အာရက္ခတိုင်းမ်စ် (၂၃ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်သူလူထု သတင်းမှန်သိရှိပိုင်ခွင့် အပါအဝင် သတင်းမီဒီယာ လွတ်လပ်ခွင့်နဲ့ သတင်းမီဒီယာသမားတွေရဲ့ ရပိုင်ခွင့်တွေကို အကာအကွယ်ပေးဖို့၊ မီဒီယာနဲ့ ပတ်သက်တဲ့ အငြင်းပွားဖွယ်ရာတွေကို စိစစ်ညှိနှိုင်း ဖြေရှင်းပေးဖို့နဲ့ မီဒီယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်ဖို့အတွက် “အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီ” ကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဒီကနေ့ စက်တင်ဘာလ ၂၃ ရက်မှာ ဖွဲ့စည်းလိုက်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန် ကြေညာလိုက်ပါတယ်။
ဒီကောင်စီကို အာရက္ခသတင်းနဲ့ မီဒီယာဆိုင်ရာ ပြဋ္ဌာန်းချက် အပိုဒ်-၁၂ အရ ULA ရဲ့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ ၂၃ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၄၈/၂၀၂၆) နဲ့ တရားဝင် ဖွဲ့စည်းလိုက်တာ ဖြစ်ပါတယ်။ ကောင်စီမှာ ဥက္ကဋ္ဌ ၁ ဦး၊ ဒုတိယဥက္ကဋ္ဌ ၁ ဦး၊ အတွင်းရေးမှူး ၃ ဦးနဲ့ ဘဏ္ဍာရေးမှူး၊ စာရင်းစစ် အပါအဝင် အဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၁၅ ဦး ပါဝင်ပါတယ်။
ထုတ်ပြန်ချက်အရ အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီရဲ့ ဥက္ကဋ္ဌအဖြစ် ဦးအောင်မင်းဦး၊ ဒုတိယဥက္ကဋ္ဌ ဦးသိန်းထွန်းဇံ၊ အတွင်းရေးမှူး (၁) ဦးနောင်ခိုင်အောင်၊ အတွင်းရေးမှူး (၂) ဦးအောင်ထွန်းစိန်၊ အတွင်းရေးမှူး (၃) ဦးစံရွှေထွန်းနဲ့ ဦးခိုင်မြတ်ကျော် အပါအဝင် ဝါရင့်သတင်းစာဆရာများ ပါဝင်ကြပါတယ်။
အဆိုပါ ကောင်စီမှာ သတင်းစာဆရာ အများစု ပါဝင်သလို စာပေ၊ ဂီတ၊ လူငယ်၊ အမျိုးသမီးနဲ့ ဥပဒေရေးရာ စတဲ့ နယ်ပယ်မှ ကိုယ်စားလှယ်များ ပါဝင်ပြီး သတင်းမီဒီယာကဏ္ဍမှ ၈ ဦး၊ စာပေကဏ္ဍမှ ၂ ဦး၊ လူငယ်ရေးရာမှ ၁ ဦး၊ အမျိုးသမီးရေးရာမှ ၁ ဦး၊ ဥပဒေရေးရာမှ ၁ ဦး၊ ဘဏ္ဍာရေးဆိုင်ရာမှ ၁ ဦးနဲ့ စာရင်းအင်းဆိုင်ရာမှ ၁ ဦး တို့ ဖြစ်ကြပါတယ်။
အသစ်ဖွဲ့စည်းလိုက်တဲ့ အာရက္ခပြည်သူ့သတင်းမီဒီယာကောင်စီဟာ လာမယ့်အပတ်ကစပြီး ကောင်စီရဲ့ လုပ်ငန်းတာဝန်တွေကို စတင် အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
