Home Page 15
NewsPolitic

သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့ စောမြရာဇာလင်း ပြော

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆) သတင်းသမားတွေ ကျင့်ဝတ်ရှိဖို့လိုပြီး သတင်းအမှန်သာ ဖော်ပြဖို့လိုတယ်လို့ ALP ဥက္ကဌ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၁၄ ရက်မှာ ထွက်ပေါ်ခဲ့တဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ စောမြရာဇာလင်းရဲ့ နေအိမ် ပေါက်ကွဲမှုသတင်းနဲ့ပတ်သက်ပြီး ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။ နေအိမ်မှာ ဂတ်(စ်)အိုးပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့သတင်းဟာ သတင်းအမှား ဖြစ်တယ်လို့လည်း ALP ပါတီဘက်ကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။ “ ကျမတို့က မနေ့ကဆို ထုတ်ပြန်ချက်ထုတ်ဖို့ လိုမယ်လို့ မယူဆခဲ့ဘူး။ ဒီလိုပဲ ပျောက်သွားမှာပါ အဲ့လိုမျိုးပဲ ထင်လိုက်တယ်။ ပထမတက်လာတာကတော့ သာမန်အနေအထားမျိုးပဲ၊ ရေးတဲ့ပုံစံမျိုးပဲ တက်လာတာ။ နောက်ပြီးလို့ရှိရင် သတင်းပုံစံမျိုးနဲ့ ပြန်တက်လာတယ်။ statement မထုတ်လို့တော့ ရတော့မှာမဟုတ်ဘူး။ မထုတ်ချင်ပါဘူး အမှန်က။ မထုတ်ချင်ပေမယ့် ထုတ်လိုက်ရတာ ဖြစ်တယ်”  လို့ ‌စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ သတင်းတွေကို ရေးသားဖော်ပြနေတဲ့ သတင်းထောက်တွေ အနေနဲ့လည်း သတင်းသမား ကျင့်ဝတ်နဲ့အညီသာ သတင်းမှန်ကို ရေးသား ဖော်ပြသင့်တယ်လို့ သူက ဆိုပါတယ်။ “ အဓိက ပြောချင်တာကတော့ သတင်းသမားတွေဆိုတာ သတင်းကျင့်ဝတ် ရှိဖို့လိုအပ်တယ်။ သတင်းကျင့်ဝတ်ကို ကျင့်သုံးဖို့ လိုအပ်တယ်။ အဲ့လိုမဟုတ်ပဲ ရတာ ကောက်ရေးနေကြတယ်။ ကိုယ်စိတ်ထင်ရင် ထင်သလို ရေးနေကြတယ်။ ပြည်သူတွေလည်း အလန့်တကြား ဖြစ်တယ်။ ကိုယ်တို့လည်း အလန့်တကြား ဖြစ်တယ်။ ဆိုတော့ သတင်းတွေ တက်လာချင်း ကိုယ်တို့အချင်းချင်းထဲမှာလည်းပြောဖြစ်ကြတယ်။ ကိုယ်တို့ကို ဖုန်းလာဆက်ကြတယ်။ ဆရာမကြီးနေတဲ့အိမ် ဒီလို ဖြစ်သွားတာလား။ ဘာညာ စသည်အားဖြင့်။ ဘာမှမဖြစ်ပါဘူးလို့။ ဒီလို အေးဆေးနေကြတာပဲလို့။ ဘာမှမဖြစ်ပါဘူး။ ဘယ်လို တက်နေတာလဲ။ ဒီလို ဒီလို သတင်းတွေ တက်နေတယ် စသည်အားဖြင့်ပေါ့လေ။ ကိုယ့်အပေါ်မှာ မေတ္တာရှိကြတဲ့လူတွေက အဲ့လိုမျိုး အများကြီး လာပြီး မေးကြတာ ရှိတယ်။ အဲ့လိုမျိုး ကိုယ့်အပေါ်မှာပဲဖြစ်ဖြစ် ပါတီအပေါ်မှာပဲဖြစ်ဖြစ် မတော်မတရား အဲ့လိုမျိုးရေးတာက တော်တော့်ကို လွန်နေပြီ။ အခုလည်းပဲ လုပ်ကြံပြီးတော့ သတင်းမကောင်းတွေ ထုတ်လွှင့်တာ။ အဲ့လိုပုံစံမျိူးကတော့ သတင်းသမားတွေအနေနဲ့ မဖြစ်သင့်ဘူး။ သတင်းဆိုတာ အမှန်တကယ် လူသိစေချင်တဲ့ အကြောင်းအရာကိုရေးတဲ့ သတင်းတွေ ဖြစ်သင့်တယ်။ အဲ့လိုပုံစံမျိုး မဟုတ်ပဲနဲ့ တဖက်သားအပေါ်မှာ မနာလို မုန်းတီးပြီးတော့ ကောက်ရေးနေတာဟာဆိုလို့ရှိရင် အများကြီး နစ်နာမှုတွေ ရှိတယ်။ ပြည်သူတွေအတွက်လည်း စိတ်မကောင်းစရာ အများကြီးဖြစ်တယ်။ ကိုယ့်အပေါ်မှာ စေတနာရှိတဲ့လူတွေအတွက်ဆိုရင် စိုးရိမ်ပူပန်မှုတွေ တအားများသွားကြတယ်။ အဲ့လို မဖြစ်သင့်ဘူးလို့ပဲ မြင်ပါတယ်”  လို့ စောမြရာဇာလင်းက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်းမှာလည်း အာရက္ခတပ်တော် နဲ့ စစ်ကော်မရှင်တို့ကြား ဖြစ်ပွားနေတဲ့ ကျောက်ဖြူတိုက်ပွဲမှာ ALP တပ်သား ၁၀၀ ပါဝင်ခဲ့ပြီး တပ်သား ၂၀ ကျဆုံးခဲ့သလို လက်နက်တွေနဲ့အတူ သုံးဦးက ထွက်ပြေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အနေနဲ့ ရက္ခိုင်ပြည်မှာ စစ်မက်ဖြစ်ပွားခြင်းကို မလိုလားတဲ့အတွက် အဆိုပါသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုချက် ထုတ်ပြန်ခဲ့ပါသေးတယ်။
Uncategorized

ပဒိုမန်းရှာလားဖန်း အောက်မေ့ဖွယ် အခမ်းအနား KNU ကျင်းပ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ခေါင်းဆောင် ပဒိုမန်းရှာလားဖန်း ကျဆုံးမှု ၁၈နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဖေဖော်ဝါရီလ ၁၄ရက်တွင် ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အောက်မေ့ဖွယ်အခမ်းအနားကို KNU တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) ပဒိုစောသောသီဘွဲ့၊ အတွင်းရေးမှူး (၂) ပဒိုစောလှထွန်း၊ ဗဟိုအမြဲတမ်းကော်မတီဝင် ပဒိုစောသမိန်ထွန်း အပါအဝင် တာ ဝန်ရှိသူတွေ တက်ရောက်ခဲ့တယ်လို့လည်း သိရပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့တဲ့ ပဒိုမန်းရှာလားဖန်း ကို စစ်ကော်မရှင်က လာရောက် လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်တယ်လို့ KNU ရဲ့ ပဒိုမန်းရှလားဖန်း ကျဆုံးမှု အောက်မေ့ဖွယ် ဖော်ပြချက်မှာ အသိပေးထားပါတယ်။  ခေါင်းဆောင်ကြီး ပဒိုမန်းရှာလားဖန်း ကို အောက်မေ့တမ်းတသောအားဖြင့် ပဒိုမန်းရှာလားဖန်း ရှိစဉ်က မိန့်ကြားခဲ့ဖူးတဲ့ အဆိုအမိန့်များကို KNU အနေနဲ့ ပြန်လည် မျှဝေခဲ့ပါတယ်။ အဆိုပါ အဆိုအမိန့်များမှာ “ဘယ်နေရာမှာပဲရှိနေပါစေ တော်လှန်ရေးလုပ်ချင်တဲ့ စိတ်ရှိရင် လုပ်လို့ရတယ်။ နည်းလမ်းအမျိုးမျိုးနဲ့ လုပ်လို့ရတယ်။ ဒါကြောင့် ကျနော်တို့အားလုံးတော်လှန်ရေး လုပ်ကြရမယ်။” ပဒိုမန်းရှာလားဖန်း နဲ့ “ခေါင်းဆောင်ဆိုတာ အသိအမှတ်ပြုလောက်တဲ့ သမိုင်းဖြတ်သန်းမှုရှိရမယ်။” ပဒိုမန်းရှာလားဖန်း စတာတွေပဲ ဖြစ်ပါတယ်။ ဓါတ်ပုံ-KNU
NewsPolitic

ကျောက်ဖြူတွင် ၂ ရက်အတွက် စကမရဲ့ လက်နက်ကြီးကြောင့် ၃ ဦးသေ၊ ၁၀ ဦးကျော် ဒဏ်ရာရ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၆ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်တွင် စစ်ကော်မရှင်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလ ၁၄ ရက်နဲ့ ၁၅ ရက် ၂ ရက်အတွင်း အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ မနေ့က ာနေ ၄ နာရီကျော်မှာ စကမရဲ့ နေဗီကနေ ဝမြောင်နဲ့ ငါးအုပ်ရွာကို လက်နက်ကြီးနဲ့ ဆယ်ကြိမ်ထပ်မနည်း ပစ်ခတ်တာ။ အမျိုသမီး ၂ ဦး သေဆုံးသွားတယ်။ အိမ်တွေလည်း ပျက်စီးသွားတယ်”  လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ကော်မရှင်ရဲ့ နေဗီကနေ ကျောက်ဖြူမြို့နယ်က ကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်တဲ့အပြင် အသေခံဒရုန်းတွေနဲ့ပါ လာရောက်ပစ်ခတ်တယ်လို့ သိရပါတယ်။ “ ဖေဖော်ဝါရီ ၁၄ ကလည်း အဲဒီနေဗီကပဲ လက်နက်ကြီးနဲ့ပစ်တာ။ ကျောက်ပြောက်ရွာက အသက် ၈၀ ကျော် အဖွားတယောက် ဆုံးသွားတယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ဆက်ပြောပါတယ်။ ဇန်နဝါရီလ ၃၀ ရက် ညနေကလည်း စစ်ကော်မရှင်ရဲ့ နေဗီကနေ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ကျောက်ဖြူမြို့နယ်၊ ဇင်ချောင်းကုန်းဘွေရွာက အမျိုးသားတဦး သေဆုံးခဲ့ပါတယ်။ 
BusinessNewsPolitic

သံတွဲ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေ

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေတယ်လို့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့က ဆိုပါတယ်။ လက်ရှိ သံတွဲမြို့မှာ စစ်ရှောင်ဦးရေ ၃ ထောင်ခန့်ရှိပြီး စားဝတ်နေရေးအတွက် ငါးဖမ်းပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်နေကြပေမယ့် စစ်ကော်မရှင်က မကြာခဏ ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် စားဝတ်နေရေး ကြပ်တည်းမှုနဲ့ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။ “ စစ်ရှောင်က မနှစ်ကထက်စာရင်တော့ နည်းပါတယ်။ ဒါပေမယ့် ပြန်ဝင်လည်ဝင်ရောက် နေထိုင်ခွင့် ပေးထားပေမယ့် စကမ ရဲ့ ရေကြောင်းကနေ အမြဲပစ်ခတ်နေတာ ငါးဖမ်းလှေတွေကို ဖမ်းဆီးနေတာတွေကြောင့် စားဝတ်နေရေး ကျပ်တည်းကြပါတယ်။ အသင်းအဖွဲ့အနေနဲ့ အခက်အခဲကတော့ သူတို့လာပြီး အကူအညီ တောင်းခံတဲ့အခါမျိုးမှာ အလှူငွေမရှိတော့ မပေးလိုက်နိုင်ဘူးပေါ့”  လို့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ စစ်ရှောင်တွေအနေနဲ့ စားဝတ်နေရေး ကျပ်တည်းနေသလို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အနေနဲ့လည်း အလှူရှင် နည်းပါးလာပြီး လိုအပ်တဲ့ အကူညီတိုင်းကို ထောက်ပံ့ပေးနိုင်ခြင်း မရှိတာကြောင့် စစ်ရှောင်တွေကို ကူညီရန်အတွက် ဆန်အိတ်အလှူခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။ “ လိုတာကတော့ အများကြီးပါ။ စားနပ်ရိက္ခာကတော့ အဓိကပေါ့။ ကျနော် အရင်ကဆိုရင် အမြဲတမ်း လှူဖူးတဲ့သူတွေက ကျနော်တို့အဖွဲ့ကို သိကြတော့ အမြဲလာပြီး အကူအညီ တောင်းခံလာနေကြတော့ ကျနော်လည်း စားနပ်ရိက္ခာ အဓိကဆိုတော့ ဆန် အလှူခံကြည့်တာပါ။ ကျနော်တိ့် တောင်ပိုင်းအဖွဲ့တွေက အလှူရှင်လည်း နည်းပါတယ်”  လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။ စစ်ရှောင်တွေ စားဝတ်‌နေရေး ပြေလည်စေဖို့ လတ်တလောမှာ  ဆန်အိတ် ၁၀၀ ခန့် စုဆောင်းလှူဒါန်းရန် ရည်ရွယ်ထားပြီး ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ရဲ့ Facebook page ကတဆင့် ဆန် တအိတ်ကို  ၆၀၀၀၀ ကျပ်နှုန်းနဲ့ ပါဝင် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။
HealthNewsPolitic

ကျောက်ဖြူအကျဉ်းထောင်ကို စကမ တင်းကျပ်၊ ဆေးကုသခွင့်မရလို့ ရက္ခိုင်အကျဉ်းသားတဦး သေဆုံး

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ အကျဉ်းတေထာင်ကို စစ်ကော်မရှင်က လုံခြုံရေးတင်းကျပ်ထားပြီး အကျဉ်းသားတွေကို ဆေးကုသခွင့်မပေးလို့ ရက္ခိုင်အကျဉ်းသာတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက်က အကျဉ်းသား ၅ ယောက် ထွက်ပြေးပြီးနောက် ကျောက်ဖြူအကျဉ်းထောင်ကို လုံခြုံရေးတင်ကျပ်လိုက်ပြီး ဆေးကုခွင့်တွေပါ ပိတ်ပင်ထားတာလည်း ဖြစ်ပါတယ်။ ကျောက်ဖြူအကျဉ်းထောင်တွင် ဆေးကုသခံယူမှု မရရှိလို့ သေဆုံးသွားသူမှာ ရက္ခိုင်ပြည် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ရွာက အသက် ၂၈ နှစ်အရွယ် ကိုငမှိုင်း ဖြစ်တယ်လို့ သိရပါတယ်။ “ သူက ရောဂါအခံရှိတယ်။ လေးဘက်နာရောဂါပေါ့။ သူတို့တွေက ငါးဖမ်းနေတာမှာ ဖမ်းခံထားရတာ၊ ဆုံးတာက ၁၂ ရက်နေ့က”  လို့ ကျောက်ဖြူမြို့နယ်ဒေသခံတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ရက္ခိုင်ပြည် ပင်လယ်ပြင်တွင် ငါးဖမ်းနေတဲ့ ရက္ခိုင်ရေလုပ်သားတွေကို စစ်ကော်မရှင်ရဲ့ ရေတပ်ကနေ မကြာခဏဆိုသလို ဖမ်းဆီးပြီး ကျောက်ဖြူကို ဖမ်းဆီးခေါ်ဆောင်တာတွေလည်း ဆက်တိုက် ပြုလုပ်နေတယ်လို့ သိရပါတယ်။ အလားတူ ရက္ခိုင်ပြည်၊ စစ်တွေအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသား နှစ်ဦး ဆေးကုသခွင့်မရတဲ့အတွက် သေဆုံးခဲ့ပါသေးတယ်။
NewsPolitic

ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲသတင်းဟာ သတင်းမှားလို့ ALP ထုတ်ပြန်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆) ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌ ဒေါ်စောမြရာဇာလင်း နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲပြီး တပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့သတင်းဟာ သတင်းအမှားဖြစ်တယ်လို့ ALP ပါတီက ဒီကနေ့ မနက် ဖေဖော်ဝါရီလ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ မနေ့က ဖေဖော်ဝါရီလ ၁၄ ရက်မှာ  ဒေါ်စောမြရာဇာလင်းရဲ့ စစ်တွေမြို့က နေအိမ်မှာ ဂတ်(စ်)အိုးပေါက်ကွဲလို့ တပ်ဖွဲ့ဝင် လေးဦး သေဆုံးခဲ့တာဖြစ်တယ်လို့ သတင်းဌာနတခုက စတင်ပြီး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ “ မနေ့က “ One Nation News”  မှ စတင်လာသော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဥက္ကဌကြီး စောမြရာဇာလင်း ၏ စစ်တွေမြို့နေအိမ်တွင် ဂတ်(စ်)အိုးပေါက်ကွဲ၍ တပ်ဖွဲ့ဝင် (၄) ဦး သေဆုံးကြောင်း လုပ်ကြံရေးသားထားသည့် သတင်းမှာ မှန်ကန်မှု လုံးဝမရှိပေ။ မနာလို မုန်းတီးစိတ်ဖြင့် အလန့်တကြား ဖြစ်စေရန် ကြံစည် ရေးသားခြင်းသာ ဖြစ်သည်။ ထို မမှန်ကန်သော သတင်းကို “ Arakan Bay News”  မှ အခြေအမြစ်မရှိ တင်လာမှုကိုလည်း ရှုတ်ချသည်”  လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင်  သတင်းသမားမှန်ကန်ပါက သတင်းသမား၏ ဂုဏ်သိက္ခာနှင့်အညီ ရေးသားကြပါလို့လည်း ALP ပါတီက ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။
NewsPolitic

ကပစ ၁၆ နီးရှိ ကာကင်းစခန်း ၇ ခုအထိ AA သိမ်းပိုက်

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆) ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ အမှတ် (၁၆) ကာကွယ်ရေးပစ္စည်းစက်ရုံအနီးရှိ ကာကင်းစခန်း ၇ ခုအထိ အာရက္ခတပ်တော်နဲ့ ပူးပေါင်းမဟာမိတ်တပ်တို့ သိမ်းပိုက်လိုက်တယ်လို့ သိရပါတယ်။ “ ၆၆၆ ကုန်းကို သိမ်းပြီးနောက်မှာ နောက်ထပ် ကာကင်း ၇ ခုကို ဆက်တိုက် သိမ်းတယ်။ အခုဆိုရင် စကမက ကပစ ၁၆ ကို ကုန်မထုတ်တော့ပဲ စစ်ဆင်ရေးစခန်းအသွင် ပြောင်းထားတယ်”  လို့ စစ်ရေးသတင်းရင်းမြစ်တဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံကို နေပြည်တော်စစ်ရုံးကနေ ကုန်ထုတ်လုပ်မှု ရပ်ခိုင်းလိုက်ပြီး အသေခံ ခုခံတိုက်ခိုက်ရန် စစ်စခန်း ပြင်ဆင်ခိုင်းထားတာလည်း ဖြစ်ပါတယ်။ “ ကျနော်သိသလောက်ဆိုရင် ကပစ ၁၆ ကို ရောက်ဖို့ ကာကင်းအနည်းငယ်နဲ့ ကြားမှာ စခန်းကြီးတခုပဲ ရှိတော့တယ်”  လို့ သူက အာရက္ခတိုင်းမ်စ်ကို ထပ်မံပြောပါတယ်။ ကပစ ၁၅ အနီးတွင် ကာကင်းစခန်းတွေဖြစ်တဲ့ ပွိုင့် (၃၅၃)၊ ပွိုင့် (၂၈၈) နဲ့ ပွိုင့် (၅၀၆) စခန်းကုန်းတို့ ကျန်ရှိနေတာလည်း ဖြစ်ပါတယ်။ စစ်ကော်မရှင်ရဲ့ ကပစ ၁၆ ဟာ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေး အရာရှိချုပ်ရုံး လက်အောက်ခံ ကပစ တွေထဲက တခုဖြစ်ပြီး စစ်ဗျူဟာအရ အရေးပါတဲ့ လက်နက်ခဲယမ်း ထုတ်လုပ်ရေးစက်ရုံ တခုလည်း ဖြစ်ပါတယ်။ ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ အမှတ် (၁၆) ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံဟာ ဧရာဝတီမြစ် အနောက်ဘက်ကမ်းမှာရှိပြီး ရက္ခိုင်ပြည်နဲ့ ပဲခူးတိုင်းအစပ်မှာ တည်ရှိတာကြောင့် AA နဲ့ ပူးပေါင်းမဟာမိတ်တပ်တွေအတွက် ရက္ခိုင်ကနေ အလယ်ပိုင်းကို ထိုးဖောက်ဖို့ လမ်းကြောင်းသစ်တခု ဖြစ်လာနိုင်တယ်လို့လည်း စစ်ရေးလေ့လာသုံးသပ်သူတွေက ဆိုပါတယ်။  စစ်ကော်မရှင်ဟာ ကပစ ၁၆ မကျဆုံးစေရေးအတွက် လေကြောင်းပစ်ကူ ပြင်းပြင်းထန်ထန် အသုံးပြုလာနိုင်လို့ ကပစ ၁၆ အနီးပတ်ဝန်းကျင်က ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာကို ကြိုတင် တိမ်းရှောင်ကြဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။
ArticelsLife StylePolitic

မရဏနာရီ (ဒုတိယပိုင်း)

Rakhita Times
  အာရက္ခအားမာန်ရဲဘော်ကျော်ဟန် (အပိုင်း ၂၆)   ဌေးဝင်း အသားက ခပ်ညိုညို။ အရပ်က နည်းနည်း မြင့်မြင့် ဆံပင်ကတော့ ထောင်ပုံစံ တိုနံ့နံ့နဲ့။ အမိန့်ချ မခံရသေးတော့ အရပ်ဝတ်အင်္ကျီ ရှပ်လက်ရှည် ကွက်ကြားကြီးကို လက်ခေါက်ပြီးဝတ်ကာ လုံချည်ကို လယ်သမားတွေ ဝတ်သလို ခပ်တိုတိုဘဲ ဝတ်ထားတယ်။ လက်မှာလည်း ခြင်္သေ့သုံးကောင် ဖက်ကြမ်းဆေးပေါ့လိပ်ကို ညှပ်ထားပြီး တချက်ချက် အားရပါးရ ရှိုက်ဖွါလိုက်သေးတယ်။ သူက ဆက်ပြောတာက “ဒီလို အတော်လေး ခေါင်းပေါ်ထဲကဆိုတော့ နေရာတကာတိုင်းမှာ ပါတယ်။ မရောက်တဲ့ နေရာမရှိ။ ကုလားပြဿနာ ဖြစ်တော့လည်း ပါတယ်။ ဒီလိုနဲ့ ရှစ်လေးလုံးဖြစ်တော့ ဖိုးတက်ကြွ ကျနော် ပါသွားပြန်ရော။ ရှစ်လေးလုံးက ရန်ကုန်မှာ ရှစ်ရက်နေ့ (၈. ၈. ၈၈) မှာ ဖြစ်ပေမဲ့ စစ်တွေမှာတော့ ၉ ရက် ဩဂုတ်လမှာဘဲ စဖြစ်တာ။ ချိန်းထားတဲ့နေရာမှာ ကျောင်းသားတွေဟာ ခွပ်ဒေါင်းအလံကို မထူဝံ့ဘဲ ဖြစ်နေကြတယ်။ ကျနော်က ငါ ထူတယ်ကွာဆိုပြီး အလံကို ဝါးလုံးမှာချိတ်ဆွဲပြီး မြို့နယ်ကောင်စီရုံးရှေ့က အလံတိုင်မှာ သွားတင်ပေးခဲ့တာ”   “အေး ငါ ယုံတယ်။ သိန်းအောင်ကျော်က ရဲတယ်။ သတ္တိရှိတယ်ဆိုတာ ကရာတေး ကစားတဲ့အခါမှာလည်း ငါတို့ မြင်တွေ့နေကျဘဲလေ” “အမှန်ကတော့ ရဲတာ သတ္တိရှိတယ်ဆိုတာက အမျိုးသားရေးဆိုတဲ့ စိတ်သန္ဓေက ကျနော့်ရင်ဘတ်ထဲမှာ အမြဲတမ်း ကိန်းအောင်းနေတယ်။ မခံချင်စိတ် ရှိတယ်ပေါ့။ အမြဲတမ်း တွန်းလှန်ချင်စိတ်။ တော်လှန်လိုစိတ် ရှိနေတာ။ လူငယ်အများစုကလည်း တခုခုဖြစ်ရင် ကိုသိန်းအောင်ကျော် ကျနော်တို့ ဘာလုပ်ရမလဲ လာလာပြီး မေးကြတယ်။ တိုင်ပင်ကြတယ်။ ကျနော့်ညီ သူငယ်ချင်း ညီမရဲ့ သူငယ်ချင်းတွေကအစ။ ဒါ့ပြင် ကျနော့်အကိုလတ်ရဲ့ သူငယ်ချင်းတွေကပါ အားလုံးက ကျနော့်သူငယ်ချင်း ဖြစ်နေတယ်။ ကုန်ကုန်ပြောရရင် ဈေးက ပွဲစားလောကထိ။ ငါးဈေးတန်းထိ။ ကျနော့်ကို သိကြတယ်။ ကျနော့်အဖေကလည်း ဟိုတုန်းက ပြောက်ကျားတွေကိုး။ မိဘက ပြောက်ကျားတွေဆိုတော့ ဒီအသွေးအသား ခံယူချက်တွေက ကျနော့်ရဲ့ သွေးထဲမှာ ဖျောက်ဖျက်မရဘူး။ ဆက်လက်စီးဆင်းနေတာပေါ့။ အာဏာပိုင်အစိုးရကို မကျေနပ်တာကို သိတယ်။ နေရင်းထိုင်ရင်း အလိုလိုကို မကျေမနပ်ကို ဖြစ်နေတာ။ ကိစ္စတခုခု ပေါ်လာပြီဆိုရင် ဥပမာ မင်းပြားကိစ္စ ဖြစ်တုန်းကဆို ကျနော်ဟာ ဆိုက္ကားသမားကိုလည်း ကျနော်ဟောတာဘဲ။ မြေအောက်သမားတွေနဲ့ ကျနော် အဆက်အသွယ်ရှိလားဆိုတော့ မရှိဘူး။ မရှိ‌ေပေမဲ့ ယူဂျီထဲမှာ သူငယ်ချင်းတွေ ရှိနေကြပြန်တယ်။ ဥပမာ ကိုကျော် ယူဂျီလုပ်နေတာကို ကျနော်မသိတာမျိုးပေါ့။ ရှစ်ဆယ့်ရှစ်မှာ လျှို့ဝှက်လုပ်က်တဲ့ အစည်းအဝေးဆိုလည်း ကျနော်ပါတာဘဲ။ အဲဒီလို။ အဲဒီလို ဖြစ်နေတာ” “ငါတို့ မြေအောက်ယူဂျီအလုပ်ဆိုတာကလည်း လူမသိအောင် ခြေသံလုံအောင်နေနိုင်မှ ရှင်သန်နိုင်တာကိုး။ ခု ငါ့ဘဲကြည့်လေ. ကိုယ့်လုပ်ဖော်ကိုင်ဖက်က အင်ဖော်မာဖြစ်နေတော့ ဂျေးအောင်းရတာဘဲ မဟုတ်လား သိန်းအောင်ကျော်။ ငါတို့မှာက ရန်သူဆိုတာ ကိုယ့်နဲ့ အနီးကပ်ဆုံးမှာ ရှိနေတတ်လို့ ကိုယ့်အရိပ်ကိုယ်တောင် သံသယနဲ့ကြည့်ပြီး လှုပ်ရှားရတဲ့ အလုပ်မျိုးလေ။ ဒါနဲ့ ငါ့ညီတို့က ရှစ်လေးလုံးကာလမှာ ဘယ်လိုဘယ်လို ဒီအမှုက ဖြစ်ရတာလဲ”   “ပြောရရင် ကိုကျော်ရေ။ အဲဒီနေ့ ဝင်္ကဘာကွင်းမှာ တရားပွဲဖြစ်တယ်။ အဲဒီနေ့အခြေအနေက စစ်တွေတမြို့လုံးက ဆန္ဒပြနေကြတာကိုး။ ကျနော်တို့လည်း ဦးဆောင်အဖွဲ့မှာ ပါတာ‌ပေါ့လေ။ ဒီတော့ ဘယ်နေ့ ဘာလုပ်မယ်။ ဘာအစီအစဉ် လုပ်မယ်ဆိုတာတွေကို စီစဉ်ရတဲ့ ကော်မတီဝင်ပေါ့။ ဘာမှမဆိုင်တဲ့ အပြင်လူတော့ မဟုတ်ဘူးပေါ့။ သပိတ်ကော်မတီမှာက ထောင့်စုံက ပါကြတယ်ပေါ့။ ဘုန်းကြီးတွေ ကျောင်းသားတွေ အရပ်ထဲက တက်ကြွလူငယ်တွေ နိုင်ငံရေးသမားတွေ အစုံပါကြတယ်။ သူ့စစ်ကြောင်းနဲ့သူ ဝင်္ကဘာကွင်းကို ဦးတည် ချီတက်ကြတယ်။ လူကြီး လူငယ် လူလတ် အလွှာစုံ ချီတက်ကြတာ။ အရမ်းစည်တယ်။ စည်ရတာက အဲဒီနေ့က အထွေထွေသပိတ် ပြုလုပ်တဲ့နေ့။ (၂၅. ၈. ၈၈) ရက်နေ့ပေါ့။ မြို့နယ်ပေါင်းစုံက လာစုကြတာ။ ရသေ့တောင်က မြအေးသိန်းတို့ ဘာတို့ လာတဲ့နေ့ပေါ့။ ရက္ခိုင်ပြည်မြောက်ပိုင်းက သပိတ်စုံ လာဆုံကြ စုကြတဲ့နေ့ပေါ့။ အဲဒီမှာ ကျနော်က အခမ်းအနား ပြင်ဆင်ရေးမှာပါတယ်။ မိုက်တွေ ဆင်ရတယ်။ ပြီးတော့ လုံခြုံရေးဘက်လည်း ဝင်ပါရတယ်။ ကြိုတင်လာပြီးတော့ လုပ်စရာရှိတာ လုပ်ကြရသူတွေပေါ့။ ကျောက်တိုင်အောက်ကနေ လုံခြုံရေးယူထားတယ်” “အင်း.. ကရာတေးသမား လက်ဝှေ့လည်းထိုးတတ်သူ လုံခြုံရေးတာဝန်ယူတာ ကောင်းတာပေါ့ သိန်းအောင်ကျော်။ ဒါနဲ့ ဘာတွေများ ထူးထူးခြားခြား ကြုံခဲ့ရလဲ ကွ”   “ထူးပြီလား ကိုကျော်ရေ… ထူးသမှ ထူးလွန်းလို့ ခုလို ထောင်ထဲ ရောက်သွားတာပေါ့ဗျာ”   “အေး.. စိတ်ဝင်စားစရာဘဲ။ ငါ့ကို ပြောပြပါလား” “အေးလေ. ကိုကျော် စိတ်ဝင်စားရင် ပြန်ပြောရတာပေါ့”   လို့ ဆိုရင်း သိန်းအောင်ကျော်သည် သူ့လက်ထဲက ဆေးပေါ့လိပ်ကို ပါးစပ်ထဲထည့်ကာ အားပါးတရ ဖွါရှိုက်လိုက်တယ်။ ဆေးလိပ်သမားဆိုတာကလည်း သူတို့အတွက် ဒီဆေးလိပ်အငွေ့လေး တရှိုက်ဟာ သူတို့ရဲ့ ခွန်အားကို ဖျတ်ကနဲ လန်းဆန်း လတ်ဆတ်သွားကြသလား မသိ။ ငါလည်း သူ စတင်ပြောလာမဲ့ စစ်တွေမြို့မှာ ဖြစ်ပွါးခဲ့တဲ့ ရှစ်လေးလုံးသမိုင်းထဲက ရုပ်ပုံလွှာ အပိုင်းအစတခုကို ကြားချင်စိတ်နဲ့ ငံ့လင့်နေခိုက်။ သိန်းအောင်ကျော်ကိုယ်တိုင်ကလည်း သူ့မီးခိုးငွေ့‌နောက်မှာ သူ့အတွေးများ လိုက်ပါသွားသလား ထင်ရလောက်အောင် ငြိမ်သက်သွားတယ်။ ဘုရားဝင်းတခုလုံးလည်း လေတိုးသံ သဲ့သဲ့။ ပတ်ဝန်းကျင်က ငှက်တို့ရဲ့ အသံတချို့ကို ကြားနေရ။ ခပ်လှမ်းလှမ်းက အကျဉ်းသားတွေရဲ့ စကားပြောသံတွေကို ကြားနေရသော်ငြား ငါနဲ့သူ နှစ်ယောက်ကြားမှာ သမိုင်းတခုကို မကြားရခင် ကြီးမားသော တိတ်ဆိတ်မှုကြီးက ဖုံးလွှမ်းထားတယ်။ ငါးမိနစ်ခန့် ငြိမ်သက်နေပြီးမှ   “အဲဒီအချိန်မှာ လူကြီးတယောက်က လာပြောတယ် ကိုကျော်။ ဟေ့ကောင်တွေ မင်းတို့ သတိဝိရိယနဲ့ လုပ်ကြ။ ငါတို့ကို ထောက်လှမ်းရေးက ဓာတ်ပုံရိုက်နေတာ ငါတွေ့ခဲ့တယ်။ သူတို့ အထိုင်ချတဲ့ နေရာက ဝင်္ကဘာကွင်းနဲ့ မျက်နှာချင်းဆိုင် လမ်းထောင့်က အိမ်မှာဘဲလို့ လာပြောတယ်။ ဒါကြောင့် သပိတ်အဖွဲ့က အဲဒီထောက် လှမ်းရေးတွေနဲ့ သွားပြီးဆွေးနွေးတယ်။ သူတို့ စတည်းချတဲ့အိမ်ကို တက်သွားပြီး ဆွေးနွေးတာပေါ့။ ခင်ဗျားတို့ အဲသလိုမလုပ်နဲ့။ ပြည်သူတွေ ကြောက်သွားအောင် မလုပ်ကြနဲ့။ ဘာညာပေါ့” ဒါကို ပြည်သူတွေက သိသွားတယ်။ သိသွားတော့ အဲဒီအိမ်ကို လူတွေက သွားဝိုင်းကြတယ်။ အိမ်ကလည်း လမ်းထောင့်မှာ ရှိတယ်။ ထောင့်ဆိုတော့ သူတို့လည်း ချက်ချင်း ပြေးလို့မလွတ်နိုင်ဘူး။ သပိတ်ကော်မတီက သူတို့ကို ပြောတာက “မင်းတို့ လူထုကို ဝန်ချတောင်းပန်လိုက်ပါ” လို့ ဆွေးနွေးညှိနှိုင်းတာကို သူတို့က ဖောလျှောလုပ်ပြီး ခေါင်းညိတ်တယ်။”   “ကျနော်ကိုယ်တိုင်လည်း အဲဒီအိမ်ရဲ့ ဝရံတာက ထွက်ပြီး ဒေါသထွက် ဆူညံပွက်နေတဲ့ လူအုပ်ကြီးကို စိတ်ထိန်းကြဖို့နဲ့ ကျနော်တို့ သပိတ်တိုက်ပွဲကို ငြိမ်းငြိမ်းချမ်းချမ်း ဆက်လုပ်နိုင်ဖို့ ဟစ်အော်ပြီး လူထုကို ပြောခဲ့တယ်။ အဲလိုပြောပြီး အိမ်ထဲကို လှည့်အဝင် ကျနော့်ခေါင်းကို တည့်တည့်မတ်မတ်ကြီး အုတ်ခဲကျိုးပိုင်းတလုံး လူအုပ်ထဲက ပစ်တာကို ခံလိုက်ရတယ်။ လေသံကို ဝှစ်ကနဲ ကြားပြီး ရှောင်လိုက်နိုင်လို့သာပေါ့။ နို့မဟုတ်ရင် ထောက်လှမ်းရေးထက်အလျင် ကျနော် မာလကီးယားမလားဘဲ ကိုကျော်ရေ”  “
NewsPolitic

ရက္ခိုင်တွင် စစ်ရှုံးခဲ့တဲ့ ဒုတိယဗိုလ်မှူးကြီး ၃ ဦးကို စကမ သေဒဏ်ပေး

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် ​မြောက်ပိုင်း တိုက်ပွဲများအတွင်း စစ်ဆင်​ရေးအ​ခြေအ​နေအရ ဆုတ်ခွာခဲ့ကြ​တဲ့ ဒုတိယဗိုလ်မှူးကြီးအဆင့် အရာရှိကြီး (၃) ဦးကို စစ်ကော်မရှင်က ​သေဒဏ် နဲ့ ​ထောင်ဒဏ်များ ချမှတ်ခဲ့တယ်လို့ သိရပါတယ်။ ဒကစ (စစ်​တွေ) တွင် စစ်တရားရုံးတင် စစ်​ဆေး​နေ​တဲ့ ဘူးသီးတောင်မြို့ အခြေစိုက် ခလရ (၂၆၃) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဆန်းကျော်သူ ကို တပ်မ​တော်အက်ဥပ​ဒေ ပုဒ်မ-၃၂ (က) နဲ့ ၃၂ (ဎ) အရ ​သေဒဏ်၊ ခမရ (၃၅၂) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး တိုးဝေမြင့် နဲ့ စကခ (၁၉) မှ ဗျူဟာမှူး ဒုတိယဗိုလ်မှူးကြီး ကျော်ဇင်သန့် တို့ကို ပုဒ်မ-၃၂ (က) နဲ့ ​ထောင်ဒဏ် နှစ် ၂၀၊ အသီးသီးချမှတ်ခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ အရာရှိကြီး (၃) ဦးဟာ ၂၀၂၄ ခုနှစ် မေလက ဘူးသီး​တောင်တိုက်ပွဲများတွင် စကခ (၁၅) မှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း (လက်ရှိ-စစ်သုံ့ပန်း) နဲ့ ပြဿနာဖြစ်ပွားခဲ့ပြီးနောက် ဒကစ (စစ်တွေ) ကို ဖမ်းဆီး ပို့ဆောင်ခံခဲ့ရတာလည်း ဖြစ်ပါတယ်။ ထို့အပြင် ၂၀၂၄ ခုနှစ် ဇွန်လက အာရက္ခတပ်တော် (AA) နဲ့ တိုက်ပွဲပြင်းထန်နေတဲ့ ကျောက်တော်တိုက်ပွဲကနေ ဆုတ်ခွာလာခဲ့တဲ့ ဗျူဟာမှူးအဆင့် (၁) ဦး၊ ဗိုလ်ကြီးအဆင့် (၃) ဦး ကိုလည်း သေဒဏ်များ ချမှတ်ခဲ့ပါတယ်။ အလားတူ “ ၁၀၂၇ စစ်ဆင်ရေး”  ဒုတိယပိုင်း ပြင်းထန်နေချိန် နောင်ချိုမြို့နယ် သံဘိုရွာစစ်ဆင်ရေးကနေ ဆုတ်ခွာခဲ့တယ်လို့ဆိုကာ တပ်မတော်နည်းပညာတက္ကသိုလ် စာပေဌာနမှ ဒုတိယဗိုလ်မှူးကြီး (ကထိက) ၁  ဦးကိုလည်း ပုဒ်မ-၃၂ (က) နဲ့ ထောင်ဒဏ် နှစ်-၂၀ ချမှတ်ခဲ့ပါသေးတယ်။ တပ်မတော်အက်ဥပဒေ ပုဒ်မ-၃၂ (က) ဟာ စစ်ဆင်ရေးတာဝန်ကျနေရာကနေ ဆုတ်ခွာခြင်း သို့မဟုတ် အခြားတဦးဦးကို ဆုတ်ခွာရန် ဖိအားပေးခြင်း၊ တိုက်တွန်းခြင်း စတဲ့ စွပ်စွဲချက်များ၊ ပုဒ်မ-၃၂ (ဎ) ဟာ အထက်အရာရှိက ပေးအပ်တဲ့ စစ်ဆင်ရေးတာဝန်ကို လိုက်နာရန် ပျက်ကွက်မှုဆိုတဲ့ စွပ်စွဲချက်ပုဒ်မများ ဖြစ်တယ်လို့လည်း သိရပါတယ်။ Ref – MDSI
BusinessEducationEnvironmentHealthNewsPolitic

ဘူးသီးတောင်က ဝေးလံခေါင်ဖျားရှိ ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့ ထောက်ပံ့

Rakhita Times
အာရက္ခတိုင်းမ်စ် (၁၄ ဖေဖော်ဝါရီ ၂၀၂၆) ရက္ခိုင်ပြည် မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရရဲ့ ဌာနဆိုင်ရာအသီးသီး ပူးပေါင်းပြီး မိုးကာများနဲ့ ဟင်းမျိုးစေ့များ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ ပါတီ၊ မီးသတ်၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ HDCO၊ လူငယ်စင်တာ၊ DLEPS စတဲ့ ဌာနဆိုင်ရာအသီးသီး ပူးပေါင်းကာ ဘူးသီးတောင်မြို့နယ်အတွင်းရှိ ဝေးလံခေါင်ဖျား ကျေးရွာတွေကို မိုးကာများနဲ့ ဟင်းမျိုးစေ့များ ထောက်ပံ့ပေးခြင်းတွေကို ကွင်းဆင်းလုပ်ဆောင်ပေးခဲ့တယ်လို့လည်း သိရပါတယ်။ အဆိုပါ ဝေးလံခေါင်ဖျား ကျေးရွာများတွင် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ မီးသတ်ဌာနမှ မီးဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောခြင်း၊ HDCO အနေနဲ့လည်း အကူညီများ လိုအပ်ပါက တင်ပြတောင်းခံနိုင်ကြောင်းနဲ့ အုပ်ချုပ်ရေး၊ DLEPS နဲ့ ပါတီ စတဲ့ ဌာနဆိုင်ရာ အသီးသီးတို့ကလည်း စိတ်ဓါတ်ခွန်အားမြှင့်တင်ရေးဆိုင်ရာ အသိပညာပေးများ ဟောပြောခဲ့တယ်လို့ သိရပါတယ်။ ဘူးသီး​တောင်မြို့နယ် လူငယ်စင်တာအဖွဲ့အနေနဲ့လည်း ကျောင်းပြီးပြီးသား လူငယ်များအနေနဲ့ ကွန်ပျူတာနဲ့ အင်္ဂလိပ်စကားပြောသင်တန်းများကို လာရောက်သင်ကြားနိုင်ကြောင်း ဖိတ်ခေါ်ခဲ့တယ်လို့လည်း သိရပါတယ်။ အလားတူ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင်လည်း အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၊ HDCO အပါအဝင် ဌာနဆိုင်ရာ အသီးသီးတို့ပူးပေါင်းပြီး အိမ်သာများ ဆောက်လုပ်ပေးခဲ့ပါသေးတယ်။ Res & Phorto – Golden Era Media