NewsPolitic

ပုဏ္ဏားကျွန်း ဖက်ကျရွာကို ရွေးတုတပ် လေကြောင်းကနေ ဗုံးကြဲ၊ ပြည်သူတစ်ဦး ဒဏ်ရာရ

အာရက္ခတိုင်းမ်စ် (၁၈ စက်တင်ဘာ ၂၀၂၆)

ရက္ခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျရွာကို ရွေးတုအစိုးရတပ်က စက်တင်ဘာလ ၁၇ ရက် ည ၁၁ နာရီခွဲလောက်မှာ လေကြောင်းကနေ မီးလောင်ဗုံးနဲ့ ကြဲချ တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံအိမ်တစ်ဆောင် မီးလောင်ပျက်စီးပြီး လူတစ်ဦး ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသူဟာ ပုဏ္ဏားကျွန်းမြို့နယ် ဖက်ကျရွာက အသက် ၄၀ အရွယ် ဦးအောင်မြင့်နိုင် ဖြစ်ပါတယ်။ သူ့ရဲ့ နေအိမ် တည့်တည့်ကို ဗုံးထိမှန် မီးလောင်ခဲ့တာကြောင့် လယ်ထွန်စက်အပါအဝင် လယ်ယာသုံးပစ္စည်းတွေနဲ့ စပါးကျီပါ မီးလောင်ပြာကျသွားခဲ့တာပါ။ လက်ရှိမှာတော့ ဒဏ်ရာရသူကို နီးစပ်ရာ ဆေးခန်းပို့ဆောင်ပြီး ဆေးကုသပေးတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် စက်တင်ဘာလ ၁၇ ရက် မနက်ပိုင်းကလည်း ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာနဲ့ မင်းချောင်းတံတား အနီးဝန်းကျင်ကို ရွေးတုအစိုးရတပ်က တိုက်လေယာဉ်တွေနဲ့ တစ်နေ့လုံးနီးပါး ဆက်တိုက် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ပါသေးတယ်။

လက်ရှိမှာ စစ်တွေ-ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ရွေးတုအစိုးရတပ်ရဲ့ လေကြောင်းဗုံးကြဲမှု၊ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ကွမ်းတောင်၊ စပါးထား၊ ဖက်ကျနဲ့ ဒီပါရုံ အပါအဝင် ကျေးရွာ ၂၀ ကျော်က ဒေသခံပြည်သူ ထောင်နဲ့ချီ ဘေးလွတ်ရာကို စစ်ဘေးရှောင်နေကြရပါတယ်။

ရွေးတုအစိုးရတပ်ဟာ စက်တင်ဘာလ ၄ ရက်ကတည်းက ပုဏ္ဏားကျွန်းမြို့နယ်အတွင်း အင်အား ၁,၀၀၀ ကျော်နဲ့ စစ်ကြောင်းခွဲ ထိုးစစ်ဆင်ခဲ့ပေမဲ့ အာရက္ခတပ်တော်ရဲ့ တုံ့ပြန်မှုကြောင့် အကျအဆုံးများနေတာကြောင့် စစ်ရေးနဲ့ မသက်ဆိုင်တဲ့ အရပ်သားပြည်သူတွေ ရှိရာနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဆက်တိုက် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ – ပုံဟောင်း

Related posts

ရက္ခိုင်ပြည်အတွင်းရှိ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ရပ်ကွက်နဲ့ ကျေးရွာ စာရင်းထုတ်ပြန်

Rakhita Times

လူမျိုးနဲ့ ဘာသာကို အခြေမခံပဲ ကျောင်းသားလူငယ်ကိုသာ အခြေခံတဲ့သမဂ္ဂဖြစ်တယ်လို့ ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂဆို

Rakhita Times

ဂွနဲ့ သံတွဲမှာ ည ၆ နာရီကနေ မနက် ၆ နာရီအထိ ငါးဖမ်းခွင့်ကို AA ကန့်သတ်

Rakhita Times

Leave a Comment