အာရက္ခတိုင်းမ်စ် (၂၄ ဒီဇင်ဘာ ၂၀၂၄)
ရက္ခိုင်ပြည် စစ်တွေမြို့မှာ မနက်ဖြန် (ဒီဇင်ဘာ ၂၅) ရက်မှာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က စစ်သင်တန်းဆင်းပွဲတစ်ခု ပြုလုပ်သွားမယ်လို့ ဒေသခံတွေထံက သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်က စတင်ကာ အခြေခံစစ်သင်တန်းကို ၁ လအကြာ ဖွင့်လှစ်ခဲ့ပြီး သင်တန်းဆင်းပွဲ ပြုလုပ်မှာပဲ ဖြစ်ပါတယ်။
ဒေသခံတစ်ဦးက “သူတို့ (ALP) မှာ မနက်ဖြန် စစ်သင်တန်းဆင်းပွဲ ရှိတယ်။ ၁၁ လပိုင်း ၂၅ ရက်နေ့က သင်တန်းဖွင့်တယ်။ မနက်ဖြန် ၂၅ ရက်နေ့ ၁ လပေါ့နော်၊ ၁ လသင်တန်း၊ အယောက်ကတော့ ၃၆ ယောက်လို့တော့ ပြောတယ်၊ ကျား/မ ပေါ့နော်၊ မြင်တာကတော့ မွတ်စလင်လည်း တွေ့တယ်၊ ရခိုင်ကတော့ များတာပေါ့နော်” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
အဆိုပါ စစ်သင်တန်းကို စစ်ကောင်စီတပ်က အနားယူထားတဲ့ တပ်ပင်စင်စားတွေက ALP ပါတီအတွင်း ဝင်ရောက်ထားပြီး ၎င်းတို့က သင်တန်းပေးတာလို့ ဆိုပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) က ပြုလုပ်မယ့် စစ်သင်တန်းဆင်းပွဲဟာ စစ်တွေမှာ ပထမဆုံးအကြိမ် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။
စစ်တွေမှာ ပြုလုပ်မယ့် ALP ရဲ့ အခြေခံစစ်သင်တန်းဆင်းပွဲနဲ့ ပတ်သက်လို့ အကြောင်းစုံ သိရှိနိုင်ဖို့ ALP ပါတီ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားတာကြောင့် အဆက်အသွယ် မရရှိသေးပါ။
၎င်းတို့ကို စစ်ကောင်စီက လက်နက်အထောက်အပံ့တွေ ပေးထားနိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူတို့က (ALP) က တကယ့်ကို သင်တန်းကျောင်းပုံစံမျိုး မနက်ဆို အပြေးလေးကျင့်၊ အနီးအနားက ရွာတွေကို ပတ်ပြေးတာတို့ တကယ့်ကို သင်တန်းပေးတဲ့ပုံစံမျိုးကို လုပ်တာ” လို့ အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ဟာ အပစ်ရပ် လက်မှတ်ရေးထိုးထားတဲ့ ရက္ခိုင်လက်နက်ကိုင် တပ်ဖွဲ့တစ်ခု ဖြစ်ပြီး စစ်တွေမြို့မှာ လှုပ်ရှားနေတယ်လို့ သိရပါတယ်။

1,153 comments