အာရက္ခတိုင်းမ်စ် (၂၄ စက်တင်ဘာ ၂၀၂၆)
“ငယ်သူမို့မမှားစေချင်” စာအုပ်ဟာ ကျောင်းသားနဲ့ မိဘတွေအတွက် ရည်ရွယ်ထုတ်ဝေတာ ဖြစ်တယ်လို့ စာရေးဆရာ စိုးလင်းထက် (ဘူမိ) က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
စာရေးဆရာ စိုးလင်းထက် (ဘူမိ) ဟာ သုတ၊ ရသ စာပေများ ရေးသားသူဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလမှစပြီး စစ်ဘေး တိမ်းရှောင်နေရတာကြောင့် ၂ နှစ်နီးပါး စာရေးသားခြင်းကို ရပ်နားထားခဲ့ရတယ်လို့ သိရပါတယ်။
“ဒီနှစ်မှာတော့ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ အာရက္ခတိုင်းမ်စ်ကို ပို့ဖြစ်ရင်း လက်ရှိကာလမှာ ပညာသင်ယူနေတဲ့ ကျောင်းသားလူငယ်တွေကို ကြည့်ပြီး ပေးချင်တဲ့ မက်ဆေ့တချို့ကို လူငယ်တွေနဲ့ မိဘတွေဆီ ရောက်အောင်ဆိုပြီး ခုလို စာအုပ်ကလေး စီစဥ်ဖြစ်တာပါ။ တိုင်းပြည်တစ်ပြည်ရဲ့ အနာဂတ်ဟာလူငယ်တွေရဲ့ လက်ထဲမှာ ရှိပါတယ်။ လူငယ်တွေ စာဖတ်ဖို့ လိုပါတယ်။ ကိုယ်ကျင့်တရား ကောင်းမွန်ဖို့၊ ကိုယ်ချင်းစာတရား ရှိဖို့ အင်မတန် အရေးကြီးပါတယ်။ ဒါကြောင့် လူငယ်တွေနဲ့ သက်ဆိုင်တဲ့ ပညာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတချို့နဲ့ လူငယ်တွေကို ပေးချင်တဲ့ သတင်းစကားတချို့ကို ဒီစာအုပ်မှာအဓိကထား ရေးသားထားတာပါ။ နောက်ပြီး မိဘတွေကိုလည်း သိစေချင်လို့ပါ” လို့ သူက အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
ဒါ့အပြင် အာရက္ခပညာရေးကဏ္ဍမှာလည်း စေတနာ့ဝန်ထမ်း ဆရာတစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေခဲ့တာ လက်ရှိအချိန်ထိ ၃ နှစ်ရှိပြီ ဖြစ်တယ်လို့ စာရေးဆရာ စိုးလင်းထက် (ဘူမိ) က ဆိုပါတယ်။
“ငယ်သူမို့မမှားစေချင်” စာအုပ် ထုတ်ဝေရာတွင် ကုန်ကျစရိတ်နဲ့ ဖြန့်ချိရေးအပိုင်းမှာ အခက်အခဲရှိတာကြောင့် ပညာရေးဆောင်းပါး ၃ ပုဒ်၊ လူမှုဂေဟစနစ်ပျက်စီးလာခြင်းကို ထောက်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်နဲ့ ပညာသင်ကြားနေတဲ့အရွယ်မှာ မိုက်ရူးရဲဆန်ပြီး လုပ်တတ်တဲ့ အလေ့အထလေးတွေကို သတိပေးထားတဲ့ ဆောင်းပါးတစ်ပုဒ် အပါအဝင် စုစုပေါင်း ၅ ပုဒ်ကိုသာ ထည့်သွင်း ရေးသားထားတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ စာရေးဆရာ စိုးလင်းထက် (ဘူမိ) ရေးသားတဲ့ စာအုပ်ကို ရက္ခိုင်ပြည်က လွတ်မြေက်နယ်မြေမှာ ဝယ်ယူဖတ်ရှုနိုင်တယ်လို့လည်း သိရပါတယ်။
