အာရက္ခတိုင်းမ်စ် (၁၃ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ စစ်တွေမြို့မှာ ကုန်ဈေးနှုန်းတွေဟာ ကျသွားတာမျိုးမရှိဘဲ မြင့်တက်မြဲ မြင့်တက်နေဆဲ အခြေအနေကြောင့် ဒေသခံလူထုအတွက် ဝင်ငွေမလောက်ဖြစ်နေရတယ်လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စစ်တွေမြို့မှာ စစ်ကောင်စီရဲ့ “ဖြတ်လေးဖြတ်” ဗျူဟာကြောင့် အခြေခံစားသောက်ကုန် အဆမတန် မြင့်တက်လာမှုနဲ့အတူ အလုပ်အကိုင် ရှားပါးမှုကြောင့် စစ်တွေဒေသခံတွေဟာ အငတ်ဘေးဒဏ်ကို အဆိုးရွားဆုံး ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
နယ်မြေမတည်ငြိမ်မှုကြောင့် အလုပ်အကိုင် အင်မတန် ရှားပါးနေတဲ့အချိန်လည်း ဖြစ်တဲ့အတွက် ဝင်ငွေမရှိကြသလို ရှိတဲ့ ဝင်ငွေနဲ့လည်း ကုန်ဈေးနှုန်းမြင့်တက်မှုကြောင့် မလောက်ငှဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“စားသုံးကုန်နဲ့ ဆိုင်တာတွေအားလုံး ဈေးတက်နေတဲ့အခါ ကျမတို့မှာ ဝင်ငွေက ရှိတာမှမဟုတ်တာ။ ရတဲ့ဝင်ငွေနဲ့လည်း မလောက်၊ ဝင်ငွေလည်းမရှိအခါ တော်တော် ဒုက္ခရောက်ပါတယ်။ အခုလက်ရှိ တန်နေတာ မွတ်ဆလင်ကုလားရွာတွေကနေ ခရမ်းသီးတွေ၊ မုန်လာပင်ပေါက်တွေ၊ ပဲသီးတွေ၊ ပြီးရင် စစ်တွေကနေ ငရုတ်သီးစိမ်း၊ တချို့ဆို စစ်တွေက ငရုတ်သီးစိမ်းမဟုတ်တောင် လေယာဉ်နဲ့လာတဲ့ ငရုတ်သီးစိမ်း အဲဒီလို အော်ရောင်းတာတွေ ရှိတယ်။ သံပုရာသီးတစ်လုံးကို နှစ်ထောင်၊ နှစ်လုံးကို သုံးထောင့်ငါးရာဆိုတဲ့ ပုံစံမျိုးတွေနဲ့ စားသုံးနေရပါတယ်။ တခါတလေ သံပုရာသီးဆိုတာကလည်း လိုအပ်ပါတယ်” လို့ သူက ပြောပါတယ်။
စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) တို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတဲ့ စစ်တွေမြို့မှာ စားဝတ်နေရေး ကျပ်တည်းမှုဒဏ်ကို ဒေသခံတွေ ဆိုးဆိုးရွားရွား ရင်ဆိုင်ခံစားနေကြရတာပါ။
လက်ရှိမှာတော့ ရန်ကုန်ကနေလာတဲ့ ကုန်တင်သင်္ဘောတွေကို စစ်ကောင်စီတပ်ရဲ့ ခွင့်ပြုချက်နဲ့သာ သယ်ယူခွင့် ရှိနေပြီး ရာသီဥတုနဲ့ အခြေအနေအပေါ်မူတည်ကာ စစ်တွေမြို့တွင်း ကုန်စည်စီးဆင်းမှုက ပုံမှန်မရှိဘူးလို့ သိရပါတယ်။
အခုလို ကုန်တင်သင်္ဘောတွေ ရောက်နေတာတောင် ကုန်ဈေးနှုန်းက ကျသွားတာမျိုးမရှိတဲ့အတွက် သင်္ဘောတွေသာ လုံးဝ မလာခဲ့ရင်ဆိုတာမျိုး တွေးတောင် မတွေးဝံ့ဘူးလို့ စစ်တွေဒေသခံတစ်ဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“အသီးအနှံတွေဆိုရင် ရန်ကုန်ကလာတဲ့ လိမ္မော်သီး သေးသေးလေး တစ်လုံးကို တစ်ထောင်၊ ပျားလိမ္မော်လို့ ခေါ်ပါဖို့။ တစ်လုံးကို တစ်ထောင်။ ပျားလိမ္မော်ထက် နည်းနည်းကြီးတဲ့ လိမ္မော်သီးဆိုရင် တစ်လုံးကို ငါးထောင်၊ ပန်းသီးဆိုရင် ခြောက်ထောင်၊ ခုနှစ်ထောင်၊ ရှစ်ထောင်။ ကိုယ်တွေကတော့ ပန်းသီးတွေကို မစားနိုင်တော့ ဈေးလည်းမမေးတော့ဘူး။ သိလည်းမသိပါ။ ကျမတို့က စားရေးသောက်ရေးအတွက် အခက်အခဲ အများကြီး ကြုံရပါတယ်။ သင်္ဘောတွေ ရောက်နေတာတောင် ဒီလို ဈေးတက်နေတယ်ဆိုရင် သင်္ဘောတွေမရှိရင် ကျမတို့ တွေးတောင်မတွေးဝံ့ပါ” လို့ သူက ပြောပါတယ်။
စစ်ကောင်ရဲ့ “ဖြတ်လေးဖြတ်” ဗျူဟာကြောင့် ဒေသခံပြည်သူတွေဟာ ပိုမိုကျပ်တည်းလာပြီး စစ်ရှောင်ကလေးငယ်တချို့ဟာလည်း ကျောင်းပညာရေးနဲ့ပါ အလှမ်းဝေး ကွာလာလျက် ရှိနေကြပါတယ်။
