အာရက္ခတိုင်းမ်စ် (၂၃ စက်တင်ဘာ ၂၀၂၆)
ရက္ခိုင်ပြည်တွင် လွန်ခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကနေ စက်တင်ဘာလ ၂၂ ရက်အထိ ၃ လနီးပါး ကာလအတွင်း စစ်ကောင်စီကြောင့် အမျိုးသမီး ၃၀ ဦး သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က စက်တင်ဘာလ ၂၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
AAPP ရဲ့ ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁ ရက်ကနေ စက်တင်ဘာလ ၂၂ ရက်အထိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ကောင်စီကြောင့် အမျိုးသမီး စုစုပေါင်း ၈၉ ဦး သေဆုံးခဲ့တာကို နာမည်နဲ့တကွ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီအထဲမှာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ် ၁၂ ဦး ပါဝင်ပြီး ရက္ခိုင်ပြည်မှာ အမျိုးသမီး ၃၀ ဦးအထိ သေဆုံးခဲ့တာကြောင့် သေဆုံးမှု အများဆုံးဒေသ ဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် အဆိုပါ ကာလအတွင်း အတည်ပြုဖို့ လိုအပ်နေသေးတဲ့ အမျိုးသမီး ၄၃ ဦးရဲ့ စာရင်းကိုလည်း သီးခြား ကောက်ယူထားပြီး အတည်ပြုနိုင်ဖို့ ဆက်လက် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။ အမျိုးသမီးတွေ သေဆုံးရတဲ့ အဓိက အကြောင်းအရင်းမှာ စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖြစ်ပြီး အမျိုးသမီး ၇၆ ဦးအထိ လေကြောင်းကနေ ဗုံးကြဲခံရလို့ သေဆုံးခဲ့ရတာပါ။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က မတရား အာဏာသိမ်းချိန်ကစလို့ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်အထိ နွေဦးတော်လှန်ရေး ကာလအတွင်း စစ်ကောင်စီနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ အပြစ်မဲ့ ပြည်သူ စုစုပေါင်း ၈,၄၁၈ ဦး အထိ ရှိလာပြီလို့လည်း ဖော်ပြထားပါတယ်။
စစ်အာဏာသိမ်းမှုနဲ့ ဆက်စပ်ပြီး စစ်ကောင်စီရဲ့ ဖမ်းဆီးခြင်းခံခဲ့ရသူ စုစုပေါင်း ၃၁,၉၅၉ ဦး ရှိခဲ့ရာမှာ လက်ရှိ ထိန်းသိမ်းခံထားရဆဲလို့ အတည်ပြုနိုင်သူ ၁၄,၈၄၂ ဦးနဲ့ စာရင်း အတည်ပြုဖို့ လိုအပ်နေသူ ၇,၈၆၉ ဦး ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။
ခု ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေဟာ AAPP အနေနဲ့ လက်လှမ်းမီသမျှ ကောက်ယူ ရရှိထားတဲ့ စာရင်းတွေသာ ဖြစ်ပြီး မြေပြင်မှာ ဖြစ်ပွားနေတဲ့ ဖြစ်စဉ်တွေနဲ့ ထိခိုက်သေဆုံးမှု အရေအတွက်ဟာ ဒီထက်မက ပိုမို များပြားနိုင်တယ်လို့ သိရပါတယ်။ အချက်အလက်တွေကို ထပ်မံ ကောက်ယူ ရရှိပြီး အတည်ပြုနိုင်ရင် ဆက်လက် ထည့်သွင်း ဖော်ပြသွားမယ်လို့လည်း AAPP က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – AAPP ထုတ်ပြန်ချက်အရ ရက္ခိုင်မှာ ၃ လအတွင်း အမျိုးသမီး ၃၀ သေဆုံးမှု (မှတ်တမ်းပုံ – စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ခဲ့ရသူများ)
