အာရက္ခတိုင်းမ်စ် (၁၉ အောက်တိုဘာ ၂၀၂၆)
ပလက်ဝခရိုင် ပလက်ဝမြို့နယ် ချောင်းဆုံရွာအနီးဝန်းကျင်ရှိ အများပြည်သူ အသုံးပြုနေတဲ့ စက်လှေဆိပ်ကမ်းကို စစ်ကောင်စီက မနေ့က (အောက်တိုဘာလ ၁၈ ရက်) နေ့လယ်ပိုင်းတွင် Y12 နဲ့ ဂျက်ဖိုက်တာများ အသုံးပြုပြီး ဗုံးအလုံးရေ ၂၀ ထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
နေ့လယ် ၁ နာရီခွဲခန့်တွင် မကွေးလေတပ်ကနေ တက်လာတဲ့ Y12 လေယာဉ်နဲ့ တံတားဦးလေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၂ စီးတို့က လူစည်ကားရာ စက်လှေဆိပ်ကမ်းကို ပစ်မှတ်ထားကာ ဗုံးကြဲ တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆိပ်ကမ်းတွင် အလုပ်လုပ်ကိုင်နေကြပြီး စုဝေးရောက်ရှိနေကြတဲ့ လသားအရွယ် ရင်သွေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၂၀ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း သိရပါတယ်။
“အခုသိရသလောက်ကတော့ သေချာပေါက် ၆ ယောက် ဆုံးတယ်။ မိန်းကလေး ၂ ဦးနဲ့ ယောကျ်ား ၄ ဦးပါ။ ထပ်တိုး ရှိနိုင်ပါသေးတယ်။ ခုတော့ ဒီလောက်ပဲ သိသေးတယ်” လို့ ပလက်ဝမြို့နယ်ဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီရဲ့ တိုက်ခိုက်မှုများကြောင့် ပြီးခဲ့တဲ့ ၃ လခွဲကျော်ကာလအတွင်း သက်ငယ်ကလေးငယ် ၄၂ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအချက်အလက်များအရ သိရပါတယ်။
ဒေသအလိုက် သေဆုံးမှုများတွင် ရက္ခိုင်ပြည်က ကလေးငယ် ၁၃ ဦးအထိ စာရင်းရှိခဲ့လို့ အများဆုံး စာရင်းဝင်ခဲ့ပြီး ပဲခူးနဲ့ မကွေးတို့တွင်လည်း ကလေးငယ် ၇ ဦးစီ အသက်ဆုံးရှုံးခဲ့ရပါတယ်။
ကလေးငယ်များ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းမှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုများကြောင့်ဖြစ်ပြီး၊ သေဆုံးသူ ၄၂ ဦးအနက် ၃၆ ဦးသည် လေကြောင်းတိုက်ခိုက်မှုများကြောင့် သေဆုံးခဲ့ရခြင်းဖြစ်ပါတယ်။
(ဓာတ်ပုံ ကြည့်ရှုလိုပါက တယ်လီဂရမ်တွင် ကြည့်ရှုနိုင်ပါတယ်)
