အာရက္ခတိုင်းမ်စ် (၂၉ နိုဝင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်၊ မြောက်ဦးမြို့၊ အောင်တပ်အုပ်စု၊ မြို့သစ်ရပ်ကွက်မှာ နိုဝင်ဘာ ၂၈ ရက်နေ့ တစ်ရက်တည်းမှာ စစ်ကောင်စီရဲ့ လေကြောင်းက နှစ်ကြိမ်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် ကလေးသူငယ်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သား ၂၀ ဦးခန့် သေဆုံးပြီး ၃၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၈ ရက် ညနေ ၄ နာရီ ၃ မိနစ်ခန့်မှာ ပထမအကြိမ် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး ည ၇ နာရီ ၅၀ မိနစ်ခန့်မှာ ဒုတိယအကြိမ် ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုတွေမှာ ပေါင် ၅၀၀ ဗုံး ၂ လုံးစီ အသုံးပြုခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီလေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်အတွင်း အရပ်သားပြည်သူ စုစုပေါင်း ၂၀ ဦးခန့် သေဆုံးကာ ၃၀ ဦးခန့် ဒဏ်ရာရခဲ့တယ်လို့ ကနဦးစာရင်းတွေအရ သိရတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
သေဆုံးဒဏ်ရာရရှိသူ အရေအတွက်နဲ့ နေအိမ်ပျက်စီးဆုံးရှုံးမှု အသေးစိတ်စာရင်းကို ဆက်လက် ထုတ်ပြန်ပေးသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
