BusinessNewsPolitic

သံတွဲ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေ

အာရက္ခတိုင်းမ်စ် (၁၅ ဖေဖော်ဝါရီ ၂၀၂၆)

ရက္ခိုင်ပြည်၊ သံတွဲမြို့ရှိ စစ်ရှောင်တွေအတွက် ဆန်အလှူရှင်များ လိုအပ်နေတယ်လို့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့က ဆိုပါတယ်။

လက်ရှိ သံတွဲမြို့မှာ စစ်ရှောင်ဦးရေ ၃ ထောင်ခန့်ရှိပြီး စားဝတ်နေရေးအတွက် ငါးဖမ်းပြီး အသက်မွေးဝမ်းကြောင်း ပြုလုပ်နေကြပေမယ့် စစ်ကော်မရှင်က မကြာခဏ ပစ်ခတ်ဖမ်းဆီးတာတွေ ပြုလုပ်နေတာကြောင့် စားဝတ်နေရေး ကြပ်တည်းမှုနဲ့ ကြုံတွေ့နေရတာ ဖြစ်တယ်လို့ သိရပါတယ်။

“စစ်ရှောင်က မနှစ်ကထက်စာရင်တော့ နည်းပါတယ်။ ဒါပေမယ့် ပြန်ဝင်လည်ဝင်ရောက် နေထိုင်ခွင့် ပေးထားပေမယ့် စကမ ရဲ့ ရေကြောင်းကနေ အမြဲပစ်ခတ်နေတာ ငါးဖမ်းလှေတွေကို ဖမ်းဆီးနေတာတွေကြောင့် စားဝတ်နေရေး ကျပ်တည်းကြပါတယ်။ အသင်းအဖွဲ့အနေနဲ့ အခက်အခဲကတော့ သူတို့လာပြီး အကူအညီ တောင်းခံတဲ့အခါမျိုးမှာ အလှူငွေမရှိတော့ မပေးလိုက်နိုင်ဘူးပေါ့” လို့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ရဲ့ တာဝန်ရှိသူတဦးက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

စစ်ရှောင်တွေအနေနဲ့ စားဝတ်နေရေး ကျပ်တည်းနေသလို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အနေနဲ့လည်း အလှူရှင် နည်းပါးလာပြီး လိုအပ်တဲ့ အကူညီတိုင်းကို ထောက်ပံ့ပေးနိုင်ခြင်း မရှိတာကြောင့် စစ်ရှောင်တွေကို ကူညီရန်အတွက် ဆန်အိတ်အလှူခံတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“လိုတာကတော့ အများကြီးပါ။ စားနပ်ရိက္ခာကတော့ အဓိကပေါ့။ ကျနော် အရင်ကဆိုရင် အမြဲတမ်း လှူဖူးတဲ့သူတွေက ကျနော်တို့အဖွဲ့ကို သိကြတော့ အမြဲလာပြီး အကူအညီ တောင်းခံလာနေကြတော့ ကျနော်လည်း စားနပ်ရိက္ခာ အဓိကဆိုတော့ ဆန် အလှူခံကြည့်တာပါ။ ကျနော်တိ့် တောင်ပိုင်းအဖွဲ့တွေက အလှူရှင်လည်း နည်းပါတယ်” လို့ အဆိုပါ တာဝန်ရှိသူက ဆက်ပြောပါတယ်။

စစ်ရှောင်တွေ စားဝတ်‌နေရေး ပြေလည်စေဖို့ လတ်တလောမှာ  ဆန်အိတ် ၁၀၀ ခန့် စုဆောင်းလှူဒါန်းရန် ရည်ရွယ်ထားပြီး ပါဝင်လှူဒါန်းလိုတဲ့ အလှူရှင်တွေအနေနဲ့ လေးဝတီ-သံတွဲ စစ်ဘေးရှောင်များ ကူညီရေးအဖွဲ့ရဲ့ Facebook page ကတဆင့် ဆန် တအိတ်ကို  ၆၀၀၀၀ ကျပ်နှုန်းနဲ့ ပါဝင် လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

Related posts

ရွေးတုအစိုးရဟာ စစ်မှုထမ်းသစ်တွေကို လူသားလှိုင်းအဖြစ် အသုံးပြု ထိုးစစ်ဆင်နေ

Rakhita Times

အမျိုးသမီး ၄ ဦးကို အတင်းအဓမ္မကျူးလွန်သူကို ထောင်ဒဏ် နှစ် ၄၀ ချမှတ်၊ ပြစ်ဒဏ်ကို ပြည်သူတွေ ဝေဖန်

Rakhita Times

မင်းပြားမှာ ကလေးငယ်တဦး ရေနစ်သေဆုံး

Rakhita Times

Leave a Comment