲ့ သံတွဲမြို့နယ်တွေကို ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး ဒီတိုက်ခိုက်မှုတွေကြောင့် အရပ်သား သုံးဦး သေဆုံးပြီး ၁၇ ဦး ဒဏ်ရာရခဲ့ပါတယ်။

အောက်တိုဘာလ ၃ ရက်မှာ ရသေ့တောင်မြို့ပေါ်နဲ့ အနီးအနား ရွာတချို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေ့လယ်ပိုင်းကနေ ညပိုင်းအထိ ကျောက်တော်၊ သံတွဲနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတာပါ။

အဲဒီလို တိုက်ခိုက်ခံနေရမှုတွေကြောင့် စစ်တွေမြို့မှာ တည်ငြိမ်နေပေမယ့်လည်း ကုန်သည်တွေက ကုန်ဈေးတွေကို ဆက်လက်မြင့်တက်အောင် လုပ်နေဆဲဖြစ်တယ်လို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

“နဂို ပိဿာတစ်ပြင်ကို တစ်သောင်းခုနှစ်ထောင်၊ တစ်သောင်းရှစ်ထောင်ဆိုရင် အခု နှစ်သောင်းနှစ်ထောင်တို့၊ နှစ်‌သောင်းသုံးထောင်တို့။ တစ်ဖက်က လက်နက်ကြီးပစ်တဲ့အသံ ကြားတယ်။ စစ်တွေမှာ တစ်ခုလည်း မဖြစ်သေးတာတောင်မှ ဘေးပတ်ဝန်းကျင်မှာ ဖြစ်နေတယ်ပေါ့။ လူတွေကတော့ အမြင်နဲ့ပြောလား၊ လိုင်းပေါ်က စကားလားတော့ မပြောတတ်။ စစ်တွေမြို့အနီးချေမှာ ဖြစ်နေတယ်ပေါ့။ အဲဒီလို ကြားသိရခါ အခု စစ်တွေမှာလေ နို့ဆီဘူး တစ်ဘူးကို အဝါရောင်အရှည် နို့ဆီဘူးတစ်ဘူးကိုလေ ချက်ချင်း ဈေးတက်သွားတာ ခြောက်ထောင်ကနေ အခု ရှစ်ထောင့်ငါးရာ ဖြစ်သွားတယ်။ သင်္ဘောဝင်ရင်လည်း ဈေးမကျပါ။ သင်္ဘောလည်း လက်ရှိအနေအထားမှာ တစ်စီးဝင်နေတယ်။ ပစ္စည်းတွေလည်း ပါတယ်။ ဒါပေမယ့်လည်း နို့ဆီ၊ ဆီ၊ စားအုန်းဆီ၊ နောက်ပိတ်ဆုံး ဖယောင်းတိုင်ကအစ တစ်ထောင့်ရှစ်ရာတန်၊ နှစ်ထောင်တန်ကို အခု လေးထောင်၊ လေးထောင့်ငါးရာ ပေးရပါတယ်။ အားလုံးက ဈေးတက်သွားတာက ရန်ကုန်မှာ တက်လား၊ မတက်လားတော့ မသိဘူး ဒီမှာတော့ ကုန်သည်တွေက သင်္ဘောပေါ်က ချတယ်ဆိုတာနဲ့ နောင်လာမယ့် အခြေအနေတွေကြည့်ပြီး အားလုံးကို ပိတ်လှောင်လိုက်တာ” လို့ သူက ပြောပါတယ်။

ဒီ လေကြောင်းတိုက်ခိုက်မှုတွေဟာ စက်တင်ဘာလ ၂၈ ရက်က ကျောက်တော်မြို့ အိန္ဒိယဈေး တိုက်ခိုက်ခံရပြီးနောက် ဆက်တိုက် ဖြစ်ပွားလာတာပါ။

အာရက္ခတပ်တော်ရဲ့ ထုတ်ပြန်ချက်အရ အိန္ဒိယဈေးအနီး လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သား ၅၀ သေဆုံးပြီး ၅၇ ဦး ဒဏ်ရာ ရခဲ့ပါတယ်။

ရက္ခိုင်ပြည်အနှံ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတာဟာ စစ်ရာဇဝတ်မှု ကျူးလွန်နေတာလို့ အာရက္ခတပ်တော် က ထုတ်ပြန် ပြောဆိုထားပါတယ်။

Related posts

ရက္ခိုင်ပြည်မှာ မိုးသီးကြွေခြင်းနဲ့ လေပြင်းတိုက်ခြင်းများ ဖြစ်နိုင်

Rakhita Times

အမ်းတွင် စစ်ကျန် ဗုံးပေါက်ကွဲလို့ ကလေးငယ် ၁ ဦး သေဆုံး

Rakhita Times

ရက္ခိုင်တွင် AA က ART ဆေး နဲ့ TB ဆေး အခမဲ့ဖြန့်ဝေ

Rakhita Times

Leave a Comment