အာရက္ခတိုင်းမ်စ် (၅ မတ် ၂၀၂၅)
အာရက္ခတပ်တော်က စစ်ကောင်စီရဲ့ ရက္ခိုင်ပြည်က ရေတပ်ဌာနချုပ်ဖြစ်တဲ့ ဓညဝတီရေတပ်စခန်းကို တိုက်ခိုက်သိမ်းနိုင်တာနဲ့ ကျောက်ဖြူမြို့နယ်ကို သိမ်းပိုက်နိုင်ပြီဖြစ်တယ်လို့ စစ်ရေးနဲ့ နိုင်ငံရေး လေ့လာတဲ့သူတွေက ထောက်ပြကြပါတယ်။
လက်ရှိမှာ အာရက္ခတပ်တော်က ရက္ခိုင်တပြည်လုံးကို သိမ်းပိုက်နိုင်ဖို့အတွက် ကျန်နေတဲ့ ကျောက်ဖြူနဲ့ စစ်တွေမြို့ကို ထိုးစစ်ဆင်နေပြီဖြစ်ပေမယ့် စစ်တွေမြို့ကိုတော့ မဖြစ်မနေ သိမ်းပိုက်မယ်လို့လည်း သုံးသပ်ကြပါတယ်။
ဒါပေမယ့် တရုတ်ရဲ့ ရေနံပိုက်လိုင်းတွေ၊ ရေနက်ဆိပ်ကမ်းတွေ၊ ရထားလမ်းစီမံကိန်းတွေကို မထိခိုက်ဖို့အတွက် ဓညဝတီရေတပ်ဌာနချုပ်ကို တိုက်ခိုက်တာ ဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ကျနော့်အမြင်ကတော့ စစ်တွေကတော့ သူ မုချ သိမ်းပါလိမ့်မယ်။ နောက် ကျောက်ဖြူကလည်း တကယ်တော့ ကျောက်ဖြူကို တိုက်တယ်ဆိုပေမယ့် ကျောက်ဖြူကို တိုက်နေတာ မဟုတ်ပါဘူး။ သဘောပေါက်သလောက်ကတော့ ဓညဝတီရေတပ်စခန်းကို သိမ်းပိုက်ဖို့ ကြိုးစားနေတာပါ။ ဒါပေမယ့် ဓညဝတီရေတပ်စခန်း ကျပြီဆိုရင်တော့ ကျောက်ဖြူကလည်း အလိုလို ရမှာပဲ။ ပြောချင်တဲ့အဓိပ္ပါယ်ကတော့ တရုတ်ရဲ့ အကျိုးစီးပွားတွေ၊ ရင်းနှီးမြှုပ်နှံမှုတွေ ဘာမှ ထိခိုက်စရာ မလိုဘူး။ ထိခိုက်အောင်လည်း လုပ်မှာ မဟုတ်ဘူးလို့ ကျနော် ယုံကြည်ပါတယ်” လို့ ပြောပါတယ်။
ကျောက်ဖြူကို အာရက္ခတပ်တော်က ထိုးစစ်ဆင်ရာမှာ စစ်ကောင်စီရဲ့ လေတပ်၊ ရေတပ်ကြောင့် စိန်ခေါ်မှုတွေ၊ ထိခိုက်မှုတွေ များမှာကိုလည်း စိုးရိမ်နေကြပါတယ်။
ဒါပေမယ့် အာရက္ခတပ်တော်က စစ်ကောင်စီရဲ့ အဓိကခံတပ်တွေ၊ ဗျူဟာကုန်းတွေသာမက အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိတဲ့ အမ်းမြို့ကိုတောင် သိမ်းပိုက်နိုင်ခဲ့တာကြောင့် ကျောက်ဖြူမှာ ကြုံရမယ့် စိန်ခေါ်မှုအတွက်ကိုလည်း အာရက္ခတပ်တော်က ပြင်ဆင်ထားမှာ ဖြစ်တယ်လို့ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အထွေထွေအတွင်းရေးမှူး ဦးမျိုးကျော်က အာရက္ခတိုင်းမ်စ်ကို ပြောပါတယ်။
“ ဒီဘက်ခေတ်မှာကတော့ တစ်ခုရှိတာပေါ့ဗျာ။ ရေတပ်ရှိလို့၊ လေတပ်ရှိလို့ လေယာဉ်နဲ့ ဗုံးလာကြဲတယ်ဆိုတဲ့ဟာမျိုးတွေရှိသလို အခုကတော့ PDF တွေတောင်မှ လေပေါ်ကနေ ဒရုန်းတွေနဲ့ လုပ်လို့ရတဲ့အနေအထားဆိုတော့ AA တပ်တော် အနေနဲ့လည်း သူတို့ရဲ့ အဓိက ခံတပ်ကြီးတွေ၊ ဗျူဟာကုန်းတွေကအစ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် ဒီဟာကိုလည်း သူတို့ အဲဒီအတွက်လည်း ရင်ဆိုင်မှု ရှိပါလိမ့်မယ်” လို့ ပြောပါတယ်။
အာရက္ခတပ်တော်ရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တဲ့ ရက္ခိုင်ပြည်မှာ စစ်ကောင်စီတပ် အလုံးစုံကင်းမဲ့ရေးကို လက်ရှိမှာ အပြီးတိုင် အကောင်အထည် ဖော်နေပြီဖြစ်သလို ရက္ခိုင်အပါအဝင် တိုင်းဒေသကြီး ၄ ခုမှာလည်း ထိုးစစ်ဆင်နေလျက် ရှိပါတယ်။
အာရက္ခတပ်တော်က ရက္ခိုင်သာမက မြန်မာတပြည်လုံးမှာ စစ်ကောင်စီ ဖြုတ်ချရေးအတွက် တော်လှန်ရေးအင်အားစုတွေ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်နေတာကို တွေ့ရပါတယ်။
