Uncategorized

ရက္ခိုင်ပြည် လွတ်မြောက်တော့မယ့် အောင်ပွဲလို့ တိုင်းရင်းသားအင်အားစု သဝဏ်လွှာပို့

အာရက္ခတိုင်းမ်စ် (၂၅ ဒီဇင်ဘာ ၂၀၂၄)

ရက္ခိုင်ပြည် အမ်းမြို့အခြေစိုက် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်က သိမ်းပိုက်နိုင်ခဲ့ပြီး ရက္ခိုင်တပြည်လုံး လွတ်မြောက်တော့မယ့် အောက်ပွဲအတွက် တိုင်းရင်းသားတော်လှန်ရေးအင်အားစု ၄ ဖွဲ့က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ နိုင်ငံရေး ဦးဆောင်မှု၊ အာရက္ခတပ်တော်ရဲ့ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်မှုတွေကြောင့် နပခကို ဒီဇင်ဘာ ၂၀ ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပြီး မကြာမီကာလမှာ ရက္ခိုင်တစ်ပြည်လုံး စစ်ကောင်စီတပ်တွေ ကင်းစင်ပပျောက်အောင် အာရက္ခတပ်တော်ရဲ့ ဆက်လက်တိုက်ပွဲဝင်မှုနဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတယ်လို့ ဆိုပါတယ်။

အဆိုပါ ဂုဏ်ပြုသဝဏ်လွှာကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ (PNLO)၊ ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) (NMSP-AD) နဲ့ မွန်ပြည် ဖက်ဒရယ်ကောင်စီ (MSFC) တို့က ဒီကနေ့ ဒီဇင်ဘာ ၂၅ ရက်မှာ ပေးပို့ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်အောက်မှ ပထမဦးဆုံးလွတ်မြောက်မယ့် ရက္ခိုင်ပြည်ရဲ့ အလားအလာကောင်းတွေနဲ့အတူ ရက္ခိုင်ပြည်လွတ်မြောက်ရေးမှာ ရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုး အသီးသီးရဲ့ လွတ်မြောက်ရေးတိုက်ပွဲတွေနဲ့ အပြန်အလှန်ဆက်စပ်ပြီး လူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်စွာနဲ့ ပူးပေါင်းဆောင်ရွက်နေတာကို အထူးပင်ဂုဏ်ယူကြောင်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ (AA-TNLA-MNDAA) ရဲ့ ၂၀၂၃ ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးကြေညာချက်မှာ မိမိတို့အားလုံးနဲ့ မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားတဲ့ ဘုံရည်မှန်းချက်တွေ ပြည့်ဝစေဖို့၊ လက်ရှိ အခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်နိုင်ဖို့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဖော်ပြခဲ့ကြောင်း၊ အဆိုပါ ဖော်ပြချက်နဲ့အညီ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းတွေနဲ့အတူ လူထုတော်လှန်ရေး အောင်ပွဲ အဆင့်ဆင့်ကို ရရှိခဲ့ပြီး စစ်အုပ်စုရဲ့ ရှုံးနှိမ့်ကို ပီပီပြင်ပြင် တွေ့မြင်ရတယ်လို့ဆိုပါတယ်။

မိမိတို့အနေနဲ့လည်း တစိတ်တပိုင်း လွတ်မြောက်ရုံနဲ့ အားလုံး မလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမယ်၊ အခုအောင်ပွဲဟာ ရက္ခိုင်ပြည်သူတို့ရဲ့ အောင်ပွဲဖြစ်သလို တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အောင်ပွဲလည်း ဖြစ်တယ်လို့ ခံယူထားတာနဲ့အညီ သူ့အရေး ကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းတိုက်ပွဲဝင်နေတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအားလုံး လိုလားသော စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်မှာ ညီနောင်မဟာမိတ် ၃ ဖွဲ့အပါအဝင် ညီနော်တော်လှန်ရေးအင်အားစုတွေနဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ အာရက္ခတပ်တော်ထံ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။

လက်ရှိမှာ အာရက္ခတပ်တော်ဟာ ရက္ခိုင် နဲ့ ချင်းပြည်အတွင်းရှိ မြို့နယ်ပေါင်း ၁၄ မြို့နယ်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေး ယန္တယားတွေ လည်ပတ်လျက်ရှိနေတယ်လို့ သိရပါတယ်။

Related posts

အာရက္ခတိုင်းမ်စ် သတင်းမှတ်စု (၇)

Rakhita Times

ကျွန်းမျှောနဲ့ ပိန်းကောလှေ (မောင်သုည)

Rakhita Times

ထိုင်းက ၀ ကို မတိုက်နိုင်ဘူး(သက်ဆင်က နိုင်ငံရေးသမားလည်း ဖြစ်တော့ သူ့ပြည်တွင်းက ပြဿနာတွေအပေါ် အာရုံလွဲအောင် လုပ်တယ်လို့ထင်တယ်။ ဝ ကိုသူ မတိုက်နိုင်ပါဘူး။ တိုက်လည်း မတိုက်ရဲပါဘူး)

Rakhita Times

Leave a Comment