အာရက္ခတိုင်းမ်စ် (၁၉ ဖေဖော်ဝါရီ၂၀၂၆)
ရက္ခိုပြည် စစ်တွေခရိုင်အတွင်းတွင် နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနနဲ့အတူ DLEPS၊ HDCO၊ အုပ်ချုပ်ရေးဌာနများ ပူးပေါင်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်က စတင်ကာ စစ်တွေခရိုင်အတွင်းရှိ အများပြည်သူများ သွားလာနေတဲ့ လမ်း၊ ဈေး၊ ကားဂိတ်၊ လမ်းဆုံလမ်းခွ နေရာများတွင် အာရက္ခပြည်သူ့ကျန်းမာရေးဌာန နဲ့ပူးပေါင်းအဖွဲ့များက နီပါးရ်ဗိုင်ရပ်စ် (Nipah Virus) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး (ဗီနိုင်း) ဆိုင်းဘုတ်များထောင်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စတာတွေကို ပူးပေါင်းလုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ပြည်သူလူထုများအနေနဲ့ နီပါးရ်ဗိုင်းရပ်စ်(Nipah) သံသယဖြစ်ဖွယ် လက္ခဏာများ ဖြစ်ပေါ်လာပါက အနီးအနားရှိ ပြည်သူ့ကျန်းမာရေးဌာနကို အမြန်ဆုံး ဆက်သွယ်အကြောင်းကြားကြရန် တိုက်တွန်း နှိုးဆော်ထားပါတယ်။

လက်ရှိတွင် နီပါးရ်ဗိုင်းရပ်စ်ရောဂါအတွက် ကုသရန် ဆေးဝါးမရှိသေးတဲ့အတွက် ကြိုတင်ကာကွယ်ခြင်းဟာ အကောင်းဆုံးကာကွယ်ဖြစ်တယ်လို့လည်း အာရက္ခပြည်သူ့ကျန်းမာရေးဌာနက သတိပီးထုတ်ပြန်ထားပါတယ်။

နီပါးရ်ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး မိဘပြည်သူများအနေနဲ့ ပေါ့ပေါ့ဆဆ မနေထိုင်ကြရန်နဲ့ ရောဂါကူးစက် ပြန့်ပွားလာပါက အသက်အန္တာရာယ်ရှိနိုင်တဲ့အတွက် သတိထားကြရန် လိုအပ်တယ်လို့လည်း သတိပေးထားတယ်လို့ သိရပါတယ်။

ရက္ခိုင်ပြည်အတွင်းရှိ ပြည်သူတို့အနေနဲ့ နီပါးရ်ဗိုင်းရပ်စ် (Nipah Virus) ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး ဟောပြောခြင်းများကို အာရက္ခပြည်သူ့ကျန်းမာရေးဌာနက ဆက်လက်လုပ်ဆောင်ပေးနေတယ်လို့လည်း သိရပါတယ်။

Photo – Golden Era Media
