အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၆)
မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ သဖန်ရောင်နဲ့ ကံကြိုးရွာအနီးဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ကြား ရက်ဆက် တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လက်နက်ခဲယမ်းနဲ့ အလောင်းအချို့ကို AA က သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်က မင်းတုန်းမြို့နယ်ကနေ ရက္ခိုင်ရိုးမကိုကျော်ပြီး အမ်းမြို့နယ်ဘက်ကို သစ်ထုတ်လမ်းအတိုင်း ထိုးစစ်ဆင်ဖို့ အင်အား ၅၀၀ ဝန်းကျင်အထိ ထပ်မံဖြည့်တင်းပြီး ကြိုးစားနေတယ်လို့ သိရပါတယ်။
AA ရဲ့ ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်စခန်းတွေ ဆက်တိုက် လက်လွှတ်ရတယ်လို့လည်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက အာရက္ခတိုင်းမ်စ်ကို ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က ဂျိုင်ရိုကော်ပတာနဲ့ ဒရုန်းတွေကို သုံးလာသလို လေကြောင်းနဲ့ လက်နက်ကြီးနဲ့လည်း မကြာခဏ ပစ်ခတ်တိုက်ခိုက်နေလို့ အနီးဝန်းကျင်ကျေးရွာတွေက ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပြီး ကုန်စည်သယ်ယူရေးလမ်းကြောင်းတွေလည်း ပိတ်ဆို့နေဆဲဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
မင်းတုန်းလမ်းကြောင်းအပြင် ရက္ခိုင်ပြည်ဝင်ပေါက်တွေဖြစ်တဲ့ ပဒါန်းမြို့နယ်၊ နတ်ရေကန်စစ်မျက်နှာနဲ့ ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တွေမှာလည်း နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။
မင်းတုန်းမြို့နယ်ဘက်ကနေ ရက္ခိုင်ပြည်နယ်ဘက်ကို ဝင်ဖို့ စစ်ကောင်စီတပ်က ဩဂုတ်လကတည်းက အင်အားဖြည့်တင်းနေပြီး အောက်တိုဘာလ ၈ ရက်ကနေ ၁၂ ရက်အတွင်း မင်းတုန်းမြို့နယ်ထဲက ကျေးရွာ ၂ ရွာမှာ ပါရာမော်တာနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။
