BusinessNewsPolitic

ကျောက်ဖြူနဲ့ အမ်းကို သိမ်းနိုင်ရင် တရုတ်နိုင်ငံနဲ့ တိုက်ရိုက်ဆွေးနွေးလို့ ရပြီ

အာရက္ခတိုင်းမ်စ် (၁၄ ဒီဇင်ဘာ ၂၀၂၄)

အာရက္ခတပ်တော် အနေနဲ့ ရက္ခိုင်ပြည်မှာ စစ်ကောင်စီတပ် အလုံးစုံ ချုပ်ငြိမ်းရေး ရည်မှန်းချက်နဲ့ ရက္ခိုင်တပြည်လုံးမှာ စစ်ဆင်ရေးတွေ ဆင်နွှဲပြီး မြို့တစ်မြို့ပြီးတစ်မြို့ သိမ်းပိုက်နေပါတယ်။

လက်ရှိမှာတော့ မြို့နယ် ၁၇ မြို့နယ် ရှိတဲ့အထဲမှာ ၁၃ မြို့နယ်ကို သိမ်းပိုက်ထားနိုင်သလို တရုတ်နိုင်ငံရဲ့ ရေနံနဲ့ သဘာဝဓာတ်ငွေ့၊ ပိုးလမ်းမကြီး စီမံကိန်း အဓိက ဖြတ်သန်းတဲ့ ရက္ခိုင်ပြည်က အမ်းမြို့ကို အလုံးစုံနီးပါး သိမ်းပိုက်ထားပါတယ်။

ပြီးတော့ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့ရဲ့ ကျေးရွာတော်တော်များကိုလည်း အာရက္ခတပ်တော်က သိမ်းပိုက်ပြီး ကျောက်ဖြူမြို့ကို ဝိုင်းထားတဲ့ အနေအထားမှာ ရှိနေတာပဲ ဖြစ်ပါတယ်။

အကယ်လို့ အာရက္ခတပ်တော်က တရုတ်ရဲ့ အကျိုးစီးပွားတွေ ရှိတဲ့ ကျောက်ဖြူနဲ့ အမ်းမြို့ကို သိမ်းပိုက်နိုင်မယ်ဆိုရင် တရုတ်နဲ့ တိုက်ရိုက် ဆွေးနွေးနိုင်တဲ့ အနေအထား ရောက်သွားနိုင်တယ်ဆိုပြီး ရက္ခိုင်နိုင်ငံရေး လေ့လာနေတဲ့သူတစ်ယောက်က ပြောပါတယ်။

“မြန်မာ – တရုတ် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း ဖြတ်တဲ့မြို့ ရခိုင်ပြည်နယ် (ရက္ခိုင်ပြည်) မှာ ကျောက်ဖြူနဲ့ အမ်းက ၂ မြို့ထဲက ၁ မြို့ ဖြစ်တယ်ပေါ့။ ရက္ခိုင့်တပ်တော် (အာရက္ခတပ်တော်) က အလုံးစုံ ထိန်းချုပ်နိုင်တယ် ဆိုတဲ့အခါမှာ သူတို့ဘက်က အများကြီး ထိခိုက်မှုတွေ ရှိတယ်ပေါ့နော်။ နောက်ပြီးတော့ တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီး စီမံကိန်းထဲမှာ ရခိုင်ပြည်နယ် (ရက္ခိုင်ပြည်) ထဲဆို ကျောက်ဖြူနဲ့ အမ်းသည် ၂ မြို့နယ် အဓိက ပါတယ်ပေါ့။ အဲဒီ ပိုးလမ်းမကြီး စီမံကိန်းသည် တရုတ်နိုင်ငံအတွက် အဓိက အရေးပါတဲ့နေရာသည် အမ်းဖြစ်တယ်ပေါ့နော်။ အဲဒီအတွက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု ၂ ခုစလုံးကို ဆွေးနွေးတဲ့အခါမှာ စစ်ကောင်စီနဲ့ တိုက်ရိုက်ဆွေးနွေးတာမျိုး မဟုတ်ဘဲ နိုင်ငံရေးအရ၊ စီးပွားရေးအရ အာရက္ခတပ်တော်နဲ့ တရုတ်အစိုးရနဲ့ တိုက်ရိုက် 1 By 1 ဆွေးနွေးနိုင်တဲ့ အနေအထား ရောက်သွားနိုင်တယ်ပေါ့နော်။ အဲဒါလည်း ရခိုင် (ရက္ခိုင်) ပြည်သူလူထုအတွက် ရလဒ်ကောင်းတစ်ခု ဖြစ်တယ်ပေါ့” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

အမ်းမြို့တစ်ခုလုံးကို အာရက္ခတပ်တော်က ထိန်းချုပ်လိုက်တဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ စစ်ကောင်စီကလည်း တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူ အထူးစီးပွားရေးဇုန် စီမံကိန်း လုံခြုံရေးအတွက် တရုတ် လက်နက်ကိုင်တပ်ဖွဲ့နဲ့ ပူးပေါင်းပြီး Jammer တွေတပ်တာ၊ ထောက်လှမ်းရေးဒရုန်းတွေကို ချတာတွေ လုပ်လာတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ လဆန်းပိုင်းမှာ ယူနန်-ကျောက်ဖြူ ရထားလမ်း စဖို့ တရုတ် ထုတ်ပြောလာခဲ့ပြီးတော့ စစ်ကောင်စီခေါင်းဆောင်ရဲ့ တရုတ်ခရီးစဉ်နဲ့အတူ မူဆယ်-မန္တလေး- ကျောက်ဖြူ ရထားလမ်း စီမံကိန်းက တကျော့ပြန် ပေါ်လာခဲ့ပါတယ်။

တရုတ်အနေနဲ့ကတော့ လက်ရှိအခြေအနေအရ သူ့ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော်နဲ့ တိုက်ရိုက်ဆွေးနွေးမယ့် အနေအထား မရှိနိုင်ပါဘူး။ အကယ်လို့ စစ်ကောင်စီပြုတ်သွားတဲ့အချိန် တနိုင်ငံလုံးကို မကာကွယ်နိုင်တော့တဲ့အချိန် ကျရင်တော့ ဖြစ်နိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

“တရုတ်အနေနဲ့ အေအေကို အသိအမှတ် ပြုရေးအတွက် တပြည်လုံးကို ကိုယ်စားပြုထားတဲ့ စစ်ကောင်စီနဲ့ စစ်ကောင်စီကို အဓိက ဦးစားပေး ကယ်တင်ဖို့ ကြိုးစားနေတဲ့အချိန် ဖြစ်တဲ့အတွက် အေအေနဲ့ သူတို့ အကျိုးစီးပွားရေးအတွက် ရောက်ရှိအုံးမယ်လို့ မထင်ပါဘူး။ စစ်ကောင်စီ ပြုတ်သွားတဲ့အချိန် ဒါမှမဟုတ် အတော်ဆိုးရွားတဲ့ အခြေအနေ၊ ဘယ်လိုမှ မကာကွယ်နိုင်တဲ့ အခြေအနေ တပြည်လုံးကို မကာကွယ်နိုင်တဲ့ အခြေအနေတစ်ခု ရောက်ရင်တော့ ကျနော်တို့ တရုတ်ရဲ့ အခု နှစ်ခွပေါ်လစီပေါ့ မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက် ပေါ်လစီက အင်အားကြီးတဲ့သူနဲ့ သူက ပူးပေါင်းမှာ။ လောလောဆယ် မဟုတ်သေးဘူးလို့ ကျနော် ပြောချင်ပါတယ်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။

ရက္ခိုင်တပြည်လုံးကို အလုံးစုံ သိမ်းပိုက်နိုင်ဖို့အတွက် အာရက္ခတပ်တော်က ထိုးဆင်စစ်နေသလို ဂွ၊ တောင်ကုတ်၊ အမ်းမြို့တွေမှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေပြီးတော့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်ကတော့ ကျန်နေသေးတာပဲ ဖြစ်ပါတယ်။

Related posts

သံတွဲ ကြံ့ခိုင်ရေး နှင့် စစ်သားစုဆောင်းရေးရုံး ကို စစ်ကောင်စီ ဗုံးကျဲ၊ ကလေးတစ်ဦး ထိခိုက်ဒဏ်ရာရ

Rakhita Times

ဂွမြို့ကရဲများ နေအိမ်ဖောက်ထွင်းပြီး ပစ္စည်းများခိုးယူ‌ ရောင်းစားခဲ့

Rakhita Times

ဖွဲ့စည်းပုံနဲ့ မကိုက်ညီဘဲ စစ်ကောင်စီ အာဏာထပ်တိုးနိုင်

Rakhita Times

Leave a Comment